သာသနာမှာနေရင် တရားနဲ့နေမှ ကောင်းမယ်။ တရားလက်လွတ်နေရင် မကောင်းဘူး။ (ကောဂစ္ဆတိ) ဘယ်သူသွားသလဲ။ ဘယ်သူမှ သွားတာ မဟုတ်ဘူး။
သွားချင်တဲ့စိတ်ကြောင့် ဝါယောဓာတ်တွေ လှုပ်ရှားပြီး ရုပ်ကြီးက သွားနေတာ။ သူရယ်ငါရယ်ဆိုတာ မရှိဘူး။ ရုပ်နာမ်သာရှိတယ်။ သူ ငါထင်ပြီး သွားတယ်သွားတယ်လို့ မှတ်နေကြတာဟာ ခွေးတောင် သိသေးတယ်လို့ စာက ဆိုထားတယ်နော်။ တကယ်သိရမှာက ဒီလိုတဲ့ စာက………
( အိုအိုလူများ သတိထားလော့
သွားဆဲကာလ ခါသမယဝယ်
ပထမခြေလှမ်း ရုပ်နာမ်တန်းတို့
လှမ်းဒုတိယ မရောက်ကြဘူး။
ဒုတိယလှမ်း ရုပ်နာမ်တန်းလည်း
လှမ်းတတိယ မရောက်ကြပင်
တစ်လှမ်းတွင်လည်း မြှောက်စဉ်တစ်မျိုး
ရှေ့တိုးတစ်ဖုံ လန်တုံတစ်ဝ
အောက်ချတစ်ခင်း ထိခြင်းတစ်လွှေ့
ဖိနင်းစေ့အောင် တရွေ့ရွေ့မြန်း
ခြေလှမ်းပိုင်းခြား အစိတ်ခြောက်ပါးဝယ်
သွယ်သွယ်နာမ်တန်း ရုပ်အတန်းတို့
နှမ်းအိုးခင်းထက် နှမ်းတွေကျက်သို့
ဖြစ်ပျက်နေကြ အနိစ္စသည်
ဒုက္ခ အနတ္တချည်းသာတည်း) တဲ့။
ဆိုကြပါစို့။ လမ်းသွားတဲ့ အခါမှာ ပထမ ခြေလှမ်းတုန်းက ဖြစ်ပေါ်လာတဲ့ ရုပ်နာမ် အစဉ်တန်းတွေဟာ ဖြစ်ပျက် ဖြစ်ပျက်နဲ့ ဒုတိယခြေလှမ်းအထိ မပါတော့ဘူး။ နောက်တစ်ခါ ဒုတိယခြေလှမ်းမှာ ဖြစ်ပျက်တဲ့ ရုပ်နာမ်အစဉ်အတန်းဟာ တတိယခြေလှမ်းရောက်တော့ မရှိတော့ဘူး။
ဒါတစ်လမ်းချင်းကို ပြောနေတာ။ ဒီထက်ထပ်ပြီး စိတ်လိုက်ရင် ခြေတစ်လှမ်းမှာပဲ ခြေထောက်ကို မြှောက်လိုက်တဲ့ အချိန်မှာ ဖြတ်တဲ့ ရုပ်နာမ်ဟာ ရှေ့တိုးတဲ့ အချိန်မှာ မရှိတော့ဘူး။ ရှေ့တိုးတဲ့အချိန် ဖြစ်ပျက်တဲ့ ရုပ်နာမ်ဟာလည်း အောက်ချတဲ့အချိန် မရှိတော့ဘူး။ အောက်ချတဲ့အချိန် ဖြစ်ပျက်တဲ့ ရုပ်နာမ်ဟာလည်း အောက်ထိတဲ့ အချိန်မှာ မရှိတော့ဘူး။ နောင်တစ်ခါ ထိတဲ့အချိန် ဖြစ်ပျက်တဲ့ ရုပ်နာမ်အစဉ်ဟာလည်း ဖိနင်းတဲ့ အချိန်မှာ မရှိတော့ဘူး။ ဖြစ်ပျက် ဖြစ်ပျက်ပဲ။
အဲသလိုပေါ့။ ရုပ်နာမ်တွေဟာ လက်ဖျစ် တစ်တွက်အတွင်းမှာ ကုဋေတစ်သိန်းမက ဖြစ်ပျက်နေတယ်။ ဘာမှ မြဲတယ်ဆိုတာ မရှိဘူး။ ဒါကြောင့် သွားတဲ့နေရာမှာ ပုဂ္ဂိုလ် သတ္တဝါ သူငါဆိုတာ မပါစေနဲ့။
အရှိမှန်ဖြစ်တဲ့ ရုပ်နာမ်ကို အရှိမှန်တိုင်း မြင်အောင် ကြည့်ရမယ်။ အဲသလို မြင်မှ သက္ကာယဒိဋ္ဌိ ကင်းမယ်။ ရုပ်နာမ်ကို ရုပ်နာမ်အတိုင်း မြင်အောင် ကြည့်တဲ့ အချိန်မှာ သက္ကာယဒိဋ္ဌိ ကင်းနေတာပဲ။ တဒင်္ဂပဟာန်နဲ့ ပယ်ထားတယ်လို့ခေါ်တယ်။
ဒီနာမရူပပရိစ္ဆေဒဉာဏ် ရင့်သန်လာအောင် အားထုတ်ယူရမှာ။ ဒီကိလေသာတွေကို ကြာကြာပယ်နိုင်တော့ ဝိက္ခမ္ဘနပဟာန်လို့ ခေါ်တယ်။ နောက်ရှုပါများလာလို့ အမြစ်ပြတ်ပယ်တော့ သမုစ္ဆေဒပဟာန်လို့ ခေါ်တယ်။
သောတာပတ္တိမဂ်ဉာဏ် ပေါ်လာတယ်။ အဲဒီကြတော့ အပါယ်တံခါး ပိတ်ပြီ။ ဒါကြောင့် သာမန် သွားတယ် သွားတယ်လို့ ရှုနေရုံနဲ့ မပြီးဘူး။ သာမန် သွားတယ် သွားတယ်လို့ သိနေခြင်းဟာ ခွေးတောင်သိတယ်လို့ စာကဆိုတယ်။ ဒါကြောင့် တရားရှုတဲ့နေရာမှာ ရုပ်နာမ်အတိုင်း မြင်အောင်ရှုကြ။
ကျေးဇူးတော်ရှင် အမရပူရမြို့
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ။
အရှင်ဝေရောစန (ရွှေဘိုဘုန်းဝေ) ၏
နံနက်ဆည်းဆာ သြဝါဒ အမြိုက်ရတနာများ စာအုပ်မှ ကူးယူပူဇော်ပါသည်။
Shwe Tun ၏ facebook မှ ကူးယူဝေငှပါသည်။