လူများဖြစ်ပေါ်လာပုံ
ထိုကဲ့သို့ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတို့ တည်မိသောအခါ အထက် ဗြဟ္မာ့ပြည်၌ရှိသော ဗြဟ္မာတို့တွင် အသက်တမ်းစေ့၍ဖြစ်စေ၊ ကံကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏။ ထိုစုတေသူတို့တွင် တချို့ အောာက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ တချို့ကား နတ်ဘုံ၌ ဖြစ်ကြ၏။ တချို့ကား ဤလူဘုံဝယ် လူဖြစ်လာကြလေသည်။ ထိုကဲ့သို့ ဗြဟ္မာ့ပြည်မှစုတေ၍ လူ့ပြည်၌ဖြစ်ကြသော ကမ္ဘာဦး လူတို့၌ မိဘိမရှိကြ။ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏အစွမ်းကြောင့် လူကိုယ်ကြီး အထင်အရှား ဖြစ်လာကြသည်။
ရှေးဦးစွာ စားသောက်ကြ
ကိုယ်ရောင် ကိုယ်ဝါဖြင့် ကောင်းကင်၌
လှည့်၍နေကြစဉ် မြေအပြင်၌ မလိုင်တက်သလို အလွန်ဝါ၀င်းသော မြေဆီများဖြစ်ပေါ်လာ၏။
ထိုမြေအဆီကို လက်မငြိမ်သူ တစ်ယောက်က “အဆင်းကဖြင့် လှပါပေသည်။ အရသာမှာ
ဘယ်လိုနေပါလိမ့်”ဟု လက်ဖြင့် တို့၍ လျက်ကြည်လေသော် အလွန်ချိုဆိမ့်သော
အရသာရှိသောကြောင့် “ကောင်းမှန်းသိ-သာအိတစိုစို” ဖြစ်နေသည်ကို
အခြားလူတို့မြင်လျှင် “အတုမြင်-အတတ်သင်”ကာ လက်ဖြင့်ကော်၍ ကော်၍လျက်ရာမှ
အားမရသဖြင့် ဆုပ်ကာဆုပ်ကာ လွေးကြလေ၏။ ထိုအခါ အရသာကို တပ်မက်မောသော တဏှာ၏
ပူလောင်မူကြောင့် ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပျောက်၍ အမိုက်မှောင်ကြိး
ကျရောက်လေတော့သည်။
နေလပေါ်ပုံ
ထိုအမှောင်ကြီး ကျရောက်သောအခါ
ကမ္ဘာဦးလူတို့ အလွန်ကြောက်ရွံ့ကြလေသော် ထိုသူတို့ ကံအားလျော်စွာ ရဲရင့်ခြင်းကို
ဖြစ်စေတတ်၍ “သူရိယ”ဟု ခေါ်ဝေါ်အပ်သော ယူဇနာ ၅၀-အ၀န်းကျယ်သော နေဗိမာန်ကြီးသည်
အရှေ့လောကဓာတ်မှ ထွက်ပေါ်လာ၏။ ထိုနေ၀န်းကြီးက နေ့အဖို့ထွန်းလင်း၍ တောင်စွယ်ကို
ကွယ်သွားသောအခါ “အရောင်တစ်ခုပေါ်လာလျှင် ကောင်းလေစွ”ဟု အလိုဆန္ဒ ဖြစ်ကြသဖြင့်
ဆန္ဒ အားလျော်စွာ ၄၉-ယူဇနာ အ၀န်းရှိသော လဗိမာန်ပေါ်လာပြန်သည်။ (ဆန္ဒအတိုင်း
ပေါ်ထွက်လာပြန်သောကြောင့် လကို “ဆန္ဒ-ဆန္ဒ”ဟု ခေါ်ကြရာမှာ ကာလကြာသဖြင့် “စန္ဒ-စန္ဒ”ဟု
အခေါ်တစ်မျိုး ပြောင်းရွေ့လာသတဲ့။)
ထို နေ လ တို့ပေါ်ထွက်လာသောအခါ
နက္ခတ်များလည်း တစ်ပါတည်းပါလာ၏။ ထို နေ လ နက္ခတ်တို့ လှည့်လည်သွားလာရာ ပထမဆုံးအခါသည်
မဇ္ဈိမဒေသအခေါ်အားဖြင့် တပေါင်းလကွယ်နေ့ဖြစ်၏။ ထို့ကြောင့် ကမ္ဘာ၏ လဆန်းစအခါသည်
တန်ခူးလ ဖြစ်ရကား “ကမ္ဘာတည်ဦး တန်ခူးရက်မစုံ” ဟု ပြောစမှတ် ပြုကြရသည်။
ထမင်းပေါ်ပေါက်လာပုံ
ထိုကဲ့သို့ မြေဆီကို စားခဲ့ကြရာမှ
ရသတဏှာ (အကုသိုလ်အတွက်) မြေဆီများ ယုတ်လျော့၍ အလှပ်လှပ် အလွှာလွှာဖြစ်နေသော
မြေလွှာများကို စားသောက်ကြရ၏။ ထိုမြေလွှာလည်း တဖြည်းဖြည်းလျှော့ပါး၍
အစိတ်စိတ်အမြွှာမြွှာ နွယ်ချောင်း ကလေးများကဲ့သို့ ဖြစ်လာ၏။ ထိုမြေနွယ်များကို
နွယ်ချိုဟုခေါ်၏။ ထိုနွယ်ချိုများ ကွယ်ပသောအခါ အခွံမပါသော သလေးဆန် ပေါ်လာ၏။
ထိုဆန်ကို အိုး၌ထည့်၍ “ဇောတိပါသာဏ” ခေါ် ကျောက်တုံးပေါ်သို့ တင်လိုက်လျှင်
မီးအလိုလိုတောက်၍ ကျက်ချိန်ရောက်က အလိုလို မိးငြိမ်းလေသည်။
ယောက်ျားမိန်းမ
မြေဆီ မြေလွှာ မြေနွယ်တို့ကို
စားသုံးသော အခါဝယ် ခန္ဓာကိုယ်တွင် အဆီအသားများ ဖြစ်ပြီးနောက် အဖတ်အကာ
အနည်းငယ်သာကြွင်းကျန်၏။ ထိုကြွင်းကျန်သော အဖတ်အကာ ကလေးများမှာ
ဝမ်းမီးလောင်ရုံမျှဖြင့် ကုန်ခန်းနိုင်ကြလေသည်။ သလေးထမင်းကို စားသုံးသော အခါကား
ဝမ်းမီးလောင်ရုံဖြင့် မကုန်ခန်းနိုင်ဘဲ အရည်အဖတ် (ကျင်ကြီး ကျင်ငယ်)
များစွာကျန်၏။ ကမ္ဘာဦးလူတို့ဖြစ်စက ကျင်ငယ်လမ်း ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ။
ယခုအခါ ခန္ဓာကိုယ်အတွင်းမှာရှိသော ၀ါယောဓာတ်က ထိုအရည်အဖတ်များကို မူတ်ထုတ်နေလေပြီ။
သို့ဖြစ်၍ အရည်အဖတ်များထွက်ဖို့ ကျင်ငယ်လမ်းပေါက် ကျင်ကြီးလမ်းပေါက်များ
ပေါ်ပေါက်လာရလေသည်။ ထိုသို့ ပေါ်ပေါက်ရာ၌ ဗြဟ္မာ့ပြည်သို့ မရောက်မီက
မိန်းမဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ် ပေါ်လာ၍ ယောက်ျားဖြစ်ခဲ့သူမှာ ပုရိသဘာဝရုပ်
ပေါ်လာသတဲ့။
အိမ်ရာထောင်ကြပုံ
ကိုယ်အင်္ဂါ ပေါ်ပေါက်ပုံ မတူကြသဖြင့်
တစ်ယောက်ဥစ္စာကို တစ်ယောက်က တစိမ့်စိမ့်ကြည့်ရူလျက် စိတ်ကို မချုပ်တည်းနိုင်ဘဲ
ကာမကိစ္စမှီဝဲမူကြောင့် ပညာရှိလူတစ်စုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရူတ်ချ။ ခဲ တုတ်
စသည်ဖြင့် ပစ်ခတ်ကြလေရာ ပုန်းအောင်းခိုကပ်ဖို့ရာ အိမ်နေရာများကို
တည်ဆောက်ကြရလေသည်။ (ကမ္ဘာဦးက ဤအလေ့အထကို စွဲ၍ ယခုကာလ မင်္ဂလာဆောင်၌ ခဲပေါက်ရိုး
ပြုကြသည်။) ဤနည်းအားဖြင့် လူများ ဖြစ်ကြပြီးနောက် ကံအားလျော်စွာ တိရစ္ဆာန်
သတ္တ၀ါတို့လည်း ပေါ်ပေါက်ကာ ကမ္ဘာအသစ် တည်မိလေသည်။