အခန်း - ၁၀ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
‘နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း’ လို့ ဆိုတဲ့နေရာမှာ စကားနှစ်ခုရှိတယ်၊ ‘နိဗ္ဗာန်’ ဆိုတဲ့စကားနဲ့ ‘မျက်မှောက်ပြုခြင်း’
ဆိုတဲ့ စကား၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြတယ်၊
သို့သော် နိဗ္ဗာန် အကြောင်းနဲ့ ပတ်သက်ပြီးတော့ သာမန်သိထားတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို၊ နိဗ္ဗာန်ဆိုတာ ဘာရယ်လို့ မသိတဲ့ ပုဂ္ဂိုလ်တွေလည်း
မြောက်များစွာရှိတယ်၊ အများက “နိဗ္ဗာန်” “နိဗ္ဗာန်” နဲ့ပြောတာနဲ့ နိဗ္ဗာန်လို့ လိုက်ပြောနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း
ရှိတယ်။
နိဗ္ဗာန်ကို ဦးတည်ချက်ထားပြီး ဗုဒ္ဓဘာသာဝင်
သူတော်စင်တွေ ကုသိုလ်ကောင်းမှု ပြုကြတယ်၊ ‘ဣဒံ
မေ ပုညံ နိဗ္ဗနဿ ပစ္စယော ဟောတု’ အစဉ်အလာအရ သင်ကြားပေးထားတဲ့ အတိုင်း
နိဗ္ဗာန် ကို ဆုတောင်းကြတယ်။
တဏှာချုပ်မှ နိဗ္ဗာန်ရ
သို့သော် “နိဗ္ဗာန်ဆိုတာ ဘာလဲ”
တချို့ကလည်း အကြမ်းဖျင်းအားဖြင့် နိဗ္ဗာန်ကို သိထားတယ်၊ နိဗ္ဗာန်ဟာ အိုခြင်း ကင်းရာဖြစ်တယ်၊
နာခြင်းကင်းရာ ဖြစ်တယ်၊ သေခြင်းကင်းရာဖြစ်တယ်၊ မအိုရဘူး၊ မနာရဘူး၊ မသေရဘူးလို့ အဲဒီလို
ဆိုထားတဲ့အခါကျတော့ နိဗ္ဗာန်က မအိုရ၊ မနာရ၊ မသေရဘူး ဆိုရင်တော့ အမြဲတမ်း ထာဝရနေရမယ်လို့
ဒီလို တွေးမိကောင်း တွေးမိမယ်။
ဘာဖြစ်လို့တုန်းဆိုတော့ သတ္တဝါတွေရဲ့
သန္တာန်မှာ “ဘဝတဏှာ” ဆိုတာရှိတယ်၊ ဘဝတဏှာဆိုတာ “ဖြစ်နေတာကို ကြိုက်တာ”၊
အမြဲတမ်းဖြစ်နေတာကို ကြိုက်တာ၊ ဖြစ်နေတာကို ကြိုက်လို့ ဘဝတဏှာကို ‘သဿတဒိဋ္ဌိ’ နဲ့ ယှဉ်တွဲလာတဲ့ တဏှာလို့ ဒီလိုပြောတယ်၊
ဘဝထဲမှာ ရှိနေတာကိုသဘောကျတယ်၊
မရှိတော့ဘူးဆိုရင် သဘောမကျဘူး၊ ဖြစ်နေရာတာကိုပဲ ပျော်စရာကြီးလို့
မြင်နေကြတယ်ပေါ့။ ဘဝတဏှာရှိနေရင် ဘယ်ဘဝပဲ ရောက်ရောက်, ရောက်ရာဘဝမှာ ဒီတဏှာမကင်းတဲ့
ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဘဝလေး ကိုယ် ကျေနပ်တောဘဲ၊ လူတွေကလည်း သူတို့ဘဝ သူတို့ကျေနပ်ကြတာပဲ၊
မကျေနပ်ဘူးဆိုတဲ့ အချိန်ဟာ အလွန်အလွန် အဆင်မပြေလို့ ဒုက္ခရောက်တဲ့ အချိန်လေးပဲ။
ဆိုင်ရာဆိုင်ရာ ဘဝမှာ ချမ်းသာသုခလေးတွေ
ရရှိနေကြတာ - ကြည့်ရင် ကြက်တွေ ငှက်တွေလည်း ပျော်နေကြတဲ့သဘော ရှိတယ်၊ ကြက်ကလေးတွေဆို
လှောင်ချိုင့်ထဲ လှောင်ထားပေမယ့် တစ်ကောင့် တစ်ကောင် ဆိတ်လို့ တွန်လို့ အော်လို့ ပျော်နေကြတဲ့
သဘောရှိတယ်၊ တစ်ကောင့်တစ်ကောင် ကျီစယ်ကြ ကစားကြနဲ့၊ ဘဝမှာ “ဘဝသုခ” ဆိုတာ ပျော်စရာလေးတွေတော့ ရှိကြတာပဲ၊
ဘဝကို အကြောင်းပြုပြီးောတ့ ရလာတဲ့ ပီတိတို့ သုခတို့ - ဘဝမှာ ပျော်စရာလေးတွေ၊ အဲဒီပျော်စရာလေးတွေ
တွေ့ပြီးတော့ ဘဝမှာ ပျော်နေကြတာပဲ၊
အဲဒီလို ဘဝဆက်တိုင်းဖြစ်ပြီးတော့ နေကြတရတာကိုပဲ
ကျေနပ်နေကြတာ။ ဘဝတဏှာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေမှာ နိဗ္ဗာန်မှာ ဘဝဟာ ချုပ်ငြိမ်းသွားတာ၊
“ဘဝနိရောဓော
နိဗ္ဗာနံ” ဘဝရဲ့ချုပ်တာ နိဗ္ဗာန်လို့ပြောရင် လန့်ကောင်းလန့်သွားလိမ့်မယ်၊
ဘာဖြစ်လို့တုန်းဆိုတော့ သူတို့က ဖြစ်နေတာကို ကြိုက်တာကိုး၊ ဖြစ်နေတာကိုကြိုက်တော့ မဖြစ်ရတော့ဘူး၊
ဘဝကချုပ်ငြိမ်းသွားပြီ ဆိုလို့ရှိရင် ချုပ်ငြိမ်းသွားရင် တို့ဘယ်သားနေရမတုန်းလို့ တွေးမိကောင်း
တွေးမိလိမ့်မယ်၊ အဲဒီလို တွေးမိပြီး ကြောက်လန့်ကြတယ်၊ ဒါက ဘဝအပေါ်မှာ စွဲလန်းနေတဲ့ ပုဂ္ဂိုလ်တွေက
ဘဝပြတ်သွားမှာ, ဘဝချုပ်သွားမှာကို စိုးရိမ်ကြတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးကလည်း တစ်စုရှိတယ်။
အဲဒါနဲ့ ဆန့်ကျင့်ဖက် ဘဝတစ်ဏှာ
ရှိသလို ‘ဝိဘဝ
တဏှာ’၊ ‘ဘဝ’ က ‘ဘဝ’၊
‘ဝိ’ ဆိုတာ မရှိတော့တာ၊ ဘဝမရှိတော့ တာကို ကြိုက်တဲ့ ပုဂ္ဂိုလ်မျိုးက
ရှိသေးတယ်၊ အဲဒီ ဘဝမရှိရင် ပြီးရော၊ သို့သော် သူက ဘဝမရှိကြောင်းတရားကို ကျင့်ပြီးတော့
မရှိတဲ့ ဘဝမျိုး မဟုတ်ဘူး၊ ဘဝတစ်ခုက ချုပ်ငြိမ်းသွားရင် နောက်ဝဆိုတာမရှိချင်ဘူးလို့
ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတာပဲ၊ ဘဝကို ရွံမုန်းပါပြီ နောက်ဘဝဆိုတာ မရှိချင်ပါဘူး၊
မရှိချင်ဘူးဆိုတာ ဘာဖြစ်လို့တုန်းဆိုရင် ဒီဘရဲ့ ဒုက္ခတွေ တွေ့တော့ နောက်ဘဝ မလိုချင်ဘူးဆိုတာ၊
နောက်တစ်ခုက ဘဝဆိုတာ မရှိဘူး, ပြတ်နေတယ်၊ သေသွားရင်ပြီးတာပဲလို့ ဒီလို ယူဆတဲ့ပုဂ္ဂိုလ်တွေ၊
ဥစ္ဆေဒ ဒိဋ္ဌိနဲ့ ယှဉ်တွဲလာတဲ့ တဏှာတစ်မျိုးက ထူးထူးဆန်းဆန်းပဲ၊ ဘဝမရှိတာကို ကြိုက်တာလည်း
တဏှာလို့ ခေါ်တယ်။
ဘဝမရှိတာကို ကြိုက်တာ နိဗ္ဗာန် မဟုတ်သေးဘူး၊
တဏှာ လို့ခေါ်နေပြန်တယ် အဲဒီမှာ၊ သက မရှိတာကို ကြိုက်ပြန်တာ၊ အဲဒီတော့ တွယ်တာမှုက မရှိတာကို
သွားတွယ်တာနေတာ၊ ဘဝပြတ်သွားတာကို တွယ်တာနေပြန်တယ်၊ အဲဒါတွေကို “ဝိဘဝတဏှာ” လို့ ခေါ်ပြန်တယ်။ “ဘဝတဏှာ” လည်း ရှိနေဦးမယ်၊ “ဝိဘဝတဏှာ” လည်း ရှိနေဦးမယ် ဆိုလို့ရှိရင်တော့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဦးမှာ မဟုတ်သေးဘူးတဲ့။
ကာမတဏှာ ဆိုတာတော့ ရိုးရာလို့ပဲထားပါတော့၊ လူ့ဘဝရလာပြီ ဆိုလို့ရှိရင် မျက်စိ၊
နား၊ လျှာ၊ ကိုယ် လို့ဆိုတဲ့ အင်္ဂါရပ်တွေ ရထားသည့်အတွက်ကြောင့် ထိုအင်္ဂါရပ်တွေမှာ ပေါ်လာတဲ့
ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ လို့ဆိုတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အထိအတွေ့ ဒီအာရုံတွေ အပေါ်မှာ ကျေနပ်နေတာ။ အဲဒီ အာရုံတွေပေါ်မှာ တွယ်တာနေတာ “ကာမတဏှာ”၊ အဲဒီတဏှာတွေဟာ အလွန်ပြင်းထန်တဲ့ စွမ်းအားရှိတယ်၊
ဘဝကို ဦးဆောင်ပြီးတော့ တည်ဆောက်နေတာ ဟောဒီတဏှာတွေပဲ၊ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက
သမုသယသစ္စာမှာ ဒီတဏှာကို ဦးတည်ပြီးတော့ “ဒုက္ခသမုဒယော
အရိယသစ္စံ” လို့ ဒီလိုဟောတာ၊ ထိုထို သုတ္တန်တွေမှာလည်းပဲ
ဘဝကိုဖြစ်စေတက်၊ ‘ဘဝနေတ္တိ’ လို့ ဘဝကို သယ်ဆောင်သွားတက်တဲ့ တရားလို့ တဏှာကိုပဲ ဦးတည်ပြီးတော့
ပြောလေ့ရှိတယ်။
နိဗ္ဗာန - နိဗ္ဗာန် - ပါဠိစကား -
နိဗ္ဗာန ဆိုတဲ့စကားက ဆန့်ကျင့်ဖက်နဲ့ ပြောထားတာ၊ ‘နိဗ္ဗာန’ ဆိုတဲ့ ပုဒ်လေးကို နိ+ဝါန လို့ ဒီလို နှစ်မျိုးအဓိပ္ပါယ် ခွဲပြီးတော့ ‘နိ’ ဆိုတာ လွတ်မြောက်သွားတာ၊ ‘ဝါန’ ဆိုတာ အတွယ်အတာတဏှာ၊ အတွယ်အတာ တဏှာတွေကနေ လွတ်မြောက်သွားမှ
နိဗ္ဗာန်ဆိုတာ ဖြစ်တယ်၊ တစ်မျိုးမျိုးနဲ့ လှည့်တွယ်နေလို့ ရှိရင်တော့ ဒါ တဏှာတွေ ရှိနေသေးသမျှ၊
တွယ်တာမှုရှိနေသေးသမျှ ဘယ်တွယ်တာမှုပဲဖြစ်ဖြစ် နိဗ္ဗာန်ဆိုတာ မရောက်နိုင်သေးဘူး၊
ဒါ့ကြောင့်မို့လို့
နိဗ္ဗာန်ဆိုတဲ့ နာမည်ကိုက နိဝါန၊ ‘ဝါန သင်္ခါတာယ တဏှာယ’ ‘ဝါန’ လို့ဆိုတဲ့ တဏှာမှ ‘နိက္ခန္တတ္တာ’ လွတ်ထွက်သွားလို့၊ နိဗ္ဗာန - နိဗ္ဗာန်လို့ ခေါ်တာတဲ့၊ ဒါ နိဗ္ဗာန်ဆိုတဲ့ စကားလုံးဟာ စကားလုံးဟာ
အတွယ်အတာကနေ လွတ်မြောက်သွားတဲ့ နေရာလို့ ဒီလိုရည်ညွှန်းတယ်၊ တွယ်တာမှု မရှိနိုင်တဲ့နေရာ။