လက်တွေ့မဟုတ်လျှင် မယုံဘူးလား
အသင်ခေတ်ပညာတတ်တို့သည် တိုးတက်နေသော လောကဓာတ်
ပညာကြောင့်လည်း ဗုဒ္ဓဘာသာကို အထင်သေးရုံမက, ဗုဒ္ဓတရားတော်တွေ လွဲမှားနေပြီဟု တချို့က
ယူဆပါလိမ့်မည်၊
ဤနေရာဝယ် အတော်ကျယ်ကျယ် ရေးဖို့လိုသော်လည်း
အနည်းငယ်မျှ ရေးပြပါမည်၊ ဗုဒ္ဓတရားတော်ဝယ်
““၀ိနည်း, အဘိဓမ္မာ, သုတ္တန်””ဟု သုံးမျိုးရှိ၏၊ ၀ိနည်းသည် ရဟန်းတော်၏ အနေအထိုင် အပြောအဆို
ယဉ်ကျေးဖို့ရန် ညွှန်ပြသော တရားတော်ဖြစ်၏၊ တချို့ ပုဂ္ဂိုလ်တွေ မယဉ်ကျေးခြင်းမှာ ၀ိနည်းတော်အတိုင်း
မလိုက်နာလို့သာ ဖြစ်ပါသည်၊ အဘိဓမ္မာသည် ရုပ်သဘော နာမ်သဘောကိုအစစ်အမှန် ဟောပြသော တရားတော်
ဖြစ်၏၊
ထိုတရားကား ပဋ္ဌာန်းတရားတော် တိုင်အောင် နားလည်လေ,
သာသနာ ဘာသာကို လေးစားလေ ဖြစ်စေ၏၊ ထိုတရားနှစ်မျိုး၌ မကျေနပ်ဖွယ်မရှိ၊ လောကဓာတ်နှင့်
စစ်လေ အဘိဓမ္မာက ကျေနပ်စေလေ ဖြစ်ပါလိမ့်မည်၊ သတ္တ၀ါတို့ တရားအထူးကို ရစေနိုင်သော တရားတော်သည်
ထိုဝိနည်း, ထိုအဘိဓမ္မာမဟုတ်, သုတ္တန်တရားတော်သာ ဖြစ်၏၊
ခုဘ၀ နောက် ဘ၀တို့၌ ချမ်းသာသုခရအောင် ညွှန်ပြသော
တရားတော်လည်း သုတ္တန်တရားတော်ပင် ဖြစ်၏၊ ထိုသုတ္တန်တရားတော်များတွင် ဇာတ်တော်များလည်း
ပါဝင်၏၊ နေလတို့ လှည့်ပတ် သွားလာပုံများ လည်းပါဝင်၏၊ ထို့ကြောင့် ထိုသုတ္တန်မှ တရားတချို့ကို
ခေတ်ပညာ တတ်တို့က လက်တွေ့မဟုတ်၍ မယုံနိုင်ဘဲ ရှိကြပေလိမ့်မည်။
ခေတ်ပညာတတ်များကို မေးလိုပါသည်၊ သစ်ပင်ကြီးကို
ခုတ်လှဲ၍ နတ်ဖမ်းစားခြင်း, တစ္ဆေသူရဲ ခြောက်ခြင်း, စုန်းပူးခြင်း, အစိမ်း သေက ပူး၍ပြောခြင်း,
လူဝင်စားက ရှေးဖြစ်ဟောင်းကို ပြောခြင်း စသများ တစ်ရံတစ်ခါ ရှိတတ်သည် မဟုတ်လော၊ ထိုနတ်
တစ္ဆေ စသူတို့သည် မျက်မြင် မဟုတ်ကြပါ၊ လောကဓာတ်နည်းဖြင့်လည်း မသိနိုင်ပါ၊
ဗုဒ္ဓဘာသာကမူ လူနှင့်မတူသော နတ်ဘ၀ ပြိတ္တာဘဝ
တစ်မျိုးဟု ဆိုထားလေရာ လောကဓာတ်နှင့် တိုက်ဆိုင်၍ မရလျှင်/ လက်တွေ့ မမြင်ရလျှင် မဟုတ်နိုင်,
မရှိနိုင်ဟု ယူဆသင့်ပါမည်လော၊ အမွှာပူးမွေးလာသော ကလေးနှစ်ယောက်သည် မိဘ၏ သွေးသားနှင့်
ပတ်ဝန်းကျင်များက တစ်ထပ်တည်း တူပါလျက် စိတ်ချင်း မတူပုံ, ဉာဏ်ချင်းမတူပုံ, အကျိုးပေးခြင်း
မတူပုံကို တွေ့ရ၏၊ လောကဓာတ် ပညာဖြင့် အဘယ်သို့ ဆုံးဖြတ်မည်နည်း၊
ဗုဒ္ဓတရားတော်ကမူ ရှေးရှေး ဘ၀က ကံချင်းမတူသောကြောင့်
ထိုကဲ့သို့ မတူဘဲ ကွဲပြား ရသည်ဟု ဆိုထားပါသည်၊ လက်တွေ့ မဟုတ်၍ မယုံလျှင် အခြားစဉ်းစားဖွယ်ကို
ပြကြပါလော။
ဘုန်းကြီးကား “လောကဓာတ်ဆရာတို့၏ လက်တွေ့ စမ်းသပ်
သမျှ မြန်မြန် အထမြောက်ပါစေ”ဟု ဆုတောင်းပါသည်၊ အကြောင်းကား လက်တွေ့လိုက်လေ, ဗုဒ္ဓတရားတော်နှင့်ကိုက်လေ
ဖြစ်ရ မည်သာ ဖြစ်သောကြောင့်တည်း၊ တချို့အရာဝယ် လက်တွေ့နှင့် စာတွေ့မတူမျှဘဲ လက်တွေ့က
မှန်တာသေချာလျှင် “ကျမ်းစာထဲ၌ ပါသောစကားသည် ရှေးသံဂါယနာသုံးတန်တွင် ပါဝင်ခဲ့သောတရား
မဟုတ်”ဟု ပယ်ထုတ်လိုက်ရုံပင် ဖြစ်၏၊
ဘုရားရှင်သည် ပယ်စရာ မဟုတ်၊ တရားမှန်လည်း ပယ်စရာမဟုတ်ပါ၊
တရားကျင့်၍ အရိယာဖြစ်သော သံဃာလည်း ပယ်စရာမဟုတ်ပါ။ [ဤနေရာဝယ်
ယုံကြည် လောက်သူ လူကြီးလူကောင်းတစ်ယောက်၏ ကိုယ်တွေ့ဝတ္ထုကို ဖော်ပြလိုပါသည်။]