ပဋိသန္ဓေတည်သောအခါ တချို့ပုဂ္ဂိုလ်က အပါယ်ဘုံ၌ တည်ရ၏။ ထိုအပါယ်ဘုံသားများကို ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ဟု ခေါ်၏။ (ဒုဂတိ = မကောင်းသောဂတိ (ဘ၀) ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်များ မပါသောပုဂ္ဂိုလ်။) လူနှင့် လူ့ပြည်၌ရှိကြသော အချို့နတ်ငယ်ကလေးများ၌လည်း ထိုကဲ့သို့ အဟိတ်ပုဂ္ဂိုလ်များရှိ၏။ ထိုပုဂ္ဂိုလ်များကို သုဂတိအဟိတ်ပုဂ္ဂိုလ်ဟုခေါ်၏။ (သုဂတိ = ကောင်းသောဂတိ၌ + အဟိတ် = ပဋိသန္ဓေစိတ်မှာ ဟိတ် ၃-မျိုးမပါသူ။) ဒွိဟိတ် တိဟိတ် ၂-မျိုးကို နောက်၌ပြအံ့။
သုဂတိအဟိတ်လူ
ထိုပြခဲ့သော “သုဂတိအဟိတ်”
လူတို့သည် အလွန်ညံ့သော ကုသိုလ်ကံကြောင့် လူ့ဘ၀၌ဖြစ်လာရကား အကန်း၊
အအ(စကားမပြီသူ)၊ အဆွံ့(မသွားနိုင်သူ)၊ အထိုင်း(နားထိုင်းသူ)၊
အဖျင်းအညံ့(အရှေ့အနောက် တောင်မြောက်၊ ပဲ မူး မတ် စသည်ကိုမျှ သင်ပြ၍
နားမလည်နိုင်သူ)၊ နပုန်ပဏ္ဍုက်(ယောက်ျားအင်္ဂါ မိန်းမအင်္ဂါ ၂-မျိုးလုံး ပါနေသူ)
ဤသို့စသည်ဖြင့် လူတန်းမစေ့သူများ ဖြစ်ကြလေသည်။
ထိုနတ်များလည်း သေးသိမ်သော
ရှေးကုသိုလ်ကံကြောင့်ဖြစ်ရ၏။ “နတ်”ဆိုရရုံသာ။ တန်ခိုးမရှိ ဘုံဗိမာန်
သီးခြားမရှိ။ ဘုမ္မစိုး ရုက္ခစိုးဟုခေါ်သော နတ်ကြီးများကို မှီခို၍ ထိုနတ်ကြီးများ၏
ဗိမာန်အနီးအပါး၌ နေကြရသည်။ အစားအသောက်လည်း ကျကျနနမရှိ။ အစိမ်းတစ္ဆေများကဲ့သို့
ထမင်းလုံးဟင်းပေါက်ကို ကောက်ယူစားသောက်ကြရ၏။ တစ်ခါတစ်ရံ သမာဓိနည်းပါးသော
မိန်းမများနှင့် ကလေးများကို ခြောက်လှန့်ပူးကပ်၍ ထိုသူတို့ပစ်အပ်သော တစ္ဆေစာ(ခေါစာ)
ကိုပင် စားသောက်ကြရသည်။
အမျိုးအစားအားဖြင့်
စတုမဟာရာဇ်နတ်မျိုးပင်တည်း။ လူ့ပြည်၌ လူဆင်းရဲဖြစ်သော်လည်း တချို့မှာ
ပညာအရည်အချင်း ရှိတတ်သကဲ့သို့ ထို့အတူ ထိုနတ်ဆင်းရဲများတွင်လည်း သုဂတိမဟုတ်ဘဲ
ပြလတ္တံ့သော ဒွိဟိတ် တိဟိတ်နတ်များလည်း ရှိကြရုံသာမက ဘုရားရှင်လက်ထက်တော်ကမူ
ထိုကဲ့သို့သော နတ်ဆင်းရဲအများပင် မဂ်ဖိုလ်ကို ရကြပေသေးသည်။
ဒွိဟိတ်ပုဂ္ဂိုလ်
ဒါနခန်း၌ ဒွိဟိတ်ဥက္ကဋ္ဌ ကုသိုလ်၊
တိဟိတ်သြမက ကုသိုလ်ဟု ပြခဲ့ပြီ။ ထိုကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံမှာ
ဖြစ်သော်လည်း ကုသိုလ်ပြုစဉ်က အမောဟဟုခေါ်သော ဉာဏ်ပညာနှင့် ယှဉ်၍
မပြုမိခဲ့သောကြောင့်သော်လည်းကောင်း၊ ဉာဏ်ပညာပါသော်လည်း မထက်သန်၊ ထက်သန်သော်လည်း
မိမိ၏ကုသိုလ်ကို ပြန်၍ စိတ်ပျက် ဤအချက်များကြောင့်သော် လည်းကောင်း ပဋိသန္ဓေစိတ်၌
အလောဘ အဒေါသ ဟိတ် ၂-မျိုးသာပါသော ဒွိဟိတ်ပုဂ္ဂိုလ် ဖြစ်ရလေသည်။
ပြခဲ့သော အဟိတ်ပုဂ္ဂိုလ် ၂-မျိုးနှင့်
ဤ ဒွိဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေစိတ်ဟူသော မျိုးစေ့က ညံ့ဖျင်းသောကြောင့် ထိုဘ၀၌
ဈာန်မဂ်ဖိုလ်များ ရခွင့်မရှိကြတော့။ သို့သော် ကမ္မဋ္ဌာန်းအားထုတ်လျှင် နောင်ခါ
တိဟိတ်ပုဂ္ဂိုလ်ဖြစ်ဖို့အကြောင်း ကောင်းမြတ်သော ကုသိုလ်ဖြစ်သည့်အပြင် အစုံပါသဖြင့်
ဈာန်မဂ်ဖိုလ်လည်း ရလွယ်နိုင်သောကြောင့် ယခုဘ၀ မရသော်လည်း ကြိုးစား၍ အားထုတ်မိအောင်
သတိပြုကြရမည်။
တိဟိတ်ပုဂ္ဂိုလ်
ဒါနခန်း၌ ပြခဲ့ပြီးသော တိဟိတ်ဥက္ကဋ္ဌ
ကုသိုလ်စိတ်ကြောင့် လူ့ပြည်နတ်ပြည်ဝယ် ဖြစ်ရသောအခါ ပဋိသန္ဓေစိတ်၌ (အလောဘ အဒေါသ
အမောဟ) ဟိတ် ၃-ပါးပါသော တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရ၏။ ထိုပုဂ္ဂိုလ်မျိုးကား တတ်သိနားလည်၏။
ကြိုးစားလျှင် ဈာန်ကိုရနိုင်၏။ ပါရမီပြည့်လျှင် မဂ်ဖိုလ်ကိုလည်း ရနိုင်သည်။
ယခုကာလ တိဟိတ်ပုဂ္ဂိုလ်တို့ ပေါများ၏။ စည်းကမ်းကျအောင် အားမထုတ်ကြ၍သာ တရားထူးမရဘဲ
ရှိကြရလေသည်။ ဤသို့လျှင် ပဋိသန္ဓေစိတ်ရင်းက ကွဲပြားခဲ့သောကြောင့် ဒုဂ္ဂတိအဟိတ်၊
သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်အားဖြင့် ပုထုဇဉ် ၄-မျိုး ကွဲပြားရသည်။
အရိယာရှစ်ယောက်
ထိုတိဟိတ်ပုထုဇဉ်သည်ပင် တရားအားထုတ်၍
သောတာပတ္တိမဂ်ကိုရလျှင်
(၁) သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်ဖြစ်သည်။
သောတာပတ္တိဖိုလ်ကိုရလျှင် (၂) သောတာပတ္တိဖလဋ္ဌ “သောတာပန်ပုဂ္ဂိုလ်” ဖြစ်၏။
ဤနည်းအတိုင်း အထက် မဂ် ဖိုလ်များကို အဆင့်ဆင့်ရလျှင် - ၃။ သကဒါဂါမိမဂ်ရပုဂ္ဂိုလ်၊ ၄။
သကဒါဂါမိဖိုလ်ရပုဂ္ဂိုလ်
၅။ အနာဂါမိမဂ်ရပုဂ္ဂိုလ်၊ ၆။ အနာဂါမိဖိုလ်ရပုဂ္ဂိုလ်
၇။ အရဟတ္တမဂ်ရပုဂ္ဂိုလ်၊ ၈။ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်ဖြစ်၏။
၅။ အနာဂါမိမဂ်ရပုဂ္ဂိုလ်၊ ၆။ အနာဂါမိဖိုလ်ရပုဂ္ဂိုလ်
၇။ အရဟတ္တမဂ်ရပုဂ္ဂိုလ်၊ ၈။ အရဟတ္တဖိုလ်ရပုဂ္ဂိုလ်ဖြစ်၏။
(၈-နံပါတ်ကို “ရဟန္တာ”ဟုခေါ်၏။
ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်သည်လည်း ဉာဏ်အထူးရတော်မူသော ဤရဟန္တာများပင် ဖြစ်ပါသည်။)