ဦးဘရဲ့ စိတ်က
ဆိုပါစို့ - မဟာဝိပါတ် ဉာဏဝိပ္ပယုတ်စိတ်ထဲက တစ်ခုခုဖြစ်တယ်၊ ဦးဘရဲ့ ဘဝမှာ တရားနာတယ်၊
တရားအားထုတ်တယ်၊ စာပေတွေ လိုက်စားတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်တယ်၊ အဲဒီစွမ်းအားကြောင့်
ကြည့်နော် ဦးဘ ဘဝတုန်းကတော့ ဉာဏဝိပ္ပယုတ်နဲ့ ပဋိသန္ဓေ နေလာတယ်၊ ဉာဏဝိပ္ပယုတ် နဲ့ ပဋိသန္ဓေ
နေလာသည့်အတွက်ကြောင့် သူ့ရဲ့ စုတိကလည်းပဲ ဉာဏဝိပ္ပယုတ်စုတိပဲ၊ အဲဒီစုတိလေး ချုပ်သွားတဲ့အခါ
နောက်ထပ် ပဋိသန္ဓေကျတော့ သူလုပ်ခဲ့တဲ့ ကံတွေက နေပြီးတော့ သောမနဿသဟဂုဏ် ဉာဏသမ္ပယုတ် မဟာဝိပါတ်စိတ်
ဆိုတာ ကို အကျိုးပေးလိုက်တယ်။
ဟော - မောင်လှရဲ့ သန္ဓေစိတ်ကျတော့
ဉာဏသမ္ပယုတ်ဖြစ်သွားတယ်၊ ဦးဘရဲ့ စုတိစိတ်တုန်းက ဉာဏဝိပ္ပယုတ် ဖြစ်တယ်၊ အဲဒီတော့ စုတိစိတ်နဲ့
ပဋိသန္ဓေစိတ်ဟာ တူသေးရဲ့လား၊ မတူတော့ဘူး၊ ကံတရားကနေ
ဖန်တီးပြီးတော့ သွားတာ၊ ဒီတော့ ဦးဘရဲ့ စုတိစိတ်လေးက ဒီမှာ ပဋိသန္ဓေစိတ်အနေနဲ့ မောင်လှထဲ
ဝင်စားလာတာလားဆိုတော့ မဟုတ်ဘူး၊ ဟုတ်ရင် ထပ်တူပဲ ဖြစ်နေမှာပေါ့၊ သူ့ရဲ့ ဒီဝိညာဏ်စိတ်လေးက
ထပ်တူပဲ ဖြစ်နေမှာပေါ့၊ အဲသလို ထပ်တူမဟုတ်ဘူးတဲ့၊ သဘာဝချင်း အခြေအနေချင်း အများကြီး
ကွဲပြားခြားနားတယ်၊ ဒီလို ဆိုလိုတာနော်။
အဲဒီတော့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်လို့
ဆိုတာတွေကို အာရုံပြုပြီး ဘဝသစ်မှာ ဖြစ်ရတယ်။
လူတွေမှာ ကောင်းတာလုပ်တာရှိတယ်၊ မကောင်းတာလုပ်တာရှိတယ်၊ ကောင်းတာလုပ်လို့ရှိရင် ကောင်းတဲ့ ကံရဲ့စွမ်းအားနဲ့
ကောင်းတဲ့အရိပ်တွေ ပေါ်တယ်၊ မကောင်းတာလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ ကံရဲ့စွမ်းအားနဲ့
မကောင်းတဲ့အရိပ်နိမိတ်တွေ ပေါ်လာတယ်။ အဲဒီ ပေါ်လာတဲ့အပေါ်မှာ သန္ဓေမျိုးစေ့လေးက ကျသွားတာတဲ့။
ဒါကြောင့်မို့ မြတ်စွာဘုရားက ဘဝသုတ္တန်
၂-ခု၊ ပထမ ဘဝသုတ်၊ ဒုတိယဘဝသုတ်ဆိုတာ အင်္ဂုတ္တရနိကာယ်မှာရှိတယ်၊ အဲဒီမှာ ကံကို အဓိကထား
ဟောတယ်၊ “ကမ္မံ
ခေတ္တံ ဝိညာဏံ ဗီဇံ တဏှာ သောဟော အဝိဇ္ဇာ နီဝရဏာနံ တဏှာ သံယောဇနာနံ” ဟောဒီ ၂-ခုရဲ့ အကူအညီရှိတယ်၊ အဝိဇ္ဇာက
စိတ်ကို ဆို့ပိတ် ထားလိုက်တာ။ ဆို့ပိတ်ထားလိုက်တာဆိုတာ သူမမြင်စေချင်တာတွေ မမြင်အောင်
ဆို့ပိတ်ထားလိုက်တာ။ ဆိုလိုတာက အဝိဇ္ဇာက ဖုံးထားလိုက်သည့် အတွက်ကြောင့် အဆိုးကို အကောင်းမြင်တယ်,
အကောင်းကို အဆိုးမြင်တယ်၊ ပြောင်းပြန်တွေ မြင်ကုန်ရော၊ သူက အမှန်မမြင်အောင်သာ လုပ်တာ၊
မမြင်အောင် လုံးဝကွယ်ထားတာတော့ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့
အဝိဇ္ဇာကို “သဘာဝ
ပဋိစ္ဆာဒန လက္ခဏာ” လို့ ဒီလို ဟောတယ်၊ သဘာဝ ပဋိစ္ဆာဒန ဆိုတာ တကယ့်အစစ်အမှန်ကို မမြင်အောင်
ဖုံးတာ၊ အကုန်လုံးကို ဖုံးတာလို့ ပြောတာမဟုတ်ဘူးတဲ့၊ တကယ့် အစစ်အမှန်ကို မမြင်အောင်
ဖုံးတယ်ဆိုတော့ အစစ်အမှန် မဟုတ်တာတွေကို ပြတယ်ဆိုတဲ့ အဓိပ္ပာယ် မရပေဘူးလား၊ အစစ်ကို
ဖုံးထားတယ်ဆိုရင် အတုကိုပြတယ်ဆိုတဲ့ အဓိပ္ပာယ်က အလိုလိုပါပြီးသား ဖြစ်သွားတယ်ပေါ့၊ ဟော
- အဝိဇ္ဇာက အတုကို ပြတာ။
အဲဒီလို အတုကို ပြထားတဲ့အခါ ‘တဏှာ သံယောဇနာ’ တဏှာက တွယ်လိုက်တယ်, ချည်လိုက်တယ်, နှောင်လိုက်တယ်, တွယ်တာလိုက်တယ်၊
အဲဒီအာရုံပေါ်မှာ တဏှာနှောင်ကြိုးက ချည်လိုက်တယ်၊ သြော် - သတ္တဝါဟာ ဒီအာရုံထဲက ဘယ်လိုလုပ်
ရုန်းထွက်လို့ ရတော့မှာတုန်း၊ အဲဒီအာရုံလေးထဲမှာ နစ်မျောနေတဲ့အချိန်မှာ ကံက မျိုးစေ့ချထည့်လိုက်တယ်ပေါ့။
ဒီနေရာမှာ အရေးကြီးဆုံးက ဘယ်သူလဲဆိုရင်
“ကမ္မံ
ခေတ္တံ”
“ဝိညာဏ
ဗီဇံ” လို့ သုံးတာ ဘယ်ဝိညာဏ်ကို သုံးတာတုန်းဆိုတော့
‘အဘိသင်္ခါရဝိညာဏ်’၊ ‘အဘိသင်္ခါရဝိညာဏ်’ - ဘဝတစ်ခုကို ဖန်ဆင်းနေတဲ့ဝိညာဏ်ဆိုတာ မရဏာသန္နာဇောနဲ့ ယှဉ်တွဲပြီးတော့လာတဲ့
ကံတရား၊ မရဏာသန္နာဇောက ဒီအာရုံတွေကို ယူထားတာနော်၊ အဲဒီ မရဏာသန္နာဇောဝိညာဏ်စိတ်ဟာ သန္ဓေမျိုးစေ့လေးကို
ချပေးလိုက်တယ်တဲ့၊ အဲဒီ ကံတရားရဲ့ စွမ်းအား၊ ဒီလိုဆိုလိုတယ်နော်။
အဲဒီနေရာမှာ “ကံက လယ်မြေနဲ့တူပြီးတော့ တဏှာက အစေးနဲ့တူပြီး ဝိညာဏ်က မျိုးစေ့နဲ့တူတယ်” အဲဒါကြောင့်မို့လို့ ဘဝအပင်လေးတစ်ခုဟာ ပေါက်လာရတယ် - ဒီလိုဆိုလိုတာ၊
အဲဒီတော့ အပင်ပေါက်လာတယ် ဆိုကတည်းက ဒီကနေ သွားပြီးတော့ ဝင်စားတာမဟုတ်ဘူး၊ အကြောင်းတွေကြောင့်
စုပေါင်းပြီးတော့ဖြစ်သွားတတာဖြစ်တယ်၊ ဒါက သတ္တဝါတွေက ဘဝတစ်ခုကူးပြီး ဘဝတစ်ခုဖြစ်ပုံ
ဒီလိုဟောတယ်။
မြတ်စွာဘုရားနဲ့ ရဟန္တာပုဂ္ဂိုလ်တွေကျတော့
အဲဒီ အဝိဇ္ဇာရယ်, တဏှာရယ်, ကံရယ်လို့ ဆိုတဲ့ ဘဝတစ်ခုကို ဖန်တီးပေးနေတဲ့ အဓိကအကြောင်းအရာတွေထဲက
ဘယ်ဟာကို ဖျက်ဆီးလိုက်တာတုန်းဆိုတော့ အဝိဇ္ဇာနဲ့ တဏှာကို ဖျက်ဆီးပစ်တာ၊ အဝိဇ္ဇာနဲ့ တဏှာကို
ဖျက်ဆီးထားလိုက်သဖြင့် အဝိဇ္ဇာ မရှိတော့သည့်အတွက်ကြောင့် သဘာဝကို မဖုံးထားနိုင်တော့ဘူး၊
မဖုံးနိုင်တော့လို့ သဘာဝကို အရှင်းကြီးမြင်နေတယ်၊ သဘာဝကို အရှင်းကြီးမြင်နေတော့ သူ့သဘာဝအတိုင်းဆိုရင်တွယ်တာမှုတဏှာ
ဆိုတာ မလာနိင်ဘူး၊ အဝိဇ္ဇာကလည်း ဖုံးထားတာမရှိဘူး၊ တဏှာလည်း မတွယ်တော့ဘူးဆိုလို့ရှိရင် ပစ်ချခြင်းငှာ မစွမ်းနိုင်ဘူး၊ အဲဒါကို ပြောတာနော်၊
အကူအညီ မရှိတော့ဘူးဆိုရင် နောက်ဘဝတစ်ခုကို ကံက မဖန်တီးနိုင်တော့ဘူးလို့ ပြောတာ။
အဲဒီတော့ ရဟန္တာတွေရဲ့ဘဝ, မြတ်စွာဘုရားရဲ့
ဘဝမှာ အတိတ်က ကံတရားတွေ ရှိနေသေးသ်ာလည်း ဘဝတစ်ခုကို တည်ဆောက်နိုင်စွမ်းအား ကုန်သွားပြီ၊
ဘယ်အချိန်ကတည်းက ကုန်သွားတာတုန်းဆို တဏှာနဲ့ အဝိဇ္ဇာ ကုန်သွားကတည်းက ကံတွေက အလုပ်လုပ်လို့မရတော့ဘူး၊
ပုစွန်လုံးကို ခြေထောက်တွေ ချိုးထားလိုက်သလို အဝိဇ္ဇာနဲ့ တဏှာကို ဖြတ်ထားလိုက်တကည်းက
. . ဒီပုစွန်လုံးဟာ ခြေ ထောက်တွေ ချိုးထားလိုက်လို့ရှိရင်
ပုစွန်လုံး သွားလို့ရသေးရဲ့လား၊ မရတော့သလိုပဲ - အဲသလို ရှိနေသေးသော်လည်းပဲ အကျိုးပေးခွင့်
မရဘူး၊ ဒါကြောင့်မို့ ရှိနေသေးသော်လည်း အကျိုးပေခွင့်မရသည့်အတွက်ကြောင့် ကံကိုလည်း
ကုန်စေတယ်လို့ ဒီလိုသုံးတာ၊ တကယ်ကတော့ ကံကို ပယ်လို့မရဘူး၊ ကိလေသာကိုသာပယ်တာ၊ ဒီနေရာမှာ
ကိလေသာဆိုတာ အဝိဇ္ဇာနဲ့ တဏှာပဲ။
အဲဒီတော့ အဝိဇ္ဇာနဲ့ တဏှာကို ပယ်လိုက်တာနဲ့
တစ်ပြိုင်နက် ကံတွေက အလုပ်မလုပ်နိုင်ဘူး၊ အလုပ်မလုပ်နိုင်သည့် အတွက်ကြောင့် ဘဝသစ်တစ်ခုကို
နောက်ထပ် ဖော်ထုတ်နိုင်ခြင်းငှာ မစွမ်းနိုင်ဘူးပေါ့၊ ဘဝပြတ်သွားတယ်။
အဲဒါကြောင့် ဘုရားအလောင်းတော်လေး
ဖွားမြင်လာတဲ့ အချိန်ကပဲ ခြေလှမ်း ၇-လှမ်း လှမ်းပြီးတော့ သူ့ရဲ့ဘဝကို ကြွေးကြော်ခဲ့တာရှိတယ်၊
“အဂ္ဂေါ
ဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိံ လောကဿ သေဋ္ဌော ဟမသ္မိ လောကဿ” “လောကကြီးမှာ ငါဟာ အကြီးဆုံးပဲ၊ အမြတ်ဆုံးပဲ” လို့ ကြွေးကြော်ပြီးတော့ ဘာတွေ ပြောတုန်းဆို “အယ မန္တိမာ ဇာတိ” “ဒီဘဝဟာ နောက်ဆုံးဘဝပဲ”၊
“နတ္တိ
ဒါနိ ပုနဗ္လဝေါ” နောက်ဘဝ ငါ့မှာ မရှိတော့ဘူး၊ ဒါ နောက်ဆုံးဘဝပဲဆိုတာကို
အလောင်းတော်လေး ဘဝကတည်းက ကြွေးကြော်ခဲ့တယ်။
ဘုရားဖြစ်တော်မူတဲ့အခါကျလည်း ဓမ္မစကြာ
ဟောတဲ့ အခါမှာလည်း “အယမန္တိမာ
ဇာတိ နတ္တိဒါနိ ပုနဗ္ဘဝေါ” ဆိုတာ မိန့်တယ်၊ ဒီဘဝဟာ နောက်ဆုံးပိတ်ဘဝပဲ၊
နောက်ထပ် ဘဝသစ်ဆိုတာ မရှိဘူး။ ဘာဖြစ်လို့ မရှိဘူးလို့ ပြောနိုင်တုန်းဆိုရင် ခုနက အဝိဇ္ဇာ,
တဏှာဆိုတာ ဖယ်ရှားပစ်လိုက်သည့်အတွက်ကြောင့် ဘဝဆိုတာ ပြတ်ငြိမ်းသွားပြီ၊ ဒါကြောင့်မို့လို့
“ခီဏာ
ဇာတိ” ပဋိသန္ဓေနေခြင်းသည် ကုန်သွားပြီ၊ “ကတံ ကရဏီယံ နာပရံ ဆုတ္ထတ္တာယ” လုပ်စရာတွေအားလုံး လုပ်ပြီးသွားပြီလို့ ဒီလိုပြောတာနော်။
ဒါကြောင့်မို့လို့ ဘဝတစ်ခုကို ဖန်တီးနေတဲ့အရာသည်
အဝိဇ္ဇာ, တဏှာ, ကံ ဒီ ၃-ခုဖြစ်ပါတယ်။ အဲဒီ ၃-ခု ထဲကနေ ဖယ်ရှားပစ်ရမှာက တဏှာနဲ့ အဝိဇ္ဇာ၊
ကိလေသာကို ဖယ်ရှားပစ်ရမယ်။
ဝဋ် ၃-ပါးနဲ့ ပြောမယ်ဆိုလို့ရှိရင်
စက်ဝိုင်းလေးတစ်ခုကို ရေးချလိုက်၊ ထိုစက်ဝိုင်းလေးကို အကန့်လေး ၃-ကန့် လုပ်ကြည့်လိုက်၊
တစ်ခုက ကိလေသာဝဋ်၊ တစ်ခုက ကမ္မဝဋ်၊ တစ်ခုက ဝိပါကဝဋ်၊ အဲဒီစက်ဝိုင်းကလေးကို လှည့်ကြည့်လိုက်မယ်
ဆိုလို့ရှိရင် ကိလေသာဝဋ်ဆိုတာ လိုချင်တယ်၊ လိုချင်လို့ ကမ္မဝဋ်ဆိုတာ လုပ်တယ်၊ လုပ်လို့
ဝိပါကဝဋ်ဆိုတာ ရလာတယ်၊ ‘လိုချင်တယ်၊ လုပ်တယ်၊ ရတယ်’၊ ရ,တော့ လိုချင်ပြန်တယ်၊ လုပ်ပြန်တယ်၊ ရ,ပြန်တယ်၊ ဒီလိုနဲ့
သံသရာလည်နေတာ။
အဲဒီမှာ ပထမဆုံး၊ ပယ်ဖျက်ရမှာက
ရ,တာကို ပယ်ဖျက်ဖို့ မလိုဘူး၊ လိုချင်တာကို ပယ်ဖျက်ရမယ်၊ လိုချင်တယ်ဆိုတာ မရှိတော့ဘူး
ဆိုလို့ရှိရင် အဲဒီတစ်ကန့် ပြတ်သွားတာနဲ့ နောက်က လုပ်တယ်ဆိုတဲ့ အကန့်လည်း ပျက်သွားတယ်၊
အဲဒီရှေ့က ၂-ကန့် ပျက်သွားတာကိုပဲ ကိလေသာကံ ငြိမ်းသွားတယ်လို့ ပြောတယ်နော်၊ ရှေ့ ၂-ကန့်ပျက်သွားတော့
ဝိပါကဆိုတာ ကျန်နေသေးတယ်၊ အဲဒီကျန်နေတဲ့ဟာ ဒါက နောက်ဆုံးအနေနဲ့ သူ့ရဲ့သက်တမ်း ကုန်သွားလို့
စုတိစိတ်လေးကျသွားလို့ရှိရင် သူ့ရှေ့ပိုင်းက ကမ္မဝဋ် ဆိုတာလည်း မရှိတော့ဘူး, ကိလေသာဝဋ်
ဆိုတာလည်း မရှိတော့သည့်အတွက်ကြောင့် နောက်ထပ် ဝိပါကဝဋ်ဆိုတာ ထပ်ထုတ်လုပ်နိုင်စွမ်းမရှိလို့
စုတိစိတ် ပြီးတဲ့နောက်မှာ ဘာမှမရှိတော့ဘူး ချုပ်ငြိမ်းသွားတယ်လို့ ဒီလိုပြောတာနော်၊
အဲဒါဟာ ဘဝသစ်ဖြစ်ပုံနဲ့ ဘဝဆိုတာ နောက်ထပ်ကုန်ဆုံးသွားပုံ အင်မတန်မှ ထင်ရှားတယ်။
သို့သော်လည်း ခုနက
Reincarnation ရောပြီးတော့ လူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက် လိပ်ပြာ ဝိညာဉ်ကောင်တွေဟာ
တစ်ဘဝကနေ တစ်ဘဝကူးပြောင်းတယ်လို့ ဒီလိုပြောတဲ့အခါ ကျတော့ ရောထွေးပြီးတော့ ဒီဘဝ ကုသိုလ်ကောင်းမှုလုပ်ရင်
နောင်ဘဝ ခံစားရတာတွေနဲ့ ရောထွေးပြီးတော့ ဗုဒ္ဓဘာသာ စစ်စစ်က ‘သဿတဒိဋ္ဌိ’ အယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့က တော်တော်လေး များနေတယ်၊
မစဉ်းစားတက်လို့ ရှိရင်နော်၊ ဝိပဿနာဉာဏ်အမြင်နဲ့ မကြည့်ဘူးဆိုရင် သဿတဝါဒီ ဖြစ်သွားမှာပဲ၊
ဒါသေချာတယ်။
သဿတဝါဒီိဆိုရင် ခုနက သာတိရဟန်းလိုပဲ
ဒီ ဝိဉာဏ်စိတ်လေးပဲ လှည့်နေတယ်လို့ ဒီလို ထင်သွားတက်တယ်နော်၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာရဲ့
တရားစစ်စစ်အတိုင်း ဗုဒ္ဓရဲ့ တရားတော်မှာ Reincarnation ဆိုတာ မရှိဘူး၊ အဝိဇ္ဇာ တဏှာ ကံ မကင်းသေးလို့ ရှိရင်တော့ အဝိဇ္ဇာ
တဏှာ ကံ တွေကနေ ထုတ်လုပ်တဲ့ ဘဝဆိုတာ ရှိနေဦးမှာပဲလို့ ဒီလို သဘောပေါက်ပြီး တို့တတွေရဲ့သန္တာန်မှာ
ဖြစ်တဲ့ အဝိဇ္ဇာနဲ့ တဏှာ ကို ပယ်ရှားနိုင်အောင် ကြိုးစားရမှာလို့ ကိုယ်စီကိုယ်စီ သဘောပေါက်ပြီး
အဝိဇ္ဇာ တဏှာ ကင်းရာ ကင်းကြောင်း ကုသိုလ် ကိုယ်ကျင့်တရားများကို ကြိုးစားအားထုတ် ပွားများနိုင်ကြပါစေကုန်သတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။