နတ်ဘုံခန်း
ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌
ငရဲသူငရဲသားတို့ ဆင်းရဲရပုံကိုပြခဲ့ပြီ။ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲပုံကိုလည်း
မျက်မြင်အားဖြင့်လည်းကောင်း၊ ကြားဖူးနားဝဖြင့်လည်းကောင်း အတော်အတန် သိလောက်ပြီ။
လူများ၏ ဆင်းရဲချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူးရေးဖွယ်မလို။ နတ်စည်းစိမ်ကိုကား
အများပင် သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို
အကျဉ်းချုပ်စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံ အကြောင်းများကို ပြပေအံ့။
နတ်ဘုံနတ်ခန်း
နတ်ဘုံနတ်ခန်း
နတ်စည်းစိမ်ကား လူ့စည်းစိမ်ထက် နေရာတိုင်းပင်သာလွန်၏။
မြက်ဖျားပေါ်က ဆီးနှင်းပေါက်နှင့် သမုဒ္ဒရာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့်
နတ်စည်းစိမ်များ ကွာခြား၏။ တာဝတိံသာနတ်တို့၏ “သုဒဿန” မည်သော နေပြည်တော်သည်
မြင်းမိုရ်တောင်ထိပ်ဝယ် ယူဇနာတစ်သောင်းကျယ်သော အရပ်၌ တည်ရှိ၏။ ထိုနေပြည်တော်၏
အရှေ့ဘက်၌ နန္ဒ၀န် ဥယျာဉ်ခေါ် နန္ဒနဥယျာဉ်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော
နတ်များကိုပင် စုတေရမည့် အရေးကို မတွေးမိလောက်အောင် ပျော်မွေ့ဖွယ်ကို ဆောင်လေသတဲ့။
နတ်သားနတ်သမီး
မိမိတို့ ရှေးကုသိုလ်ကံကြောင့်
ကိုယ်ပိုင်ရရှိပြီးသော ဗိမာန်များလည်း ဆန်းပြားလှပေ၏။ အားလုံးသော နတ်လုလင်တို့က
အသက် ၂၀-အရွယ်၊ နတ်မိမယ်တို့က ၁၆-နှစ်အရွယ်၊ သွားကျိုး ဆံဖြူ နားအူ မျက်မွဲ
အရေတွန့်တွဲခြင်းမရှိ၊ ပကတိ အလှမပျက်အောင် တစ်သက်လုံးတည်နေ၏။ နတ်သြဇာ
အဆီအနှစ်ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်တွင်း၌ အလေးအပေါ့မှစ၍ မကောင်းသော
အနိဋ္ဌာရုံဟူသမျှတို့ လုံးဝမရှိတော့ရကား နတ်သမီးတို့မှာ ဓမ္မတာသွေး အညစ်အကြေးတို့မှ
ကင်းစင်လေ၏။
(၁) ကာမချမ်းသာ ခံစာားမူတို့၌ကား
နတ်ပြည် ၆-ထပ်လုံးမှာပင် လူများနှင့် မထူးခြားသော်လည်း အညစ်အကြေးမဖြစ်ဘဲ
သွေးသားလူပ်ရှားရုံမျှဖြင့် ကိစ္စပြီးလေသည်။
(၂) နတ်ဒေ၀ီတို့၌
ကိုယ်ဝန်ဆောင်မူနှင့် သက်ဆိုင်သော ကိစ္စစုများ
(၃) သားသမီိးဖြစ်ထိုက်သော
နတ်သားနတ်သမီးတို့မှာ ရင်ခွင်၌သော်လည်းကောင်း၊ အိပ်ရာပေါ်၌သော်လည်းကောင်း
ဖြစ်ပေါ်လာကြကုန်၏။
ဤသို့ သားသမီးအရာ၌ တည်သော
နတ်များအပြင် အခြားအစေခံနတ်သား နတ်သမီးများ ရှိသေးရကား တချို့နတ်များ၌
ဗိမာန်ကိုယ်ပိုင် မရှိကြဟု သိသာ၏။ လူ့ပြည်၌ကဲ့သို့ နတ်သား နတ်သမီးပျိုတို့၏
သွားလာလည်ပတ်ကြမည့်အရေးမှာ တွေးတောစဉ်းစားဖွယ်ရာ ပင်တည်း။ နတ်ဇာတ်သမားဖြစ်သော
ပဉ္စသီခနတ်သားသည် တိမ္ဗရု နတ်မင်းကြီး၏ သမီးပျိုဖြစ်သော သူရိယ၀စ္ဆသာ နတ်သမီးအပေါ်မှာ
အတော်စွဲလမ်းနေ၏။ နတ်ပျိုလှည့်ရာတွင် စောင်းကိုတီးကာ သာသာယာယာသီဆိုသော
စောင်းသီချင်းသံများတွင် အောက်ပါ ဂါထာလည်း အပါအ၀င်ဖြစ်သည်။
ယံ မေ အတ္ထိ ကတံ ပုညံ၊ အရဟန္တေသု တာဒိသု။
တံ မေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ၀ိပစ္စတိ။
ယံ မေ အတ္ထိ ကတံ ပုညံ၊ အရဟန္တေသု တာဒိသု။
တံ မေ သဗ္ဗင်္ဂကလျာဏိ၊ တယာ သဒ္ဓိံ ၀ိပစ္စတိ။
တာဒိသု-
ကောင်းဆိုးနှစ်တန် လောကဓံကြောင့် ဖောက်ပြန်မတုန် တာဒိဂုဏ်နှင့်
ပြည့်စုံတော်မူကြပေသော၊ အရဟန္တေသု- ပူဇော်သမျှ အကျိုးရဖို့ နိစ္စဖြူစင်
ရဟန္တာအရှင်မြတ်တို့၌၊ မေကတံ- မောင်တော်ချည်းသာ မယ်မပါဘဲ ကောင်းစွာအသီးသီး
ပြုအပ်ပြီးသော၊ ယံပုညံ- ဒါန သီလ စသည်ပေါင်းစု အကြင်သို့သော
မြတ်ကောင်းမူသည်၊ အတ္ထိ၊ အကျိုးပေးမူ အလေးပြုလျက် ယခုအနေ ရှိပါပေ၏၊ သဗ္ဗင်္ဂကလျာဏိ-
ကောင်းခြင်းအင်္ဂါမင်္ဂလာနှင့် ထင်စွာ ပြည့်ကြွယ် အို နတ်မိမယ်၊ မေ- ပဉ္စသီခ
မည်ရဘွဲ့နှောင် မယ်မယ့်မောင်၏၊ တံ ပုညံ- ရှေးက ဆည်းပူး ထိုကုသိုလ်ထူးသည်၊ တယာ- မောင်တော့် သက်လယ်
သင်နတ်မိမယ်နှင့်၊ သဒ္ဓိံ ၀ိပစ္စတံ၊ အတူတွဲနှောင် မကွဲအောင်လျှင်
မြဲခေါင်ဖြိုးဝေ အကျိုးပေး ပါစေသတည်း။
ဤမျှလောက်ပင် ပဉ္စသီခနတ်သားက စွဲလမ်းနေသော်လည်း သူရိယ၀စ္ဆသာ
နတ်သမီးမှာမူ မာတလိနတ်မင်း၏ သားဖြစ်သော သိခန္တီနတ်သားကိုမှ မှန်းထားလျက်ရှိသည်။
သို့ရာတွင် သိကြားမင်းက ပဉ္စသီခနတ်သားကို (သူ့အား ကျေးဇူးများသည့်အတွက်)
သူရိယ၀စ္ဆသာနတ်သမီးနှင့် လက်ထပ်ပေးလေသည်။ တချို့နတ်သမီးတွေမှာ
ဗိမာန်အဆင်သင့်ရှိသော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်သည့် နတ်သားမရှိကြသဖြင့်
ပျင်းရိငြီးငွေ့ အလိုမပြည့်ကြသည်လည်းရှိသေး၏။ ကုသိုလ်ကံချင်း ကွာခြားသလောက်
ဘုံဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြားနေသောကြောင့် ကိုယ့်ထက်သာ၍ မနာလိုသူတွေလည်း
ရှိပေမည်သာ။ ဥယျာဉ်ရေကန်၌ တပျော်တပါး လလှည့်လည်ကြသည်မှာလည်း ကြည်နူးစရာပေ။
အပေါင်းရွေညီ၊ ဘုံကိုယ်စီဝယ်၊ ကျူးသီမပြီး၊ ပျော်မငြီးဖို့၊
နတ်တီးနတ်ငြိမ့်၊ တခြိမ့်ခြိမ့်နှင့်၊ သိမ့်သိမ့်သဲသဲ၊ ရူမရဲအောင်၊ နတ်ပွဲသဘင်၊
အမြဲရွင်၏၊ မပင်မပူ၊ နတ်နန်းသူတို့၊ ပျူပျူငှာငှာ၊ ရွေမျက်နှာဖြင့်၊
ကြည်သာစိမ်းစိမ်း၊ မြမြရှိန်းတည်း၊ ငြိမ်းငြိမ်းအေးလျက်၊ ကုသိုလ်စက်ကြောင့်၊
မပျက်တစ်ရံ၊ စည်စိမ်စံ၍၊ မောင်နှံချစ်ပုံ၊ အသစ်ကြုံသို့၊ ဖော်စုံရွှင်မြူး၊
ချစ်ကြည်နူးလျက်၊ အထူးမေတ္တာ၊ သက်ပမာဖြင့်၊ ချမ်းသာမကင်း၊ ချစ်ငွေ့သွင်းသည်၊
ချစ်ခြင်းအတုံ့ အလှယ်တည်း။
(မဃဒေ၀လင်္ကာ)