သိကြားမင်းတရားမေ့ပုံ
သောတာပန်ဖြစ်ပြီးသော သိကြားမင်းသည်
အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရူစားဖို့ရန် အခြွေအရံများဖြင့်
ဧရာဝဏ်ဆင်ကိုစီး၍ ထွက်လာ၏ ဥယျာဉ် တံခါးပေါက်သို့ ရောက်သောအခါ ဘုရားရှင်အား
ပြဿနာမေးရန် အကြံပေါ်လာလေ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့
လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြဿနာတည်း။
ထိုပြဿနာမေးလျှောက်လိုသော စိတ်အကြံသည်
ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ရောက်လျှင် မေ့ပျောက်သွားဖွယ်ရှိသောကြောင့် “ယခုပင်
သွား၍မေးလျှောက်မည်”ဟု ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍
ဘုရားထံအရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာ ရပ်၍ နေရစ်၏။ နောက်ပါ
အခြံအရံများလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။
ပုဗ္ဗာရုံကျောင်းတိုက်၌
သီတင်းသုံးတော်မူခိုက်ဖြစ်သော ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲက
နောက်ဆံတင်းလျက် ရှိသောကြောင့် “တဏှာသင်္ခယ-နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ်
အာရုံပြုနိုင်သော ရဟန္တ၏ကျင်ခဲ့သော လမ်းစဉ်တရားကို ခပ်တိုးတိုး အမိန့်ရှိတော်မူပါ”ဟု
လျှောက်လေသည်။ ဘုရားရှင်လည်း သူ၏ လျှောက်ထားချက်အရ တိုတိုပင် ဖြေတော်မူသည်မှာ -
သိကြားမင်း... ရဟန္တာဖြစ်မည့် ရဟန်းသည်
“အလုံးစုံသော တရားကို ငါ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း၊ စွဲလမ်းခြင်းငှာ မထိုက်”ဟု
တရားစကားကို ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး) တရားအားလုံးကို သိအောင်
ကြိုးစား၏။ သိသောအခါ အားလုံး ဒုက္ခချည်းပဲဟုသိပြန်၏။ ဒုက္ခချည်းပဲဟု ဘာမဆို
ခံစားရသမျှ ၀ါသနာကို အနိစ္စ စသည်ဖြင့် ရူ၍ရူ၍ နေ၏။ ထိုသို့ ရူဖန်များသော်
ဘာတစ်ခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း
နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။ (အချုပ်မျှ
မြန်မာပြန်သည်။)
သိကြားမင်းသည် ဤသို့ အကျဉ်းမျှ ဟောပြအပ်သော
ပြဿနာအဖြေကို လွန်စွာသဘောကျ ၀မ်းမြောက်လှ၍ “သာဓု... သာဓု”ဟု အသံပြုလျက်
နတ်ပြည်သို့ပြန်လေသည်။
ထို သာဓုခေါ်သံကို ဘုရားကျောင်းတော်၏
ဝဲဘက်ခန်းဆောင်မှ သီတင်းသုံးနေသော အရှင်မောဂ္ဂလာန်ကြား၍ “ဒီသိကြားဟာ
တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနှင့် သာဓုခေါ်တာလား”ဟုစဉ်းစား၍ သိကြားကို
စုံစမ်းလိုသောကြောင့် သိကြားနှင့် ရှေ့ဆင့်နောက်ဆင့်လိုက်ကာ တာဝတိံသာသို့
တက်သွားလေသော်...
ဘုရားထံမှ တရားနာ၍ ပြန်သွားသော
သောတာပန်သိကြားမင်းလည်း ဥယျာဉ်တွင်း၌ တီးကြ မူတ်ကြ ကကြ ပြကြသည်ကို နှစ်သက်အားရ
ရူမ၀ဖြစ်နေစဉ် အရှင်မောဂ္ဂလာန်ကိုမြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက
ဆရာတော်ကြီးလာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက်မျက်နှာဖြင့် အရှင်မောဂ္ဂလာန်ကို
ခရီးဦးကြိုလျက် နူတ်ဆက်စကား လျှောက်ထားရလေတော့သည်။
ထိုသို့ တွေ့လျှင် တွေ့ချင်းပင်
အရှင်မောဂ္ဂလာန်ကပင် သိကြားမင်းကို ပြောသည်မှာ “မြတ်စွာဘုရားက အသင်သိကြားအား တဏှာသင်္ခယ-၀ိမုတ္တိ
အကြောင်းကို ဘယ်လိုဟောလိုက်ပါသလဲ။ ငါတို့လဲ ထိုတရားကို တစ်ဆင့်နာပါရစေ” ဤသို့
ပြောလျှင် ထိုတရားကို သိကြားမင်းစဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ်စဉ်းစားသော်လည်း
လုံးလုံးသတိမရသဖြင့် နာယူတုန်းက မှတ်မှတ်သားသား နာယူခဲ့သော်လည်း
နတ်ပြည်ကိစ္စများသည့် အတွက် မေ့ရကြောင်းကို အရှက်ပြေ လျှောက်လေသည်။ (မူလပဏ္ဏာသ၊ စုဠတဏှာသင်္ခယသုတ်မှ ကောက်နုတ်ချက်။)