မအပ်သောငွေ
မကိုင်ကောင်း မသုံးစွဲကောင်း မစီမံကောင်းသောကြောင့်
“ဘုန်းကြီး ရဟန်း သာမဏေတို့အား ငွေမအပ်”ဟု ပြောစမှတ်ပြုကြသည်၊ ထိုသို့ မအပ်ခြင်းမှာလည်း
ဘုရားရှင်က ၀ိနည်းတော်၌ မကိုင်ဖို့ရန် မသုံးဖို့ရန် မစီမံဖို့ရန် တားမြစ်ထားသောကြောင့်
ဖြစ်သည်၊
ချဲ့ဦးအံ့-ရွှေ ငွေများကို ကိုင်လျှင် “အနာမာသဒုက္ကဋ်”ဟု
ပညတ်တော်မူ၏၊ [အနာမာသ-မသုံး သပ်ကောင်း မကိုင်ကောင်းပါဘဲ သုံးသပ်ခြင်း, ကိုင်ခြင်းကြောင့်
အပြစ် သင့်အပ်သော+ဒုက္ကဋ်အာပတ်၊ သာမဏေများကိုင်လျှင် ဒဏ်ထိုက်၏၊ သဲဒဏ်, ရေဒဏ်များကို
ထမ်းဆောင်ရမည်-ဟူလို]
ငွေကိုင်းမှု အပြစ်က သာ၍ကြီး၏၊ ထိုငွေဖြင့်
ဆွမ်းဝယ်လျှင်, ကျောင်းဆောက်လျှင် ထိုပစ္စည်းကို သုံးစွဲသူအားလုံး သုံးစွဲတိုင်း သုံးစွဲတိုင်း
ဒုက္ကဋ်အာပတ် ထပ်၍ ထပ်၍သင့်၏၊
လူတို့က လူလို၍ မဟုတ်ဘဲ မိမိက အလှူခံသောကြောင့်
လူသည်ကို လက်ခံ သာယာလျှင်လည်း ဤအာပတ်ပင်တည်း၊ သို့သော အလှူခံမှုကြောင့် ဒုက္ကဋ်အာပတ်တစ်မျိုးတိုးသွားသည်၊
ဤသို့ ငွေနှင့်စပ်၍ မအပ်သော နည်းများကို သိထားပြီးလျှင် အပ်သောနည်းကိုလည်း မှတ်သားကြပါ။
ငွေမှဖြစ်သော ပစ္စည်း
အလှူဒါန ပြုရာ၌ ငွေပါလျှင် “ထိုငွေကို ငါမသာယာ”
ဟု စိတ်က ပယ်ထားပါ၊ ထို ငွေကို ကျောင်းသားစသော ကပ္ပိယထံရောက်၍ ကပ္ပယလုပ်သူက (တစ်ဆယ်ဖြစ်လျှင်
) “တစ်ဆယ်တန်း အပ်သော ပစ္စည်းကို တောင်းပါ ” ဟု လျှောက်လျှင် ခဲတံ စသော ပစ္စည်းကို တောင်ယူနိုင်၏၊ [“ထိုငွေဖြင့် ခဲတံ ၀ယ်ပေးပါ စသည်ဖြင့်ကား
မစီမံကောင်း] တစ်စုံတစ်ယောက်က ငွေလာလှူလျှင် “ငွေမအပ် ” ဟုပယ်ပါ၊
ကပ္ပိယဘယ်မှာလဲဟု လျှောက်၍ ကပ္ပိယထံ အပ်နှံပြီးလျှင်
“အလိုရှိသောအခါ အပ်သောပစ္စည်းကို အလှူခံရစ်ပါ ” ဟု လျှောက်လျှင် ထိုကပ္ပိယထံ အပ်သောပစ္စည်းကို
တောင်းကောင်း၏၊ လှူသူက မလျှောက်ဘဲ ကပ္ပိယကလျှောက်လျှင်လည်း ကပ္ပိယထံ တောင်းကောင်း၏၊
“ငွေကို
မအပ်ဘူး” ဟု ပယ်သောအခါ အလှူရှင်က ကပ္ပိယထံ မလွှဲတော့ဘဲ “တပည့်တော်ထံ အပ်သော ပစ္စည်းကို
အလှူခံပါ” ဟုလျှောက်လျှင်လည်း ထိုအလှူ့ရှင်ထံ အပ်သောပစ္စည်းကို တောင်းယူကောင်း၏။
ကပ္ပိယအထံ လွှဲအပ်ရခြင်းသည် အလှူ့ရှင်နှင့် အလှူခံ
ဘုန်းကြီးတို့က နေရပ်ချင် မတူကြသဖြင့် အလိုရှိလျှင် အလွယ်တကူ မရမည်စိုသောကြောင့် ဖြစ်၏၊
တစ်ရပ်တည်း ဖြစ်လျှင် “မိမိအထံတောင်းပါ ” ဟုလျှောက်ခြင်းက သာ၍ စိတ်ချရသည်။
သာသနပြု သတိ
ဘုရားရှင်သည် ငွေနှင်စပ်၍ ဤမျှလောက် တင်းတင်း ကြပ်ကြပ် ပညတ်တော်မူထားပါသည်၊ သို့ပါလျက် ယခုအခါ
အလှူဒကာတို့သည် ငွေကိုပေါ့ပေါ့ဆဆ လှူလိုက်ကြ၏၊ နဂိုယ်က ကပ္ပိယထံ အပ်၍ သပ်သပ်ရပ်ရပ် လှူလိုက်စေကာမူ
ကပ္ပိယလုပ်သူက မလျှောက်တတ်လျှင်လည်း မအပ်ဖြစ်ပြန်၏၊
ကပ္ပိယက လျှောက်တတ်စေကာမူ အလှူခံပုဂ္ဂိုလ်က “ထိုငွေကို
မည်သည့်နေရာ ထားလိုက်” ဟု လည်းကောင်း, “ထို ငွေဖြင့် မည်သည့်ပစ္စည်းကို ၀ယ်ပေးစမ်း”
ဟု လည်းကောင်း စီးမံလျှင်လည်း မအပ်ဖြစ်ပြန်၏၊
သာ၍သနားဖွယ် ကောင်းသည်ကား မိဘတို့သည် သားရဟန်း
သားကိုရင် စာသင်သွားရာ၌ ဆင်းရဲမည်စို၍ သား၏သေတ္တာထဲမှာ ငွေထည့် လိုက်ရှာကြ၏၊ ဘုန်းကြီး၏
ဖခမည်းတော်သည်ပင် ဘုန်းကြီးသေတ္တာ ထဲ၌ စာသင်သွားစဉ်က ထည့်လိုက်ရှာပါသေးသည်၊ ဤနေရာက
နေ၍ မိမိ၏ ဖခမည်းတော်အား မိမိ၏ သာသနာပြုပါရမီကို အမျှပေးပါသည်။
ငွေသည်အဆိပ်
ထိုသို့ သေတ္တာထဲ၌ ထည့်လိုက်သည်က စ၍ ထိုငွေသည်
အဆိပ် ပမာ လောင်ပါတော့၏၊ ထိုငွေဖြင့် ဆွမ်းဝယ်စားလျှင် အဆိပ်ကိုပင် စားရခြင်း ဖြစ်တော့၏၊
“ဘယ့်နှယ်လဲ မိဘတို့...ချစ်လှစွာသော သား ကို အဆိပ်ခပ်၍ သတ်ရာ မရောက်ပါလော” ထိုမျှလောက်
အပြစ်များ သောကြောင့်ပင် ငွေအလှူခံမှုကို အကြောင်းပြု၍ ဒုတိယ သံဂါယနာ တင်ရသည်အထိ ရှေးရှေးက
ရဟန္တာများ ကြောင့်ကြများတော်မူခဲ့ကြ ပါသည်၊ [အနာဂတ်သာသနာရေးစာအုပ်၌ ဒုတိယသံဂါယနာတင်ခန်း
ကို ပြန်၍ကြည့်ပါ၊]
ထို့ကြောင့် သာသနာ့ဝန်ဆောင်တိုက်ကြီး တည်၍
အနာဂတ်သာသနာ ပြုလိုသော ဒါယကာ ဒါယိကာမတို့သည် မိမိတို့ လည်း သာသနာပြုနည်းကို နားလည်အောင်,
ကျောင်းတိုက်၏ ဂေါပက အဖွဲ့ကိုလည်း နားလည်သူများ စုပေါင်း၍ ဖွဲ့ထားနိုင်အောင် ကြိုးစား
မှသာ ဘုရားအလိုတော်ကျသော သာသနာပြု ဖြစ်နိုင်မည့် အကြောင်း ကို ကောင်းကောင်း သတိပြုကြပါလေ။