ယခုခေတ်ကထိန်
အစပထမ၌ “ကထိန်အလှူ” ဟူသည် သင်္ကန်းအလှူပင်ဖြစ်၏၊ နောက်မှ
သင်္ကန်း၏ အခြံအရံအဖြစ်ဖြင့် အခြားလှူဖွယ်တွေ ပါလာ၏၊ ထိုအခြား လှူဖွယ်များတွင် ကျောင်း၌
မရှိမဖြစ်သော ပစ္စည်းမျိုးဆိုလျှင် သင့်တော်ပါသေး၏၊
ယခုသော် ပဒေသာပင် သီး၍ လှပအောင် တိုလီမိုလီကလေးတွေ
များလှ၏၊ ပဒေသာတစ်ပင်လျှင် (၅၀)တန် တစ်ရာတန် စသည်ဖြင့် ဂုဏ်ယူကြ၏၊ ကျောင်းရောက်သော်ကား
အသုံးမကျလှ၊ လူတွေမှာလည်း အကုန်မနည်းချေ၊ ဒီအထဲမှာ ပွဲတွေ ကိုလည်း ထည့်လိုက်ရသေး၏။
ပွဲလမ်းအတွက် ကုန်ကျစရိတ်နှင့် အသုံးမ၀င်သော
တိုလီမိုလီ အတွက် ကုန်ကျငွေကို နုတ်လိုက်လျှင် ကျောင်း၌ အသုံးဝင်သော သင်္ကန်း စသည်၏ တန်ဖိုးမှာ
ငါးပုံ ပုံ တစ်ပုံမျှ ပါကောင်း ပါပေလိမ့်မည်။
ရန်ကုန်မြို့၌ ကထိန်လှည့်လည်သည်ကို ကြည့်ရှုနေသော
ပေါက်ဖော်သူဌေးတစ်ယောက်က မြန်မာလူကြီးတစ်ယောက်အား “ခင်ဗျားတို့လည်း အရမ်းမဲ့အလှူတွေ
မရှိလျှင်, ကျွန်တော်တို့မှာ လည်း ဘိန်းရှူသူတွေ မရှိလျှင် ကြွယ်ဝချမ်းသာသောနိုင်ငံ
ဖြစ်မှာပဲ” ဟု ပြောသတဲ့။
ဗုဒ္ဓဥပါသကာ ဥပါသိကာမတို့သည် ဒူးနေရာဒူး,
တော်နေရာတော် ဆိုသလို ဘာသာရေးကိစ္စ၌ ပွဲလမ်းသဘင် အပျော်အပါးကိုလည်း ရှောင်ရှားဖို့ရန်
တောင်းပန်လိုပါသည်၊
မိမိတို့ အလှူဝတ္ထုနှင့် ကျောင်းမှာ အသုံး
တည့်-မတည့်, အသုံးတည့်ပြန်လျှင် သာသနာရေးဆိုင်ရာ ပရိယတ် ပဋိပတ်ကို အားပေးရာ ရောက်-မရောက်ကိုလည်းကောင်း,
အကျိုးမများလှသော အသုံးအဆောင် ပစ္စည်းများအတွက် နိုင်ငံခြားသို့ တိုင်းပြည်မှ ငွေများ
မထွက်စေဖို့ကိုလည်းကောင်း သတိပြုစေလိုသည်။
(အနာဂတ်သာသနာရေးကျမ်းစာမှ)