ပုဂ္ဂိုလ်လေးမျိုး
သာသနာပြုမည့် ဆရာဒကာတို့ မုချသိသင့်သော ပုဂ္ဂိုလ်လေးမျိုး
ရှိသေး၏၊ (၁)ပေးသာ ပေးကောင်း မတောင်းကောင်း,
(၂)တောင်းသာ
တောင်ကောင်း မပေးကောင်း,
(၃)ပေးလည်းပေးကောင်း
တောင်းလည်းတောင်းကောင်း,
(၄)ပေးလည်းမပေးကောင်း
တောင်းလည်းမတောင်းကောင်း
ဤသို့
ဆရာ ဒကာ နှစ်ဖက်လုံး သတိထားရမည့် ဒကာ ဒကာမအမျိုးအစား လေးမျိုးရှိသည်၊ ထိုလေးမျိုးတွင်...
ပေးသာပေးကောင်း အတောင်းကောင်း
ရဟန်းများက ထမင်း ဆေး စသည်ကို ပေးသာပေးကောင်း၍, သူတို့ အထံမတောင်းကောင်းသော ဒကာ ဒကာမတစ်မျိုးရှိ၏၊
ထိုသူ မျိုးကား-ဖုန်းတောင်း ယာစကာ အဖြစ်ဖြင့် တောင်းရမ်းလာသူ, ရှင်လောင်း, မိမိအခိုင်းအစေ
ကျောင်းသား , ဧည့်သည် အာဂန္တုအဖြစ်ဖြင့် စားနပ်ရိက္ခာမပါဘဲ ကျောင်းသို့ ခေတ္တရောက်လာသူ,
ဓားပြ သူပုန်နှင့် အစိုးရတို့တည်း၊ သူတို့အား ကျောင်းရောက်လာသောအခါ မိမိပိုင် ဆွမ်း
စသည်ကို ပေးကောင်း၏၊ မကျန်းမာလျှင် ဆေးပေးကောင်း၏၊ သူပုန် ဓားပြတို့မှာ ဘေးအန္တရာယ်
ပြုတတ်သောကြောင့် သံဃာပိုင် ပစ္စည်းကိုပင် ပေးကောင်း၏၊
ထိုသို့ပေးရာ၌ “ငါကပေးလျှင် သူကပစ္စည်း လှူလိမ့်မည်”
ဟူသော မျှော်လင့်ချက်ကား မရှိစေရ၊ ထိုသူတို့ထံ၌ သူတို့ ပိုင်ပစ္စည်းကို (အယုတ်သဖြင့်
ရေကိုမျှ) မတောင်းကောင်းပါ၊ ဤစကားကို ကြည့်၍ အရပ်ထဲမှ ခေတ္တမျှ ကျောင်းလာသူအား ဆွမ်းစသည်ကို
မပေးကောင်း၊ လူတစ်ချို့က ကျောင်းမှာရှိသော သစ်သီး ပန်း စသည်ကို လာ၍ တောင်းတတ်၏၊ လူမမာအတွက်
ဓာတ်စာဖြစ်လျှင်သာ အနည်းငယ် ပေးကောင်း၏၊ ဓာတ်စာမဟုတ်လျှင် မပေးကောင်း၊ မပေးလျှင် ကျောင်းကို
ရန်ရှာမည့်သူကိုကား ခိုးသား ဓားပြလို သဘောထား ၍ ပေးရပေလိမ့်မည်။ [တတိယပါရာဇိကနှင့် ကုလဒူသန သိက္ခာပုဒ် များ၏
အဋ္ဌကထာကို မှီ၍ ရေးသားသည်။]
တောင်းသာ တောင်းကောင်း၍ မပေးကောင်းသော ဒကာ
ဒကာ မတစ်မျိုးလည်း ရှိသေး၏၊ ထိုသူမျိုးကား ဆွေမျိုးတော်စပ်သူ, ဆွေမျိုး မတော်သော်လည်း
“အလိုရှိရာ တောင်းပါ” ဟု ဖိတ်မံထားသူတည်း၊
ထိုသူတို့ အထံ၌ ရဟန်းတို့နှင့် အပ်စပ်သော ဆွမ်းစသော ပစ္စည်းကို တောင်းကောင်း၏၊
ရဟန်းက ထမင်းစသည်ကို မပေးကောင်း၊ [ဆွေမျိုးတော်သူသည် မကျန်းမာလျှင် သူတို့မှာလည်း
ဆေးမရှိလျှင် မိမိရှိသော ဆေးကို ပေးကောင်း၏၊ ဆွေမျိုးမတော်ဘဲ ဖိတ်မံထားသူကား ကျောင်းအနီးမှာနေ၍ မိမိကို ပြုစုနေသူဖြစ်လျှင်သာ
ဝေယျာဝေစ္စပြု သူ ဖြစ်၍ ဆွမ်း ဆေးစသည် ပေးကောင်း၏၊ အိမ်မှာနေလျှင် ဘာမျှ မပေးကောင်း၊ အိမ်မှာနေခိုက် မကျန်းမာသော်လည်း
ဆေးမပေးကောင်း၊ ဆေးနည်းကိုမျှ တိုက်ရိုက် မပြောကောင်း၊]
ဤစကားကို ကြည့်၍ ဆွေ မျိုးမတော်သော ဒကာ ဒကာမတို့အား
ရင်းနှီးကြည်ညိုရုံ, ကျောင်း ဒကာ ကျောင်းအမ
ရဟန်းဒကာ ရှင့်အမဖြစ်နေရုံမျှဖြင့် ဘာမျှ မတောင်းကောင်းကြောင်း, “ကျောင်းဆောက်လိုက်ပါ,
ရဟန်းဒကာ ရှင်ဒကာ လုပ်ပါ” ဟုလည်း မခိုင်းကောင်းကြောင်း သတိပြုပါ၊ မတောင်း ဘဲလည်းယူသည်ကို
ကျေနပ်မည့်သူ ဖြစ်လျှင်ကား “၀ိဿာသဂ္ဂါဟ” ခေါ် အကျွမ်းဝင်သော နည်းဖြင့် ကိုယ်တိုင်လည်း
ယူကောင်း, တစ်စုံ တစ်ယောက်ကို “ယူချေစမ်း” ဟုလည်း ခိုင်းကောင်းပါသည်။
ပေးလည်းပေး တောင်းလည်းတောင်း
ပေးလည်းပေးကောင်း တောင်းလည်းတောင်းကောင်းသော
ဒကာ ဒကာမ တစ်မျိုးလည်း ရှိ၏၊ ထိုသူမျိုးကား မိဘတည်း၊ [မိမိတို့ ရဟန်း သာမဏေ အချင်းချင်းလည်း
ပေးကောင်းတောင်းကောင်း၏၊] မိဘတို့ သည် သားရဟန်းအထံမှ ဘာပစ္စည်းမဆို (သားရဟန်းပိုင်မှန်လျှင်) တောင်းကောင်း၏၊
သားရဟန်းကလည်း ပေးကောင်း၏၊ သို့သော် သာသနာတော်နှင့်
ဆိုင်ရာဝယ် အလွန်ရင်းနှီးသော သာသနာ့ဒါယာဒ (သာသနာ့ဆွေမျိုး ဖြစ်နေကြသော) မယ်တော် ခမည်းတော်တို့သည်
မိမိမှာ စားရေးသောက်ရေး ပြည့်စုံနေပါလျှင် မိမိကသာ လှူဖို့သင့်၏၊ အခြားသူတို့က လှူထားသော
ပစ္စည်းကို မတတ်သာလှမှ ယူသင့်၏၊ သားရဟန်ကလည်း
အခြားသူတို့က သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မိဘပင် ဖြစ်သော်လည်း စားရုံ သောက်ရုံထက်
ပို၍ စီးပွားဖြစ် မပေးသင့်ပါ။
မပေးကောင်း မတောင်းကောင်း
ပေးလည်းမပေးကောင်း, တောင်းလည်းမတောင်းကောင်းသော
ဒကာ ဒကာမတစ်မျိုးရှိ၏၊ ထိုသူကား...ဆွေမျိုးလည်းမတော်, ဖိတ် မံထားသူလည်း မဟုတ်, သူတောင်းစားလည်း
မဟုတ်, ရိက္ခာမပါဘဲ ကျောင်းသို့ ရောက်လာသော
ဧည့်သည်, သူခိုး ဓားပြ, အစိုးရ စသူလည်း မဟုတ်သော ရိုးရိုးဒကာ ဒကာမတည်း၊
ထို့ကြောင့် ထိုကဲ့သို့ ဒကာ ဒကာမတို့ထံမှ
တစ်စုံတစ်ရာ အပ်သောပစ္စည်းကို အလိုရှိပါလျှင် ဆွမ်း ရပ်သကဲ့သို့ သူတို့အနီးသို့ (အိမ်သို့)
သွား၍ ရပ်ရသည်၊ ““ဘာအလိုရှိ ပါတုန်း””ဟု မေးမှ အလိုရှိတာကို ပြောနိုင်သည်၊ “မတတ်နိုင်သေးပါ”
ဟု လျှောက်လျှင် ထပ်၍ တရားစကားပြောမနေရ၊
တရားစကားပြောမှ ရလျှင် ထိုပစ္စည်း မအပ်တော့၊
[ဤစကားကို ကြည့်၍ “ယခုခေတ် အချို့ကိုယ်တော်များသည် အိမ်ပေါ်တက်ထိုင်၍လည်းကောင်း, ကျောင်း
သို့ ရောက်လာသောအခါ၌လည်းကောင်း “ဘာလှူပါ, ညာလှူပါ” ဟု အလှူခံကြခြင်းကား ၀ိနည်းတော်နှင့်
မညီ၊ ထိုသို့ ပြော၍ လှူအပ်သော ပစ္စည်းသည် ရဟန်း သာမဏေ အားလုံးပင် မသုံးစွဲအပ်”ဟု မှတ်ပါ။]