သံဃာတော်များအား
လျှောက်ထားခန်း
သာသနာကို
အထင်မကြီးပါ
ရှေးမြန်မာမင်းများ လက်ထက်က သာသနာကို အထင်ကြီးကြသော်လည်း
ယခုကား အထင်မကြီးတော့ပါ၊ တစ်နည်းအားဖြင့် ရဟန်း သာမဏေများမှာ ဂုဏ်မရှိတော့ပါ၊ ဘာ့ကြောင့်
ထိုသို့ ရှေးနှင့်ယခု ကွဲပြားရသနည်း?...မြန်မာမင်းများ ခေတ်ဝယ် ဘုန်းတော်ကြီးများ၏
အရိပ်အာဝါသ၌ ဘုန်းတော်ကြီးများ အထံမှ လူရာဝင်အောင် ပညာ သင်ကြရ၏၊
ရပ်ရွာ လူကြီး လူကောင်း ဓနရှင်ဟူသမျှ ဘုန်းကြီးကျောင်း
ထွက်များချည်း ဖြစ်ကြ၏၊ နေပြည်တော် မှူးကြီး မတ်ကြီးများနှင့်တကွ ရှင်ဘုရင့်သားတော်
(ရှင်ဘုရင်ပါ) ဘုန်းကြီးကျောင်းသား ဖြစ်ကြ၏၊ ယခုသော်ကား ကျေးရွာအမတ်တွေပင် ဘုန်းကြီးကျောင်းထွက်
မဟုတ် သူက များ၏၊ ၀န်ကြီး ၀န်ကလေးဆိုသူတို့မှာ သာ၍ ဘုန်းကြီးကျောင်း နှင့် ဝေးခဲ့ပေလိမ့်မည်၊
သာသနာကို မြှင့်တင်ကြပါ
သာသနာနှင့် ဆိုင်ရာ ကျောင်းသား သူငယ် သာမဏေ
ရဟန်းတော်များ၏ အရည်အချင်း မြင့်လာအောင် ကြိုးစားခြင်းသည် သာသနာတော်ကို မြင့်တင်ရာရောက်ပါသည်၊
ထိုကြောင့် ရွာသားကလေးများ အပေါ်၌ ဆရာလုပ်မည့် ပုဂ္ဂိုလ်တိုင်း မြင့်နေဖို့က ပထမလိုပါသည်။
“မြင့်”ဆိုသည်မှာ “ပါသာဒိကေန သမ္ပာဒေထ”ဟု ဥပဇ္ဈာယ်ဆရာက
မိန့်တော်မူသည့်အတိုင်း မိမိတို့ ရဟန်းသံဃာချင်းနှင့် လူဒါယကာ ဒါယိကာမတို့၏ ကြည်ညိုဖွယ်ကို
ဆောင်နိုင်သော ကိုယ် နှုတ် စိတ် များပင်တည်း၊
ထို့ကြောင့် ကိုယ်အနေအထား အသွား အလာ ၀တ်ပုံ
စားပုံ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံနှင့်တကွ ယဉ်ကျေးသော စကား အသုံးအနှုန်း, စိတ်နေစိတ်ထား
ကောင်းစွာထားမှု အစုစုကို ပထမဆုံး ပြုပြင်ရပါလိမ့်မည်၊ ထိုသို့ ပြုပြင်ရင်းပင် ကလေးသူငယ်များကို
လူဝင်ရာ စေနိုင်သော အတတ်ပညာများကို ပိဋကတ်ကျမ်းစာ နှင့်အတူ သင်ယူကြရပါမည်၊
ထိုသို့ ဆရာလုပ်မည့်ပုဂ္ဂိုလ်က မြင့်ပြီးမှသာ
မိမိ၏ တပည့်သူငယ်များကို အဆင့်တန်းမြင့်အောင် သင်ပြပေးနိုင်ပါလိမ့်မည်၊ ဤသို့ မိမိလည်းမြင့်အောင်,
မိမိ၏ရပ်ရွာသူငယ်များ ရပ်သူရွာသားတို့လည်း မြင့်အောင် ပြုပြင် သင်ပြခြင်းသည် သာသနာတော်ကို
လေးစားနိုင်လောက်သော နည်းဖြစ်၍ သာသနာတော်ကို မြှင့်တင်ရာ ရောက်ပါသည်။