Saturday, December 14, 2013

"အတွေးလက်အုပ်ဖြင့်ဦးတင်ပါသည်ဘုရား"


အခု ဖူးမြင်နေရတဲ့ စေတီတော်ဟာ
တောင်ဖီလာစေတီလို့ ဘွဲ့မည်တွင်ပါတယ်။

ဒီစေတီတော်ကို ဖူးမြင်ရတော့ တောင်ဖီလာဆရာတော်ရဲ့
ပုံရိပ်တွေ ဘယ်လိုင်းက ထုတ်လွင့်နေတယ်မသိ၊
စိတ်ထဲမှာ ဟိုတစ်စ ဒီတစနဲ့
ကိုယ်ထင်ပြနေပါတော့တယ်။

ဒီစေတီတော်နဲ့ ပတ်သက်တဲ့
နှောင်းပုံရိပ် အကြောင်းအရာလေးကတော့
ကိုယ့်ထက်သာသူကို မရှုစိမ့်နိုင်တဲ့
အပြိုင်အဆိုင် ခေတ်ကြီးထဲမှာ အထူးအဆန်းလို့ ပြောရမလိုပါပဲ။


တနေ့သ၌မှာပေါ့ တောင်ဖီလာဆရာတော်ကြီးဟာ
ကိုယ်စီရင်ရေးသားထားတဲ့ ဝိနည်းပါဠိအဋ္ဌကထာ နိဿယနဲ့
ရွှေဥမင်ဆရာတော်ကြီး စီရင်ရေးသားတော်မူတဲ့
ဝိနည်းပါဠိအဋ္ဌကထာနိဿယကို တိုက်ဆိုင်ဖို့ဆိုပြီး
ရွှေဥမင်ဆရာတော် သီတင်းသုံးတဲ့ဆီ ကိုယ်တိုင်ကြွတော်မူလာတာပေါ့။

သာရဏီယကထာစကား မိန့်တော်မူကြပြီးမှာ
ဝိနည်းနိဿယကို တောင်းလို့ကြည့်လိုက်တော့
"ငါစီရင်တဲ့ ဝိနည်းနိဿယက ကျယ်လွန်းတယ်၊
သူ(ရွှေဥမင်ဆရာတော်)စီရင်တဲ့ နိဿယက ကျဉ်းတယ်၊
ဒီလောက်နဲ့ကို နောင်လာနောက်သားတို့ မှီရာဖြစ်လောက်ပါပြီ"

နှစ်နည်းရှိရင် လောကမှာ ဘုရားနှစ်ဆူပွင့်ပါက
သူ့ဘုရားသာတယ် ငါ့ဘုရားသာတယ်ဆိုပြီး
ငြင်းခုံမှုသာတိုးပွား အကျိုးမများရာသကဲ့သို့ ရှိတော့မယ်လို့
နှးလုံးသွင်းတော်မူပြီး

မိမိစီရင်တဲ့ နိဿယကို စေတီရင်ပြင်မှာ မီးပူဇော်လိုက်တယ်လို့
သီလဝိသောဓနီကျမ်းမှာ တတိယနံမော်ဆရာတော်က မှတ်တမ်းတင်ခဲ့ပါတယ်။

မှော်ဘီဆရာသိန်းရဲ့ ရှေးဟောင်းရှေးဖြစ်စာတမ်းမှာတော့
တောင်ဖီလာဆရာတော်က
တပည့်တော် စီရင်သော နိဿယများကို
ပြင်လွင်သို့ မပျံ့စေဘဲ ဖုံးအုပ်ထားပါတော့မည်၊ အရှင်စီရင်သော
နိဿယများသည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံး ပျံ့နှံ့၍ သာသနာအရိပ်ကြီး ဖြစ်စေလိုကြောင်း
လျှောက်ထားရာ ရွှေဥမင်ဆရာတော်ဘုရားက
သာဓုသုံးကြိမ်ခေါ်ဆိုပါသတဲ့
နိဿတွေကိုတော့ ဌာပနာသွင်းကာ စေတီတည်ခဲ့တယ်လို့
အဲဒီစာတမ်းမှာ ဆိုပါတယ်။

သာသနာလင်္ကရစာတမ်း သာသနဗဟုဿုတပကာသနီကျမ်းတွေမှာတော့
ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ထားတာ မတွေ့မိပါဘူး။

သက္ကရာဇ် ၁ဝဝ၃ ခုနှစ်တွင်
မိမိရေးသား ပြုစုသော ကျမ်းစာအုပ်များကို
ဌာပနာပြုကာ စေတီတစ်ဆူ တည်သည်။
ယင်းစေတီကို ''တောင်ဖီလာဘုရား''ဟု ခေါ်တွင်ခြင်း ဖြစ်တော့သည်-လို့
မှတ်တမ်းတင်ထားတာတွေ့ရပါသေးတယ်။

ဒီမှာက သမိုင်းကို စိစစ်ပြဖို့ မဟုတ်ပါဘူး၊ စိစစ်ပြနိုင်စွမ်းလည်း မရှိပါဘူး။
ပြောချင်တာက ဆရာတော်ရဲ့ လှပတဲ့ စိတ်ဓာတ်
ကိုယ့်ထက်သာ နာလိုတတ်တဲ့ စိတ်ဓာတ်
နောင်လာနောင်သားတွေအပေါ် အမြော်မြင်ကြီးကြီး ထားတော်မူတဲ့စိတ်ဓာတ်ပါ။

အရာရာပြိုင်နေတဲ့ ဒီခေတ်ကြီးမှာ
ကိုယ်ကနောက်ဆုတ်ပြီး
သူ့ကို ရှေ့တန်းတင် မြှောက်စားဖို့ နေနေသာသာ
တိုက်ရိုက်တမျိုး သွယ်ဝိုက်လိုက်လို့ တစ်ဖုံ
တိုက်စစ်ဆင် ထိုးနှက်တတ်ကြတယ်လေ၊

နောက်လာနောက်သားတွေရဲ့
အကျိုးစီးပွားအတွက် မြော်မြင်မှုတွေကို
ငါလတ်တလော ကျော်ကြားဖို့ဆိုတဲ့
အတ္တတွေ မာနတွေက လွှမ်းမိုး လုယူသွားကြတယ်။

ဆရာတော်လို ကိုယ်ထက်သာ နာလိုတတ်တဲ့စိတ်ဓာတ်
နောင်ရေးကို မြော်တွေးတတ်တဲ့ အမြင်ကြီးတဲ့စိတ်ဓာတ်တွေ
ကိုယ့်နှလုံးသားထဲအရောက် မိတ္တူပွားပေးဖို့
မူရင်းထက် ကောင်းအောင် ကူးပေးမယ်ဆိုတဲ့
ခေတ်ပေါ် မိတ္တူစက်ကြီးတွေက လုပ်ပေးနိုင်ရင်
ဘယ်လောက်ကောင်းမလဲလို့

ဟိုး ခပ်လှမ်းလှမ်းက တောင်ဖီလာစေတီတော်ကို
အတွေးလက်အုပ်ကလေးနဲ့
ဦးတင်မိပါတော့တယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ