ဤကာမဂုဏ်စခန်း၌အစွမ်းကုန် ပျော်ဖွယ်ကောင်းသည့်အပြင် ပျော်မွေ့ဖွယ်ကောင်းသလောက်လည်း
ပျော်စံလေ့ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ်သို့
ရောက်သောအခါ နတ်ပြည်မှာကြာရှည်စွာ မနေနိုင်ကြတော့ဘဲ အနာဂါမ်ဖြစ်သူတို့
ဗြဟ္မာ့ပြည်သို့ စုတေရွေ့ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန် စံကြလေတော့သည်။
သို့ဖြစ်၍ နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားဘက်၌သာ အားထုတ်၍
ယောဂီလုပ်မည်ဟု မမျှော်လင့်လေနှင့်။
လူ့ပြည်က အသေအလဲ အားခဲသွားသူနှင့်
ဘုရားလက်ထက်တော်က ဘုရားတရားကို နာရသူလောက်သာ နတ်ပြည်၌ တရားသားတက်ဖွယ်ရှိသည်။
မလိုလဲလိုလဲ တရားမြဲသူကား နန္ဒဥယျာဉ် အပေါက်ဝတွင် တရားကလေးများ ပျောက်ကျရစ်လတ္တံ့။
နတ်ပြည်၌ ကမ္မဋ္ဌာန်းကို မဆိုထားနှင့်၊ ဥပုသ်မကျိုးအောင်ပင်
စောင့်စည်းဖို့ရာ အပုံကြီးခဲယဉ်း၏။ နတ်သမီးတွေ ပွတ်သီးပွတ်သပ်ပြုချက်ကြောင့်
သီလပျက်သည်ကသာ များလေ၏။ စမ္ပေယျနဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ
ဥပုသ်ကျိုးရပုံနှင့် ၀ိဓူရဇာတ်တော်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍
ဥပုသ်စောင့်ရပုံကို ထောက်ပါလေ။ ဘုရားအလောင်းတော်တို့သည် ပါရမီ ဖြည့်ခွင့်မရကြသော
နတ်ပြည်၌ သက်တမ်းစေ့အောင်မနေရဘဲ စုတေခြင်း တစ်မျိုးဖြင့် စုတေအောင် ဓိဋ္ဌာန်ကာ လူ့ပြည်၌သာ
ပါရမီ ဖြည့်တော်မူကြသည်။
သုဓမ္မာ ဓမ္မာရုံကြီး၏ကျက်သရေမှာ ရေးသား၍
ကုန်ဆုံးနိုင်ဖွယ်ရာမရှိ။ ဓမ္မာရုံအဆောက်အအုံ အားလုံးတို့၌ ရတနာမျိုးစုံကို သူ့
နေရာနှင့်သူ သုံးစွဲထား၏။ ထိုဓမ္မာရုံအနီး၌ တည်ရှိသော ပင်လယ် ကသစ်ပင်မှ
ပန်းများလည်း ဓမ္မာရုံအတွင်းသို့ လေညင်းပိုသဖြင့် နှစ်မြို့စဖွယ် တင့်တယ်စွာ
ပျံ့နှံ့လျက်ရှိ၏။ အလယ်ဗဟိုတရား ပလ္လင်ဝယ် ထီးဖြူကြီးကို စိုက်ထူထားပြီးလျှင်
တရားပလ္လင်၏ ဘေးမှစ၍ သိကြားမင်း၊ ပဇာပတိနတ်မင်း၊ ၀ရုဏနတ်မင်း၊ ဤသာနနတ်မင်းစသော (မဃလုလင်ဘ၀တုန်းက
ကောင်းမူပြုဖက်) ၃-ကျိပ် ၃-ပါး နတ်မင်းကြီးများ၏ နေရာကို စီစဉ်ထား၏။ ထို့နောက်
ထင်ရှားသော နတ်များနှင့် မထင်ရှားသော နတ်များဖို့လည်း နေရာများ စီစဉ်ထားသည်။ (ဤသုဓမ္မာနတ်သဘင်မှာ
တာဝတိံသာမှ အထက်နတ်ပြည် ၄-ထပ်၌လည်းရှိ၏။)
စည်းဝေးချိန်ရောက်လျှင် သိကြားမင်းကိုယ်တိုင် အချက်ပေးလိုက်သော
“၀ိဇယုတ္တရ” ခေါ် ခရုသင်းကြီး၏ အသံမှာ ယူဇနာတစ်သောင်းကျယ်သော သုဒဿန
နတ်မြို့တော်ကြီးကို ရိုက်ဟီးလျက် လူ့အရေအတွက်ဖြင့် ၄-လကြာအောင် အဆက်ဆက်
မြည်ဟီးနေသောဟူ၏။ ဆိုင်ရာနတ်များ ဓမ္မာရုံအတွင်းသို့ ၀င်မိကြလျှင် ရတနာရောင်
ပန်းရောင်တွေ လွှမ်းမိုးနေသဖြင့် ဓမ္မာရုံတစ်ဆောင်လုံး နီမြန်းနေတော့၏။ တစ်ရံတစ်ခါ
ဗြဟ္မာ့ပြည်မှ ဆင်းလျက် သနင်္ကုမာရဗြဟ္မာမင်းက တရားဟော၏။
ထို့ကြောင့်
စူဠာမဏိစေတီတော်ကို ဖူးမြော်ရခြင်း၊ သုဓမ္မာနတ်သဘင်ဝယ် တရားနာခြင်းတို့အတွက်
မျှော်လင့်ချက်ကလေး ရှိပေသေး၏။ “မျှော်လင့်ချက်” ဆိုသော်လည်း
မဂ်ဖိုလ်ရလောက်အောင် မျှော်လင့်ချက်ကို ဆိုလိုသည်မဟုတ်။ သူတော်ကောင်းစိတ်ဓာတ်
မပျောက်ပျက်ဘဲ ခိုင်မြဲ၍ ကာမဂုဏ်ထဲမှ အထိုက်အလိုက် ရှောင်လွှဲနိုင်စရာရှိသည်ဟု
ဆိုလိုသည်။
နောက်လာမည့် လူ့ပြည်ဆုပ်ကပ်အခါကြီး၌ကား “ရဟန်းရှင်လူတို့
တရားပြည့်ဝကြလိမ့်မည်”ဟု မျှော်လင့်ဖွယ်ရာ မရှိတော့။ ယခုပင် အမြင်မတော်လှပြီ။
သံသရာဒုက္ခတွေကို တကယ်ရွံလျှင် ယခုဘ၀၌ပင် စွန့်စွန့်စားစား မဂ်ပေါက် ဖိုလ်ပေါက်
တရားကို ကြိုးစားသင့်ကြ၏။ နတ်ပြည်ကပင် အရိမေတ္တယျ ဘုရားရှင်ကို
စောင့်စားဖူးမြော်လျက် တရားတော်ကိုနာပြီးမှ မဂ်ဖိုလ်ရဖို့ မှန်းသူများလည်း
နန္ဒ၀န်ဥယျာဉ်တော်ပေါက်၌ ရှိသမျှ ဓာတ်ခံကလေးများ ပျောက်မသွားအောင်
အတော်ထူထောင်ရလိမ့်မည်။
ပေါ့ပေါ့ဆဆနှင့် “နတ်ပြည်ကျမှ အားပါးတရခံစားမည်”ဟု
အားခဲနေသူတို့ကား အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူလာသော်လည်း ကာမဂုဏ်
အတွေ့ထူးဖြင့် မေ့မူးလျက် ရှိဦးမည်သာ။ ထို့ကြောင့် ကိုယ့်အစွမ်း ကိုယ့်တရားဖြင့်
အများကို ကယ်တင်မည့်ပုဂ္ဂိုလ်နှင့် အဂ္ဂသာဝက မဟာသာဝက အလောင်းတော်တို့မှတစ်ပါး
အခြားသူတို့ကား ယခုပင် ကြိုးစားသင့်ကြပါသည်။
“ဘေးပွဲကြုံ၊ အေးသဲတုန်
ကိုယ်စီကုတ်ပါလို့၊ အားထုတ်သင့်သား။ သို့ပါကို၊ ဘယ်တော့ ဘာလိုလိုနှင့်၊ နောင်ရေးကို
မျှော်ခေါ်လင့်လို့၊ ဘာဝနာ သီခေါင် လွင့်တယ်၊ ဖျင်းဖင့်အများ”