ကျောင်းတိုက်များ
ထိုပြခဲ့သည့်အတိုင်း စနစ်တကျ သင်ပြသော ကျောင်းတိုက်ကြီးတွေ
လိုနေပါသည်၊ ထိုကျောင်းတိုက်မျိုး ဖြစ်ဖို့ရန် လက်ရှိကျောင်းတိုက်များကို ပြုပြင်နိုင်လျှင်
စရိတ်ကုန် သက်သာဖွယ် ရှိပါသည်၊ မပြုပြင်နိုင်လျှင်လည်း အသစ်တီထွင်သင့်ပါသည်၊ ထိုသို့
အများအပြားမဖြစ်နိုင်သေးမီ အထက်နိုင်ငံနှင့် အောက်နိုင်ငံအတွက် စည်းကမ်းတကျ သင်ပြဖို့ရန်
သာသနာ့ဝန်ဆောင် ကျောင်းတိုက်နှစ်တိုက်မျှ ပထမဆုံး စတည်ထိုက်ပါသည်။
ထိုကျောင်းတိုက်ကြီးများ၌ အသားကျအောင် သင်ယူပြီးသောအခါ
မိမိနေရာသို့ ပြန်၍ ကျေးရွာ၏ အားကိုးရာ သာသနာ မြှင့်ပေးနိုင်သောကျောင်း, ကျောင်းတိုက်ဖြစ်အောင်
ကိုယ်စီကိုယ်င ကြိုးစားကြလျှင် (၁၀)နှစ်လောက်အတွင်းမှာ သာသနာရေး ဘာသာရေး တစ်မျိုးတစ်ဖုံ
ပြောင်းလဲသွားစရာ ရှိပါသည်၊
ထိုသို့ ပြောင်းလဲအောင် ကြိုးစား နိုင်မှလည်း ဗုဒ္ဓမြတ်စွာ၏ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်း
ထမ်းရာ ရောက်ပါလိမ့်မည်၊ [ဤသို့ မပြုနိုင်လျှင်ကား အနာဂါတ်ဆယ်နှစ် အတွင်းမှာ သာသနာ့ အခြေအနေ ယခုထက်ပင် နိမ့်ကျသွားစရာ
ရှိပါတော့သည်။]
နှစ်တိုနှစ်ရှည် စီမံကိန်း
ဝန်ဆောင်ကျောင်းတိုကကြီး တည်ပြီးသောအခါ ထိုကျောင်းတိုက်၌
“နှစ်တိုသင်နည်း, နှစ်ရှည်သင်နည်း”ဟု နှစ်မျိုးထားဖို့ လိုပါလိမ့်မည်၊
နှစ်တို သင်နည်းဟူသည်ကား-ကျေးရွာကျောင်းများမှ
ရွေးချယ်၍ လွှတ် လိုက်သော, သို့မဟုတ် မိမိဘာသာ ရွာသားတို့ကို မြှင့်တင်ဖို့ရန် ဆန္ဒရှိသော
လက်ရှိကျောင်းဘုန်းကြီး ငယ်ငယ်ဖြစ်စေ, ဘုန်းတော်ကြီးမှ အထူးစေလွှတ်လိုက်သော တပည့် ရဟန်းတော်ဖြစ်စေ
ရောက်လာသောအခါ နှစ်တိုသင်နည်းဖြင့် ကလေးများသင်ပြရန် စာနှင့်တကွ ကိုယ် နှုတ် စိတ်များကို အထူးပြုပြင်သော သင်နည်း
ဖြစ်ပါသည်၊
“နှစ်ရှည်သင်နည်း”ဟူသည် သာမဏေငယ်ဘ၀မှ စ၍ တစ်နှစ်
တစ်တန်း တက်နည်းဖြင့် ပိဋကတ်သင်ရင်း ဂဏန်းသင်္ချာစသော (နောင်အခါကလေးများ သင်ပြရန်) စာများကို
သင်ပေးခြင်း ဖြစ်ပါသည်၊
နှစ်တိုသင်နည်း၌ (၆)လ, သို့မဟုတ် (၁)နှစ်
(၂)နှစ်ခန့် သင်ရလျှင် မူလတန်းလောက်ကို ပြနိုင်စရာရှိပါသည်၊ နှစ်ရှည်သင်နည်း၌ကား ယခုခေတ်သင်နည်းတွင်
တနှစ် တစ်တန်း မှန်မှန်တက်ခြင်း, ကလေးများ သင်ပြဖို့ ဘာသာရပ်များ ပါဝင်စေခြင်းသာထူးပါသည်။