"သွေးကစကားပြောတယ်" ဆိုတဲ့စကား မကြာခဏကြားဖူးကြမယ်ထင်ပါတယ်။
ဒါ့အပြင် သွေးနဲ့ပတ်သက်လို့ မှတ်ချက်တွေ အဆိုအမိန့်တွေ နည်းမှမနည်းပဲ။
သွေးလှူဒါန်းတဲ့သူကို ဇီဝိတဒါန သွေးလှူရှင်လို့ ဂုဏ်ပြုကြတယ်၊ သင့်သွေးဖြင့် အသက်ကယ်ပါဆိုတဲ့ နှိုးဆော်လွှာတွေကိုလဲ မကြာခဏဆိုသလို တွေ့ရလေရဲ့။
သွေးအလှူခံ ပုဂ္ဂိုလ်တွေ ခဏခဏလာလွန်းလို့ လမပြည့်သေးကြောင်း ပြောရတာလဲ အကြိမ်ကြိမ် ကြုံဖူးကြမယ်ထင်ပါတယ်။ သွေးသည်အသက် အသက်သည်သွေးတဲ့.. သည်လောက်အရေးကြီးလှပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ သွေးက အလွန်အရေးကြီးပါတယ်၊ ဗမာပီပီ ဗမာ့သွေးကို ပြကြပါဆိုပြီး ဗိုလ်ချုပ်ကလည်း မိန့်ခွန်းပြောခဲ့ဖူးသတဲ့။ လူမျိုးရေးလည်း သွေးအရေးကြီးနေပြန်ပါရော့လား..။
သွေးအကြောင်း စဉ်းစားမိရင် လွန်ခဲ့တဲ့ တပို့တွဲလဆန်းက ပျံလွန်တော်မူခဲ့တဲ့ ကျေးဇူးရှင် ဥပဇ္ဈာယ်ဆရာတော်ကြီးကို သတိရမိပြန်ပါလေရော။ ဆရာတော်ကြီးကို သတိရမိရာက သွေးအကြောင်းကိုပါ တွဲပြီးသတိရမိပြန်တယ်လေ။
မိမိတို့သာမက တမြို့နယ်လုံးပါ အလွန်လေးစားကြည်ညိုရတဲ့ ဆရာတော်ကြီး လွန်တော်မူတော့ သောကတွေ တပွေ့ကြီးနဲ့ တပည့်ဒကာ ဒကာမတွေရဲ့ မျက်ခွက်ပေါ်မှာ မျက်ရည်ပူချောင်းလေတွေ စီးကျကြရတယ်၊ အဲဒီမျက်ရည်ချောင်းက အလွန်သေးငယ်ပေမယ့် လူတွေကို ကယောင်ကတန်းနဲ့ ပါးစပ်က မြည်တွန်တောက်တီးခြင်းဆိုတဲ့ လှိုင်းဂယက်သံတွေ ဆူညံသွားစေခဲ့ပြန်တယ်။
မီးဟာ ကိုယ်ကိုယ်တိုင်လဲ ပူသလို မီးနားကပ်လာတဲ့ အရာဝတ္ထုတွေကိုပါ ပူလောင်စေသလိုပါပဲ၊ ခန္ဓာဒုက္ခရဲ့ ဒုက္ခအပိုင်းအစဖြစ်တဲ့ မရဏဒုက္ခဟာလည်း သူ့ပတ်ဝန်ကျင်ရှိ အသိဉာဏ်ဆင်းရဲတဲ့ဆက်နွယ်သူတွေကို သောက ပရိဒေဝစတဲ့ ဒုက္ခတွေကို ကူးစက်စေတာဟာ သဘာဝပါပဲ။
အပူလုံးကြွ လူလုံးမလှကြတဲ့ ဒကာ ဒကာမတွေကို ကြည့်ရင်း ဆရာတော်တစ်ပါးက သွေးအကြောင်းလေး ဟောခဲ့ပါတာကို ဓမ္မဒါနဝေငှလိုက်ပါတယ်။
သေသူကမွေး ၊ သေသွေးပါလာ၊
သေမှာမလွဲ ၊ မမြဲခန္ဓာ၊
သေခြင်းတရား ၊ ရှုပွားခါခါ၊
ကုသလ ၊ ပြုကြမြန်မြန်သာ။
ဒကာ ဒကာမတို့.. မိမိတို့ရဲ့ ကျေးဇူးရှင် ဆရာတော်ကြီးကို မွေးခဲ့တဲ့ မိခင် ဖခင်တို့သည် သေတတ်တဲ့ သူတွေလား မအိုတတ်တဲ့ သူတွေလား။
သေတတ်တဲ့ သူတွေပါဘုရား..
အေး.. သေတတ်တဲ့ မိဘက မွေးဖွားလာတဲ့ မိမိတို့ရဲ့ ကျေးဇူးရှင် ဆရာတော်ကြီးမှာ သေသွေးတွေ
ပါမလာဘူးလား၊
ပါလာပါတယ်ဘုရား..
သေသွေးတွေ ပါလာတယ်ဆိုတော့ သေမှာလား မသေပဲ အမြဲရှင်နေမှာလား
သေမှာပါဘုရား..
ဒီလိုဆိုတော့ သေသွေးပါလာလို့ သေတာလို့ ပြောရင် မရနိုင်ဘူးလားဗျာ
ရနိုင်ပါတယ်ဘုရား
သေသွေးပါလာလို့ သေတာ ထူးဆန်းသလား
မထူးဆန်းပါဘူးဘုရား
အေး မထူးဆန်ဘူး၊ သွေးကစကားပြောလာပြီပေါ့လေ ဟုတ်လား၊
သေသွေးပါလာလို့ သေတတ်တဲ့သဘောကြောင့် သေသွားတာပါလား လို့ မဆင်ခြင်သင့်ဘူလား
ဆင်ခြင်သင့်ပါတယ်ဘုရား..
သြော်.. ဒီလိုလေး ဆင်ခြင်လိုက်တော့ အပူသက်သာမှု မရနိုင်ဘူးလား
သက်သာမှု ရနိုင်ပါတယ်ဘုရား..
တကယ်တော့ ဆရာတော်ဘုရားကြီးက ဒကာ ဒကာမတွေကို တရားဟောနေတာပါ
ဉာဏ်နားနဲ့ထောင်ကြည့်မှ ကြားရမှာပါ၊ ဉာဏ်နားမရှိတဲ့သူတွေ မကြားနိုင်ပါဘူး..
ဆရာတော်ကြီးက ဘယ်လိုတရားဟောနေတုန်းဆိုတော့ အို…ဒကာ ဒကာမအပေါင်းတို့
ငါကိုကြည့်ကြ.. ငါ့ကိုကြည့်ကြ၊ ဒကာ ဒကာမတို့တတွေလည်း သေတတ်တဲ့ မိဘတွေက မွေးဖွားလာလို့ သေသွေးတွေ ခန္ဓာမှာ ပါလာပါတယ်၊ သေသွေးတွေ ပါလာတဲ ဒကာ ဒကာမတို့လည်း တနေ့ ငါ့လိုပဲ သေရဦးမယ်.. မသေခင်လေး ကုသိုလ်ပါရမီကို အခွင့်သင့်တိုင်း အခါသင့်တိုင်း ပြုလုပ်အားထုတ်ကြပါ..လို့ ဟောတော်မူနေတယ်။
ဒီတော့ ဆရာတော်ကြီး ဟောတော်မူတဲ့ အသံတိတ်တရားတော်ကို နာကြားပြီး မိမိတို့အတွက် ကုသိုလ်ကောင်းမှုများ ပွားများအောင် ကြိုးစားအားထုတ်ဖို့ မလိုဘူးလား
လိုပါတယ်ဘုရား…
လိုတာပေါ့ ကိုယ်ကိုယ်တိုင်လဲပဲ အိုသွေးတွေ နာသွေး သေသွေးတွေ ပါလာတဲ့ပုဂ္ဂိုလ်တွေမို့လား
မှန်ပါဘုရား
ဒီတော့ အဲဒီသွေးတွေက စကားမပြောခင် အိုသွေးက အိုဘေးကိုပို့လို့ စကားမပြောခင်
နာသွေးကလည်းပဲ နာဘေးကိုပို့သောအားဖြင့် စကားမပြောခင် သေသွေးကလည်းပဲ သေဘေးကို ပို့သောအားဖြင့် စကားမပြောခင် ကုသိုလ်တွေ မြန်မြန် ပြုကြပါ၊ ပြုသမျှ ကုသိုလ်တွေကိုလည်းပဲ အိုသွေး နာသွေး သေသွေးကင်းရာ နိဗ္ဗာန်၏ အားကောင်းသော အထောက်အပံ့ဖြစ်အောင် ဆုတောင်းကြပါလို့ တိုက်တွန်းပါတယ်နော်…
ကိုင်းဆိုကြည့်ရအောင်…
သေသူကမွေး ၊ သေသွေးပါလာ၊
သေမှာမလွဲ ၊ မမြဲခန္ဓာ၊
သေခြင်းတရား ၊ ရှုပွားခါခါ၊
ကုသလ ၊ ပြုကြမြန်မြန်သာ။
အားလုံး အိုနာသေသွေးကင်းဝေးအောင် အားထုတ်နိုင်ကြပါစေသတည်း။