ဗြဟ္မာ့စည်းစိမ်
ဗြဟ္မာ့ပြည်ရောက်ရန် ဈာန်ကို
အားထုတ်စဉ်ကပင် လောကီအာရုံ ကာမဂုဏ်နှင့် လူသူထူထပ်သော မြို့ ရွာ၊ အိမ်
ကျောင်းတို့ကို ရှောင်းရှား၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်အားထုတ်ရသောကြောင့်
ထိုဈာန်ကုသိုလ်တရားတို့အတွက် ဗြဟ္မာ့ပြည်၌ ဖြစ်ရသော ဗြဟ္မာတို့လည်း လွန်စွာ
ငြိမ်သက်ကြပေသည်။ သားသမီး ဇနီး မောင်နှံဟူ၍ မရှိကြ။ အားလုံး ဗြဟ္မာတို့မှာ
ယောက်ျားသဏ္ဌာန်ရှိသော်လည်း ယောက်ျားအင်္ဂါနှင့် မိန်းမအင်္ဂါ မပါကြတော့ချေ။ သို့အတွက်
ကာမဂုဏ်ချမ်းသာကို ခံစားခြင်း မရှိကြ။ ဈာန်ကို အားထုတ်စဉ် (လူ့ဘ၀)
တုန်းကပင် ကာမဂုဏ်အပြစ်ကို နှစ်နှစ်ကာကာ မြင်ခဲ့ပြီး ဖြစ်သောကြောင့်
ကာမစိတ်ဓာတ်များလည်း လုံးဝမဖြစ်အောင် ငြိမ်ဝပ်လျက် ရှိကြလေသည်။
အသညသတ်ဗြဟ္မာ
လူပြည့်တုန်းက ထုံစံအတိုင်း
ဈာန်ရပြီသောအခါ တချို့က “စိတ်ဝိညာဉ်နှင့်အမှတ် သညာရှိ၍သာ မြင်ချင်၊ ကြားချင်၊
နံချင်၊ စာချင်၊ တွေ့ချင်၊ ထိချင်၊ သိချင်သော သဘောများဖြစ်နေရသည်။
စိတ်နှင့်သညာသာမရှိလျှင် အင်မတန် အေးမြပေလိမ့်မည်” ဟု စိတ်နှင့် သညာအပေါ်
အတော်များစွာ အပြစ်မြင်နေ၏။ ထိုသို့ အပြစ်မြင်သည့် အတိုင်းပင် “စိတ်သည်
စက်ဆုပ်ဖွယ်၊ စိတ်သည်စက်ဆုပ်ဖွယ်”ဟု ကြပ်ကြပ် အပြစ်ရူမိသောအခါ “သညာဝိရာဂ -
ဘာဝနာ” ခေါ် စိတ်သညာနှင့် နာမ်အားလုံးကို ရွံမုန်းသော ကမ္မဋ္ဌာန်းတစ်မျိုး
ပေါ်လေသည်။ ထိုပုဂ္ဂိုလ် စုတေလျှင် အသညသတ်ဗြဟ္မာ့ဘုံ၌ ဖြစ်၍ ကမ္ဘာ ၅၀၀-ခန့် ဘာကိုမျှ
မသိတော့၊ ရွှေရုပ်ကြီးကဲ့သို့ တချို့က မတ်မတ်ရပ်၊ တချို့က ထိုင်၊ တချို့က အိပ်လျက်
နေလေသည်။
အရူပဗြဟ္မာ
ဤဗြဟ္မာလောင်းတို့ကမူ ဈာန်ရိုးရိုး
ရပြီးနောက် “ရုပ်ခန္ဓာ ကြီးရှိနေ၍သာ အရာရာ အပြစ်များရ ဆင်းရဲဒုက္ခ များရလေသည်။
စိတ်ဝိညာဉ် နာမ်တရားချည်းသာရှိနေပါမူ လွန်စွာချမ်းမြေ့ပေလိမ့်မည်”ဟု ရုပ်ကို
အပြစ်ရူကာ ဘာဝနာပွားများသောအခါ “ရူပ၀ိရာဂ - ဘာဝနာ” ခေါ်သော ရုပ်ခန္ဓာကို ရွံမုန်းသော
ကမ္မဋ္ဌာန်းတစ်မျိုးပေါက်လေသည်။ ထိုပုဂ္ဂိုလ်စုတေလျှင် အရူပဘုံဟုခေါ်သော
ကောင်းကင်ပြင်ဝယ် ကမ္ဘာပေါင်းများစွာ ရုပ်ခန္ဓာမပါဘဲ စိတ်ဝိညာဉ်ချည်းသာ
တည်ရှိလေတော့၏။ ဤစိတ်ဝိညာဉ်အစဉ်ကိုပင် အရူပဗြဟ္မာဟု ခေါ်ဝေါ်ရလေသည်။ (ဘာသာခြားတို့ကမူ
ဤဗြဟ္မာ ၂-မျိုးကို ယုံကြည်ဖို့ ခဲယဉ်းပေလိမ့်မည်။)
ဗြဟ္မာ့ပြည် တ၀င်းဝင်း၊
ဝက်စာကျင်း တရူတ်ရူတ်
ဗြဟ္မာ့ပြည်၌ ဖြစ်ရသူတို့သည်
အရိယာအဖြစ်သို့ ရောက်လျှင် (မဂ်ဖိုလ်ရလျှင်) ထိုဗြဟ္မာ့ဘုံမှ
အောက်ကာမဘုံသို့ ပြန်၍ ပဋိသန္ဓေ မနေရဘဲ အဆင့်ဆင့်ရင့်ကာ ရဟန္တာဖြစ်၍
နိဗ္ဗာန်စံကြလေတော့သည်။ အရိယာ မဖြစ်သေးလျှင်ကား သူတို့၏ ဈာန်အဟုန်ကုန်သောအခါ
လူ့ဘုံနတ်ဘုံဟူသော အောက်ကာမဘုံများ၌ တစ်ဖန်ပြန်၍ ပဋိသန္ဓေနေကြရပြန်သည်။ သို့ရာတွင်
ဈာန်မရမီက မိမိအားထုတ်ခဲ့သော ကုသိုလ်အဟုန်ကြောင့် ရုတ်တရက် အောက်တန်းမကျသေးဘဲ
ဒွိဟိတ် တိဟိတ် ပုဂ္ဂိုလ် (ဒွိဟိတ် လူနတ်၊ တိဟိတ် လူနတ်)များ ဖြစ်ပြီးလျှင်
ထိုလူနတ်အဖြစ်မှ တစ်ဆင့် ကံအကြောင်းမသင့်၍ လျှော့ကျရပြန်သောအခါ အပါယ် ၄-ပါး၌
ငရဲကောင် ပြိတ္တာကောင် တိရစ္ဆာန်ကောင်များလည်း ဖြစ်ခွင့်ရှိကြလေပြန်သည်။
ဆိုလိုရင်းကား ပုထုဇဉ် အဖြစ်မှ
တန်းမတက်ရသေးသူတို့သည် ဗြဟ္မာပင်ဖြစ်နေသော်လည်း နောက်တစ်ဖန် တိရစ္ဆာန်စသော
အပါယ်ဘုံသား ဖြစ်နိုင်ရကား “ဗြဟ္မာ့ပြည်မှာ တ၀င်းဝင်း” နေသော်လည်း
တစ်နေ့ကျလျှင် ၀က်တိရစ္ဆာန်လည်း ဖြစ်နိုင်၍ “၀က်စာကျင်းမှာ တရူတ်ရူတ်”
နေခွင့်ရှိသေးသည်။ ပုထုဇဉ်အဖြစ်ကား လွန်စွာ စက်ဆုပ် ကြောက်ရွံ့ဖွယ် ကောင်းလေစွ။
ဘုံဘ၀တို့၏ အထက်ဆုံးဖြစ်၍ “ဘ၀ဂ်”ဟုခေါ်သော ဗြဟ္မာဘုံသို့ တက်ရောက်နေသော်လည်း
တစ်နေ့ကျလျှင် ဒုဂ္ဂတိဘ၀သို့ ရောက်ရသေးသည်။ ယခုခေတ်၌ ဒုံးပျံခေါ်သော အရာဝတ္ထုကို
အထက်ကောင်းကင်သို့ တင်ပို့လိုက်သောအခါ အရှိန်ရှိသမျှ တက်သွား၍ ကောင်းကင်၌
လှည့်ပတ်ပြီးလျှင် အရှိန်ကုန်သောအခါ အောက်သို့ ပြန်၍ ကျရသကဲ့သို့ ထို့အတူ
ဈာန်အရှိန်ကုန်သောအခါ အောက်ဘုံသို့သာ ပြန်ကျရသည်-ဟူလို။ (ဘ၀ဂ္ဂ = ဘ၀ + အဂ္ဂ၊ “ဘဝ
= ဘုံဘ၀တို့တွင် + အဂ္ဂ = အထက်ဆုံးဘုံ” ဖြစ်သောကြောင့် “နေ၀သညာ နာသညာ ယတ”ဘုံကို
“ဘ၀ဂ်”ဟုခေါ်သည်။)
ဥက္ခိတ္တာ ပုညတေဇန၊ ကာရူပဂတိံ ဂတာ။
ဘ၀ဂ္ဂနံ္တပိ သမ္ပတ္တာ၊ ပုန အာယန္တိ ဒုဂ္ဂတိံ။
ဘ၀ဂ္ဂနံ္တပိ သမ္ပတ္တာ၊ ပုန အာယန္တိ ဒုဂ္ဂတိံ။
ပုညတေဇေန၊ ကောင်းမူရှိန်စော် အာနုဘော်သည်။ ဥက္ခိတ္တာ၊
အခွင့်သင့်စဉ် မြှင့်တင်အပ်ကုန်သည်ဖြစ်၍။ ကာမရူပဂတိံ၊ ဘုံဆောင်ကြငှန်း
ဗိမာန်နန်းတို့ တင့်ဆန်းနတ်ဘုံ ဗြဟ္မာဘုံသို့။ ဂတာ၊ ထိန်တ၀င်းဝင်း၊
အရှိန်ပြင်းလျက် ချဉ်းနင်းရောက်ကြ ပုထုဇဉ်ဟူသမျှတို့သည်။ ဘ၀ဂ္ဂနံ္တ၊
ဘုံပေါင်းတမွတ် တုဘက်လွတ်သည့် အထွက်ထက်ခြုံ ဘ၀ဂ်ဘုံသို့။ သမ္ပတ္တာပိ
ကမ္ဘာမြောက်မြား အောက်မသွားဖို့ ထောက်ထားပလေ ရောက်သွားကြစေကာမူ။ ဒုဂ္ဂတိံ၊
ဒုက္ခအဖုံဖုံး မျိုးပေါင်းစုံသည့် တလုံလဲလဲ အပါယ်ထဲသို့။ ပုန အာယန္တိ၊
ကောင်းမူနုံဖျင်း အဟုန်ကင်းက ဒုံရင်းတစ်ဖန် ရောက်ကြရပြန်လေ သတည်း။
ဘုံနှင့်စပ်၍
အရပ်ရပ်မှတ်ဖွယ် ပြီးပြီ။