စဉ်းစားဖွယ်ရာအဖြာဖြာ
ဤတရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည်တရားမေ့အောင် မိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုအားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးပေပြီ။ နာခဲ့ရသော တရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏အဖြေ တရားအကျဉ်းမျှသာ ဖြစ်၏။ ရှင်မောဂ္ဂလာန် မေးချိန်နှင့် ထိုတရားနာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။ သို့ပါလျက် ဥယျာဉ်ပွဲ၏ မိုင်းတိုက်မူကြောင့် စဉ်းစား၍ မရနိုင်အောင်ပင် မေ့ရလေသည်။
၁။
ဤ၀တ္ထုကိုထောက်ထား၍ မိမိတို့အတွက် လေးလေးနက်နက် စဉ်းစားသင့်၏။ မိမိကိုယ်ကို “သူတော်ကောင်းဟုတ်ပါသည်”ဟု
ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောက်ဘ၀အတွက် ဂတိကောင်းဖို့ များပါ၏။
သို့သော် ထိုရောက်ရမည့် ဂတိကား လူနှင့်နတ် ဘ၀သာဖြစ်ပါသည်။ ဈာန်မရ၍
ဗြဟ္မာမဖြစ်နိုင်။ ရဟန္တာမဟုတ်သေး၍ နိဗ္ဗာန်မရနိုင်ပါ။ အထက်နတ်ဖြစ်ခဲ့သော်
သိကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက်သိပြီးတရား
ကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိပ်ရပါလော။
၃။
တစ်ဖန် နောက်တစ်ချိန်ရောက်မည့် လူ့ဘ၀ကို တွေးလျှင်လည်း စိတ်အေးဖွယ် မရှိလှပါ။
ရှင်းပါဦးမည်။ သူတော်ကောင်းအနေဖြင့် လူ့ဘ၀၏တန်ဖိုးကို စဉ်းစားလျှင် (၁)
ဘုရားသာသနာနှင့် ကြုံတွေ့ရခြင်း၊ (၂) အားလုံးမဟုတ်စေကာမူ လူအများစုက
လူကောင်းသူကောင်းများ ဖြစ်ကြခြင်း၊ (၃) ဆရာမိဘတို့က သူတော်ကောင်းများ ဖြစ်ကြခြင်း။
(၄) အလွန် မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသောအမျိုး၌ ဖြစ်ရခြင်း။ ဤအကြောင်းများ
စုံညီမှ လူ့ဘ၀ ရကျိုးနပ်လိမ့်မည်။
၎။
ဘုရားသာသနာတော်အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ်ကောင်းကို
အတော်ရှာမှ ရနိုင်သော အချိန်ဖြစ်နေပြီ။ လောကီအာရုံတွေကလည်း သောင်းကျန်း၊
ဂုဏ်ပကာသနနှင့် လာဘ်လာဘလိုက်စားသူလည်းများ၊ လူဒကာ လူဒကာမတို့လည်း သီလ သမာဓိ
ပညာရှိထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ၊ မိမိတို့ဆရာ ဂုဏ်ရှိသော်လည်း ဟိုကပ်
သည်ကပ်နှင့် ကပ်ကြ၊ လူအချင်းချင်း ဂုဏ်သတင်းလွှင့်ကြနှင့် သာသနာ့ဝန်ထမ်းများအတွက်
ခေါင်က မိုးယိုနေလေပြီ။
၅။
သာသနာကို ယခုကိုးကွယ်နေကြသော (သာသနာ့ ဒါယကာဆိုသူတို့၏) သားသမီးများကို
သာသနာ ၀န်ထမ်းရဟန်းတော်များက သင်ပြပေးမူသည် တစ်စ တစ်စ လက်လွတ်၍ လာခဲ့ရာ ယခုအခါမှာ
တချို့ ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ။ ကျောင်းသားမရှိလျှင်
ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေမရှိလျှင် ရှင်သာမဏေဘ၀၌ စာသင်၍ စာတတ်သော
ရဟန်းလည်းမရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက်
ရဟန်းကြီးတွေသာ ကျောင်းကြီးကန်ကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြပေလိမ့်မည်။
၆။ တစ်ဖန်
- သာသနာကို ပစ္စည်း ၄-ပါးဖြင့် ထောက်ပံ့ရသော ဒကာ ဒကာမများဘက်ကို ဆက်လက်
စဉ်းစားပြန်လျှင် ယခုအခါ ကလေးတွေ သင်ယူနေကြသော ပညာသည် လောကီအတွက် တစ်ဘ၀မျှ
အကျိုးပေးနိုင်သော ခေတ်မီပညာကား ဟုတ်လောက်စရာ ရှိပါ၏။ သို့သော် ထိုပညာ၌ မဂ် ဖိုလ်
နိဗ္ဗာန် ယုံကြည်ဖို့ ဉာဏ်ကို မဆိုထားဘိ ကံနှင့် ကံ၏ အကျိုးကိုမျှ နားလည်စေနိုင်သော
ပညာပင် ပါရှိ၏လော။ ထိုသို့ မပါလျှင် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာ ယုံကြည်ကြဦးမှာလား။
နတ်ပြည် ဗြဟ္မာ့ပြည်ကို မယုံလျှင် ငရဲပြိတ္တာကို ယုံဦးမည်လော။ ထိုသို့ မယုံသူသည်
ရဟန်း သံဃာတို့အား ပစ္စည်း ၄-ပါး မဆိုထားဘိ ၀မ်းဝရုံမျှ ဆွမ်းပေးဖို့
သတိရပါဦးမည်လော။
၇။ ထို့ပြင်
- ယခု ပညာသင်နေသော ကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘအမွေအနှစ်ကို
များများစားစားရကြတော့မည်မဟုတ်။ သူတို့၏ ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့
မနိုင့်တနိုင် ကြိုးစားနေကြရလေပြီ။ လူတို့အသုံးအဆောင် အလှအပ ပကာသနတွေကလည်း
တစ်စထက်တစ်စ တိုး၍ တိုး၍ လာတော့သည်။ ယခု ကလေးများ ကျောင်းမှထွက်၍ အသက်မွေးသောအခါ
သူတို့ ပညာသည် သူတို့၏ အိမ်သူအိမ်သားများပါ ၀မ်းဝ၍ ခါးလှရုံကိုပင် အင်မတန်
ကြိုးစားနိုင်မှ (သို့မဟုတ် - မတရားရှာနိုင်မှ) တော်ရုံကျပေလိမ့်မည်။ ထိုမျှလောက်
အသက်မွေး ခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင် သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။
၈။
တစ်နည်း စဉ်းစားပြန်လျှင် သာသနာ့ဝန်ထမ်း ရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေး
အ၀ါးဝ၍ လောကီအသက်မွေးဝမ်းကျောင်း အခြေခံရအောင် သင်ပြဖို့ တာဝန်ရှိနေသည်။ အရာရာ
ပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်း လုံလုံလောက်လောက် ရှိ၏။ သို့သော်
ယနေ့တိုင်အောင် (အချို့ ကျောင်းများမှတစ်ပါး အများအပြားက)
မစဉ်းစားကြသေးချေ။ ထိုသို့ မစဉ်းစားရုံသာမက အသွားအလာ အနေအထိုင်မှစ၍ ခေတ်လူတို့၏
စိတ်ကို ဆွဲငင်နိုင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာတတ် သူတို့၏ အထင်သေး
အမြင်သေးကိုသာ အများစုက ခံနေရလေသည်။ သို့ဖြစ်လျှင် သာသနာတော်ကို အားပေးလိုကြလိမ့်မည်လော။
ဤအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဖို့ အရေးသာလျှင် နီးသည်ထက်နီးလာသည်ကို
တွေ့ရပါသည်။
၉။
နောက်လာမည့်ဘ၀၌ လူအများစုက လူကောင်းသူကောင်းဖြစ်ဖို့လည်း မလွယ်ကူတော့ချေ။
ထင်ရှားစေအံ့ - လူကောင်းသူကောင်းခေတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ - ဤတရား ၃-ပါးထွန်းကားသောခေတ်တည်း။
ယခုမျက်မြင်မှာကား တစ်ယောက်အပေါ် တစ်ယောက်က ကောင်းကျိုးလိုလားသော မေတ္တာအစစ်
နည်းပါးလှလေပြီ။ မေတ္တာမရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသော ကရုဏာနှင့်
ချမ်းသာသူကိုမြင်၍ ၀မ်သာသော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခု ဖြစ်နေသည်မှာ
တစ်ယောက်ကောင်းစားသည်ကို အခြားတစ်ယောက်က မနာလိုသော ဣဿာ၊ မိမိကဲ့သို့
ကြီးပွားမည်ကို စိုးသော မစ္ဆရိယ၊ အထက်တန်း ရောက်နေသောသူက စိတ်ကြီးဝင်သော အထက်တန်း
မာန၊ အောက်ကျသော သူကလည်း “ဘာ အရေးစိုက်ရမှာတုန်း”ဟူသော အောက်တန်းမာနတွေ
ဝေဆာလျက်ရှိလေသည်။
၁၀။
ထို့ပြင် လိုချင်ဖွယ်အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေလည်း တစ်နေ့တခြား တိုးပွားလာရကား (မီးသည်
လောင်စာရှိသလောက် လိုက်၍လောင်သလို) ယခု လူတို့သန္တာန်၌ လောဘကလည်း
အာရုံများသလောက် ကြီးမား၍လာလေသည်။ လောဘအလိုကို မဖြည့်နိုင်သောအခါ သတ်မူ ဖြတ်မူ
တိုက်ခိုက်မူ စစ်ဖြစ်မူတိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲနှင့် တကဲကဲဖြစ်၍
နေလေတော့၏။ ဤသို့ အကောင်းတရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်းသူကောင်း
ရှားပါးနေရကား နောက်ကာလ၀ယ် အဘယ်မှာ ယခုထက်ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။
၁၁။
ထိုသို့ လူကောင်းသူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်း
ရနိုင်တော့မည် မဟုတ်ပါ။ ထိုသို့ အားကိုးစရာ မိဘကောင်း ဆရာကောင်းမရှိဘဲ မတရား
လူများ၏ အလယ်မှာ မိမိတစ်ယောက်တည်း လူကောင်းကလေးဖြစ်ဖို့လည်း မလွယ်ကူပါ။
ထို့ကြောင့် နတ်ပြည်မှာ မိုင်းတိုက်မည့် အာရုံများ၌ သွားဖို့ခက်သလို
လူ့ပြည်မှာလည်း အကုသိုလ် ထွန်းကားတော့မည့် အတွက် လူပြန်ဖြစ်ဖို့ ခက်လှပါတော့သည်။
၁၂။
ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတစ်ခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု)
ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ်ကိစ္စဖြင့်သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌
အကြောင်းအားလျော်စွာ စောစောရောက်နေ၏။ မီးရထားတွဲထိုးမည့် နေရာဘက်ကို ကျောပေးလျက်
လိုက်ပို့သော ဘုန်းတော်ကြီးတစ်ပါးနှင့်အတူ စကားပြောနေစဉ် ရထားတွဲထိုးသဖြင့်
လူအများ လူပ်ရှားသံကြား၍ စကားဖြတ်ပြီး လှည့်ကြည့်လိုက်ရာ နေ့စဉ် ထုံးစံအတိုင်း
အလုအယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။
၁၃။
ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံး ရထားစီးရမည့် အချိန်မှာ ၂-ရက် နီးနီးနှင့်
တစ်ညသာဖြစ်၏။ ထိုမျှအချိန်အတွင်း၌ နေရာကောင်းမရလျှင် ဆင်းရဲမည်စိုး၍ အလုအယက်နေရာ
ယူကြသည်။ တချို့လည်း ငွေပိုပေး၍ သီးခြားနေရာရအောင်ကြိုးစားရသည်။ ထိုမျှမက
ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်။ မတော်လို့များ နေရာကောင်း
မရပြန်လျှင် အလွန်ပင် စိတ်မကောင်းဖြစ်၏။ မိမိနေရာ အနီးကလူကို ကြည့်၍
ရိုးသားပုံမရလျှင် တစ်လမ်းလုံး စိတ်မချကြ။
၁၄။
ဤ ၂-ရက် တစ်ညအချိန်အတွင်း ဆင်းရဲမည့်အရေးကို တွေးကာ ဤမျှလောက် နေရာကောင်း
ကြိုးစားသူတို့သည် နောက်ဘ၀ ဟိုနောက်နောက်ဘ၀တို့အတွက် နိဗ္ဗာန်အထိ နေရာကောင်း၊
အဖော်ကောင်းရအောင် အဘယ်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း။ မတော်တဆ
ခြေချော်လက်ချော်ဆိုသလို အပါယ် ၄-ပါး ရောက်သွားရလျှင် တစ်ဘ၀လုံး ဆင်းရဲရုံသာမက
အဆက်ဆက် အကုသိုလ် တိုးပွား၍ အဆက်ဆက် နေရာကောင်း မရဘဲ ရှိနိုင်သည်။
လူ့ဘ၀ရောက်သော်လည်း လူနုံ လူမွဲ လူဆင်းရဲဖြစ်၍ တစ်ဘ၀လုံး အောက်ကျ နောက်ကျ
ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဖို့ ခရီးတိုကလေးအတွက် ကြိုးစားသလောက်မျှ
နောက်ဘ၀၌ နေရာကောင်းရအောင် မကြိုးစားဘဲ နေကြခြင်းကား ထိုင်းမိုင်းတွေဝေ အရှည်ကို
မြော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်း ညံ့လွန်းကြလေစွတကား၊ ဤသို့ စဉ်းစားကာ
ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြမိခဲ့ပါသည်။
၁၅။
ပြခဲ့သော စဉ်းစားဖွယ်တို့ကို ဤစာဖတ်ရူသူများလည်း လေးလေးနက်နက် စဉ်းစား၍ လက်လှမ်းမီ
တရားထူးကို ရအောင်သော်လည်း ကြိုးစားသင့်ကြ၏။ ရှေးဘ၀က အထုံဝါသနာ ပါခဲ့သည့်အတိုင်း
အထက်တန်း ပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ်နည်းအောင် သတိထား၍ ဒါန
သီလ စသော ပါရမီများကို အနှစ်အမြုတေ တည်လျက် မပျက်နိုင်အောင် အလွန် ကြိုးစားသင့်၏။
ထိုသို့ ကြိုးစားလျှင်ကား နတ်ပြည်၌လည်း နတ်သူတော်ကောင်း၊ လူ့ပြည်၌လည်း ထူးခြားသော
လူသူတော်ကောင်းများဖြစ်၍ (ရှေးအလောင်းတော်တို့ သာသနာပ၌ပင် ပါရမီများစွာ
ဖြည့်ကျင့်တော်မူကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီဖြည့်ကျင့်
နိုင်ကြပါလိမ့်သတည်း။