နိဗ္ဗာန်အကြောင်း
နိဗ္ဗာန်အကြောင်းကိုရေးသားလျှင်
ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကျေပေလိမ့်မည်။ ဤစာ၌ကား
ထိုမျှလောက် ကျယ်ဝန်းစွာ ရေးခွင့်မရ။ အနည်းငယ် မထိတထိ ရေးခြင်းထက် လုံးလုံးမရေးခြင်းက
သင့်တော်သေး၏ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို လျစ်လျူရူခဲ့ပါသည်။ သို့သော်
အထိုက်အလျောက် သိနှင့်ကြဖို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သင်္ဂြိုဟ် ဘာသာဋိကာ၌
ပါသော ဥပသမာနုဿတိခန်းကို ထည့်သွင်းပြလိုက်ပါသည်။
ဥပသမာနုဿတိ
နိဗ္ဗာန်၏
ချမ်းသာအေးမြ သန္တိသုခ တစ်မျိုးရှိပုံကို အဖန်ဖန် အောက်မေ့နေခြင်းသည် ဥပသမာနုဿတိ
မည်၏။ နိဗ္ဗာန်တရားကို “ရုပ်ဝိသေသ၊ နာမ်ဝိသေသ”ဟုလည်းကောင်း၊ “ခန္ဓာကိုယ်တွင်း၌
အနှစ်အမတေအလား မြဲခိုင်သော နိစ္စတရားရှိ၏။ ရုပ်တရား နာမ်တရား ချုပ်ပျောက်သောအခါ
ထိုအနှစ်အမြူတေသာ အဖတ်တင်ရစ်၏။ ထိုအနှစ်အမြူတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင်
နိဗ္ဗာန်တည်း”ဟုလည်းကောင်း၊ “နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့်မရလျှင် အဘယ်မှာ
ချမ်းသာဟု ဆိုနိုင်ပါအံ့နည်း”ဟုလည်းကောင်း မိမိတို့ထင်ရာမြင်ရာပြောဆိုကြ၏။
တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းအရာကို ထိုအာရုံရဖူးသူသာ ပိုင်ပိုင်နိုင်နိုင်
သိမြင်နိုင်သကဲ့သို့ နိဗ္ဗာန်အကြောင်းကိုလည်း ထိုနိဗ္ဗာန်ကိုရပြီးသော
အရိယာပုဂ္ဂိုလတို့သာ ပိုင်နိုင်စွာ သိနိုင်ပါသည်။ ပုထုဇဉ်တို့ အတွေးဖြင့် လေးနက်သော
နိဗ္ဗာန်ကို အမှန်မထိမိနိုင်ရာ။ သို့သော် ကျမ်းဂန်သာဓက ယုတ္တိကို ချိန်ဆ၍
ဉာဏ်မြင်သလောက် ရေးပြဦးအံ့။
“နိဗ္ဗာန်” ဟူသည် စိတ်၊ စေတသိက်၊ ရုပ်၊ ပရမတ်တို့မှ သီးခြား
ပရမတ္ထတရားတစ်ပါးတည်း။ ထို့ကြောင့် ရုပ်နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်းမရှိရကား
ရုပ်ဝိသေသ နာမ်ဝိသေသမဟုတ်နိုင်။ အဇ္ဈတ္တ ဗဟိဒ္ဓ ၂-မျိုးတွင် “ဗဟိဒ္ဓာဓမ္မာ”
ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သော ဗဟိဒ္ဓတရားဖြစ်သောကြောင့်ပင် ခန္ဓာကိုယ်အတွင်း၌
အမြူတေအဖြစ်ဖြင့် တည်ရှိနေသော ဓာတ်တစ်မျိုးလည်း မဟုတ်နိုင်။ နိဗ္ဗာန်သည်
ပုဂ္ဂိုလ်သတ္တ၀ါများကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်။ ရူပ သဒ္ဒစသည်အာရုံ
ကာမဂုဏ်တို့ကဲ့သို့ ခံစားအပ်သော တရားလည်းမဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိဘဲ သန္တိသုခသာ
ရှိသည်မှာ အမှန်ပင်တည်း။
ချဲ့ဦးအံ့ -
ခံစားမူဟူသော ဝေဒယိတသုခသည် ခံစားစံစား၍ ကုန် ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင်
ထူထောင်ရ၏။ ထိုအသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။
ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့်
တင်းမတိမ်နိုင်သောကြောင့် အပိုအမိုအကြွးယူကာ မတရားခံစားမူအတွက် အပါယ်လေးပါးသွား၍
သုခအကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ရသည်မှာ ၀မ်းနည်းစရာပေတည်း။
ထိုကဲ့သို့ ခံစားမူနှင့် မရောသော သန္တိသုခသဘောကား ရုပ်နာမ် သင်္ခါရတို့
ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်း သဘောပေတည်း။
ထင်ရှားစေဦးအံ့
- လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံကြွယ်ဝသော သူဋ္ဌေးတစ်ယောက်သည် အားရပါးရ
အိပ်ပျော်နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နိုးလာသောအခါ “အအိပ်ဖျက်ရမလား”ဟု
ကြိမ်းဝါး မောင်းမဲ မည်သာတည်း။ ထိုသူအိပ်စေနေစဉ် ခံစားမူ အထင်အရှားမရှိ။
သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမူကိုပင် ခံစားမူသုခထက် နှစ်သက်ပေသေးသည်။ ထို
ခံစားမူမပါသော အိပ်ပျော်ခြင်းသုခကိုပင် “အိပ်ရကောင်းလိုက်တာ”ဟု
အမွှမ်းတင်ကြသေး၏။ ထို့ကြောင့် ရုပ်နာမ်ကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား
မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မုန်းဆသင့်သည်။
ဆက်ဦးအံ့ -
အနာဂါမ် ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော
ဝန်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ
ကင်းဖို့ရာ နိရောဓ သမာပတ်ကို ၀င်စားတော်မူကြသည်။ ထိုသမာပတ်အတွင်း၌
ခံစားမူလုံးဝမရှိ။ စိတ် စေတသိက် တည်းဟူသော နာမ်တရားနှင့် တချို့ရုပ်များ
အသစ်မဖြစ်ဘဲ ချုပ်ငြိမ်းနေခြင်းသာတည်း။
ထိုကဲ့သို့
ရုပ်နာမ်အချို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန် သုခကြီးဟု သဘောရ၍ နိရောဓ
သမာပတ်ကို ၀င်စားတော် မူကြပေသည်။ ထို့ပြင် အသညသတ် အရူပဗြဟ္မာတို့၏ အဖြစ်ကို
စဉ်းစားပြန်လျှင်လည်း သန္တိသုခ၏ အေးမြငြိမ်းချမ်းပုံများ ထင်ရှားပြန်၏။ အသညသတ်
ဗြဟ္မာတို့၌ နာမ်တရား မရှိ၍ ခံစားမူလည်းမရှိ။ ကမ္ဘာ ၅၀၀-ခန့်မျှ နာမ်တရား တို့မှာ
ငြိမ်းချမ်းလျက်နေရ၏။
အရူပဗြဟ္မာတို့၌
ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏။ အထက်ဆုံး အရူပဗြဟ္မာ၏ သန္တာန်ဝယ်
ဖြစ်ခွင့်ရှိသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ။ ရဟန္တာဖြစ်လျှင်
မနောဒွါရာဝဇ္ဇန်း၊ မဟာကြိယာ ၈၊ နေ၀သညာယတန ၀ိပါက် ၁၊ ကြိယာ ၁၊ အရဟတ္တဖိုလ်စိတ် ၁
အားဖြင့် ယှဉ်ဖက်စေတသိက်များနှင့်တကွ ၁၂-ပါးသာ ဖြစ်ခွင့်ရှိတော့၏။ ထို ၁၂-ပါးလည်း
တစ်ခုစီသာ ဖြစ်နေရကား ထိုစိတ်ကလေးတစ်ခု နောက်ထပ်မဖြစ်လျှင် ရုပ်နာမ်အားလုံး
ချုပ်ငြိမ်းတော့၏။ ထိုအခါ သန္တိသုခခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ်
ထင်ရှားတော့လတ္တံ့။
ထို
သန္တိသုခ နိဗ္ဗာနဓာတ်သည် အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်း မဟုတ်ပေ။
ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီးရှိကြ၏။ ထို့ကြောင့် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြပ်
ထင်ရှားရှိစဉ် မိမိနိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ၀င်စားတော်မူကြပေသည်။
ထိုဖလသမာပတ် ၀င်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တမ်း၍နေရခြင်းသည်ပင်
အင်မတန် ချမ်းသာတော်မူကြသတဲ့။ ထေရာထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ၀င်စံခါနီးဝယ်
ဥဒါန်းကျူးကာကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြသည်မှာ
ရုပ်နာမ်ကို အမြဲတမ်း ခင်မင်နေကြသော ငါတို့လို ပုထုဇဉ်များအတွက်
ရှက်ဖွယ်ကြီးပါတကား။
သုခံ ဒိဋ္ဌမရိယေဘိ၊ သက္ကာယဿ နိရောဓနံ။
ပစ္စနီက မိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။
ပစ္စနီက မိဒံ ဟောတိ၊ သဗ္ဗလောကေန ပဿတံ။
သက္ကာယဿ၊
ပရမတ္ထအားဖြင့် ထင်ရှားဘိတောင်း ခန္ဓာငါးပါးအပေါင်း၏။ နိရောဓနံ၊
ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော။ သုခံ၊ နိဗ္ဗာနဓာတ်
ချမ်းသာမြတ်ကို။ အရိယေဘိ၊ အရိယာအရှင် သူတော်စင်တို့သည်။ ဒိဋ္ဌံ၊
ဉာဏ်စက္ခုဖြင့် စေ့ငုထင်ထင် သိမြင်အပ်ပေပြီ။ ဣဒံ၊ များပုထုဇဉ်
ဉာဏ်အမြင်ဖြင့် မမြင်နိုင်တန် ဤနိဗ္ဗာန်ကို။ ပဿတံ၊ တပ်အပ်ထင်ထင် ကိုယ်တိုင်မြင်သည့်
အရှင်အပေါင်း သူတော်ကောင်းတို့မှာ။ သဗ္ဗလောကေန၊ အ၀ိဇ္ဇာဖုံး တဏှာတုံးဟု
အားလုံးလောက ဟူသမျှနှင့်။ ပစ္စနီကံ ဟောတိ၊ ကျောချင်းကပ်ယှဉ် ပြေးကြအင်သို့
အစဉ်ဆက်ဆက် ဆန့်ကျင်ဖက်အနေ ဖြစ်ရလေတော့သတည်း။ (သဠာယတနသံယုတ်၊
ဒေ၀ဒဟ၀ဂ်)