Thursday, March 7, 2013

သေရည်အကြောင်း တစေ့တစ်စောင်း


သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ-မေ့လျော့ ပေါ့ဆခြင်း၏, အကြောင်းစင်စစ်, မူးယစ်စေတတ်သော သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိ သိက္ခာပဒံ-ကို၊ သမာဒိယာမိ-ပါ၏၊ “သေရည်အရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏၊” ဟူလို၊ [သုရာ= သေရည်+မေရယ=အရက်+မဇ္ဇ=မူးယစ်စေတတ်သော+ ပမာဒ= ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်း၏+ဌာန=အကြောင်း။]

          သေရည်အရက်။   ။မူးယစ်စေတတ်သော အဆောက် အဦ ထည့်ခတ်၍ စီရင်အပ်သော ထန်းရည် ပေရည် ဓနိရည် စသည်ကို “သေရည်”ဟု ခေါ်၏၊ မူးယစ်အောင် စီရင်အပ်သော ပန်းပွင့်ရည်, စပျစ်ရည် စသည်ကို “အရက်” ဟုခေါ်၏၊ သေရည်အရက်သာမက ယခုကာလ သုံးစွဲနေကြသော ကဇော်, ဘိန်း, ကုတ်ကင်း, ဆေးခြောက်, မာဖိယား စသော အားလုံးကိုလည်း ဤသိက္ခာပုဒ်၌ ယူကြသည်။
          ထိုသေရည်အရက်ကို သောက်စားမိလျှင် မူးယစ်၍ တွေးချင်ရာ တွေးကာ ကုသိုလ်ကောင်းမှုနှင့် အလုပ်ကိစ္စတို့၌ မေ့လျော့တတ်၏၊ ထို့ကြောင့် သေရည်အရက်နှင့် ဘိန်း ကဇော် စသော အစာများကို “မေ့လျော့ခြင်း၏ အကြောင်း” ဟု ဆိုသည်။
          [ဆောင်] သေရည်သောက်လင့်, သင့်-မသင့်၌, ရေးခွင့်မသိ, ပျင်းရိ မေ့ရူး, ကျေးဇူးမဆပ်, ဟိရောတ္တပ်ကင်း, ခပင်းများထို, အကုသိုလ်ကို, မငြို လွယ်စွာ, ပြုကျင့်ရာသည်... ရှောင်ခါ အပြန်အကျိုးတည်း။
  သေရည်အရက် စသည်ကို သောက်စားမိလျှင်--
          ၁။       အရေးအခွင့် သင့် မသင့်ကို မသိတတ်ခြင်း။
          ၂။       ပျင်းရိတတ်ခြင်း။
          ၃။        မေ့လျော့ မူးရူးတတ်ခြင်း။ [နောက်ဘဝ အဆက်ဆက်၌ အရူးအနှမ်းလည်း ဖြစ်တတ်ခြင်း။]
          ၄။       သူများက ပြုဖူးသော ကျေးဇူးကို မသိတတ်ခြင်း။
          ၅။       ဟိရီ ဩတ္တပ္ပ ဟူသော အရှက်အကြောက်မှ ကင်းခြင်း။
          ၆။       သေရည်အရက်ကို သောက်မိလျှင် မည်သည့်အကုသိုလ်မှ မရှောင်ကြင်ဘဲ အလုံးစုံ မကောင်းမှုကို ပြုမိလွယ်ခြင်း။
     
    ကာမေသုမိစ္ဆာစာရကဲ့သို့ ဤသေရည်အရက်သောက်မှုကို မိစ္ဆာစာရ တစ်မျိုးဟု ကျမ်းဂန်တို့၌ ဆိုထားသည်၊ ထို့ကြောင့် သေရည်  အရက်သောက်ခြင်း၌ အပြစ်ရှိသည်မှာသေချာပြီ၊ သို့သော် မည်မျှလောက်အပြစ် ရှိနိုင်ပါလိမ့်နည်းဟုကား စဉ်းစား ဖွယ်ရှိ၏၊ ယခုခေတ် အချို့ဆေးရည်များ၌ မထင်မရှား အရက်ပါတတ်၏၊ သုရာမေရယသိက္ခာပုဒ်၌ ဟင်းလျာကောင်းစေလိုသဖြင့် ဟင်း၌ သေရည်အနည်းငယ်မျှခတ်၍ ချက်ရာဝယ် (သေရည်အနံ့မထင်ရှား လျှင်) ထိုဟင်းကို ရဟန်းများပင် စားကောင်း၏ဟု ခွင့်ပြုတော်မူ၏၊

အမျိုးသမီးများကို ဆရာဝန်တို့က အရက်ချိုတစ်မျိုး ပေးကြ၏၊ တကယ့်ကို ဆေးအဖြစ်ဖြင့် သောက်ကြရ၏၊ တစ်ချို့လူများကား အရက်ကို သောက်ချင်လို့ပင် သောက်ကြ၏။

          ဤစကားစုကို ကောက်ချက်ချလိုက်လျှင် ၁-မထင်မရှား သေရည်အရက် ပါသောဟင်း, ဆေးများကို စားသောက်မှု၊၂-မလွှဲသာ၍ ဆေးအဖြစ်ဖြင့် သောက်မှု၊ ၃-သောက်ချင်၍ သောက်မှု ဟု ၃-မျိုးထွက်၏၊ ထို ၃-မျိုးတွင် ၁-နံပါတ် သောက် ခြင်းမျိုးသည် လုံးဝအပြစ်မရှိ၊၂-နံပါတ်သောက်ခြင်းမျိုးကား တကယ်အရက် ဟုတ် မဟုတ်, သောက်ခြင်းကြောင့် မူး-မမူးကို ပထမဆုံး စဉ်းစားသင့်၏၊

သက္ကတဆေးကျမ်းတို့၌ ကြာမြင့်စွာ စိမ်ထားသော စိမ်ရည်ကို “အာသဝ” ဟုခေါ်၏၊ ထိုအာသဝကို မြန်မာလို “အရက်စိမ်ရည်” ဟုပင် ပြန်ဆိုကြ၏၊ ထို့ကြောင့် မျက်နှာမြင်ပြီးစ အမျိုးသမီးတို့ သောက်ရသော အရက်ချိုသည် မူးလျှင် အရက်စစ်, မမူးလျှင် စိမ်ရည် အမျိုးအစားတည်း၊ အရက်အစစ်ဖြစ်လျှင် ဤသုရာမေရယ သိက္ခာပုဒ် ပျက်ဖွယ်ရှိသည်၊ သို့သော် မလွှဲသာ၍ ဆေးအဖြစ် သောက်ရသောကြောင့် အပြစ်ကြီးလှမည်မဟုတ်ပါ။

          အရက်အစစ်ကို တကယ်သောက်ချင်၍ သောက်သော ၃- နံပါတ် သောက်ခြင်း၌ မည်မျှအထိ အပြစ်ကြီးသည်ကို ရှင်တော် ဘုရားသာ သိမြင်တော်မူပေလိမ့်မည်၊

ဘုရားလက်ထက်တော်က ရှင်သာဂတမည်သော မထေရ်သည် ဈာန်အဘိညာဉ်ရပြီးသော ပုထုဇဉ်တစ်ပါးပေတည်း၊ အခါတစ်ပါး၌ သရက်ပင်ဆိပ်ဝယ် နဂါးကြီးနှင့် တန်ခိုးပြိုင်လေရာ နဂါးကို အနိုင်ရကြောင်း ကောသမ္ဗီ ပြည်သူတို့ ကြားသဖြင့် လွန်စွာကြည်ညိုကြ၍ ဆွမ်းခံဝင်လာသော အခါ အိမ်ပေါက်စေ့လိုပင် သေရည်ကို ကပ်လှူကြ၏၊

ထိုအခါ သိက္ခာပုဒ်ပညတ်တော်မမူသေးသောကြောင့် ကပ်လှူသမျှ သေရည် များကို အရှင်သာဂတသောက်လေရာ သေရည်မူးသဖြင့် ဈာန် အဘိညာဉ်ကွယ်ပလျက် မြို့ပေါက်ဝတွင် လဲရှာလေ၏၊

ထို့နောက် ဘုရားရှင် တွေ့မြင်တော်မူ၍ တွဲခေါ်ဖို့ရန် အမိန့်ပေးသဖြင့် ရဟန်းတော်များ တွဲယူလာပြီးလျှင် ဘုရားဘက်သို့ ဦးခေါင်း လှည့်၍ အချတွင် ဦးခေါင်းကို ပြောင်းပြန်ပြန်လျက် ဘုရားဘက်သို့  ခြေလှည့်ထားလေသည်။

          ဤမျှလောက် တန်ခိုးရှင်ကိုပင် အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ပြုတတ်သော သေရည်အရက်သည် ယခုခေတ်သာမန် လူမျိုးကို အဘယ်မှာ အကျိုးများအောင် ပြုနိုင်တော့အံ့နည်း၊

ရှေးအခါတုန်းက ဘုရင်တစ်ဦးသည် သေရည်မူးခိုက် အသား ဟင်းမပါသော  ပွဲတော်စာကို ဆက်လာသဖြင့် ရင်ခွင်ထက်က သားငယ်ကို သတ်၍ ချက်စေအပ်ဖူးလေသည်၊ သောက်ချင်၍ သောက်သူမှာ တစ်ခါနှစ်ခါ သောက်ရုံမျှဖြင့် တင်းတိမ်မည်မဟုတ်၊ သောက်စရှိလျှင် သောက်ချင်ချင်ပင်ဖြစ်လိမ့်မည်။

တိကအင်္ဂုတ္တိုရ် ပါဠိတော်၌ “သေရည်အရက်သောက်မှု, မေထုန်မှု, အိပ်မှု, ဤ ၃-ခုကို မတင်းတိမ်နိုင်, အားမရနိုင်, မဝနိုင်သော အရာများဟု ဟောတော်မူသည်၊ ထို့ပြင် “ သေရည်အရက်များစွာ သောက် သူသည် အပါယ်ကျတတ်၏၊ အပါယ်မှ လွတ်၍ လူဖြစ်လာသော် အရူးအနှမ်း ဖြစ်တတ်၏” ဟုလည်း ဟောတော်မူ၏၊

ထို့ကြောင့် သိက္ခာရှိသူ ဖြစ်လိုလျှင် ဘုရားမကြိုက်သော သေရည်ကို ရှောင်ကြဉ် ထိုက်ပါသည်။

အေ, စီ, ဆယ်လ်မုန်းမည်သော ဆရာဝန်ကြီး၏ “ပါဏာဝုဓ “ ဆေးကျမ်းမှ ထုတ်နုတ်ချက်

          ၁။ အရက်သောက်ခြင်းသည် မူရင်းရှိ မေတ္တာကို လျော့ပါးစေ၍ သား လင်တို့၏ ဝတ္ထရားကို တိမ်းပါးစေပါသည်၊ မိမိအလုပ်အကိုင်၌ ညံ့ဖျင်းစေပြီး ခိုးခြင်း, လုယက်ခြင်းစသော ဇရာဝတ်မှုများကို ကျူးလွန်စေပါသည်၊ ရောဂါအချို့တို့မှာ-သွက္ချာပါဒ (အင်္ဂါသေခြင်း)၊ အစာအိမ်ရောင်ခြင်း, အသည်းကျောက်ကပ် အဆုတ်ရောင်ခြင်း, ချောင်းဆိုးသွေးပါနှင့် ရူးသွပ်တတ်သော ရောဂါများ ဖြစ်ပွားစေ ပါသည်။
          ၂။ အရက်သောက်သူတို့က “အရက်သောက်ခြင်းသည် မိမိတို့ စိတ်ကူးကို ထက်မြက်စေသည်” ဟု ထင်မြင်တတ်ကြ၏၊ မုချအားဖြင့် အရက်သောက်စ ၁၀-မိနစ်လောက်၌ စိတ်ကူးသွက်လာဟန်ရှိသော်လည်း သူ၏ထင်မြင်ချက်နှင့် နှုတ်ထွက် စကားတို့မှာ ပရမ်းပတာ မလိမ္မာသော အနက်ကို ပေးကြသည်၊ နှုတ်စောင့်စည်းသူ, အကျင့် ကောင်းသူပင် မူးယစ်လာသောအခါ လုံးလုံးတစ်မျိုး ဖြစ်သွားသည်၊ စကားနည်းသူ အရက်သောက်လျှင် စကားပေါလာ၏၊ အရက် သောက်ပြီး မူးဝေခေါင်းလေးသဖြင့် အိပ်ချင်လာ၏။
          ၃။ အရက်သည် သောက်သူ၏ သားသမီးများလည်း ရောဂါ ဖြစ်စေတတ်၏၊ ကလေးအရူးထောင်တွင် တစ်ရာလျှင် ၄၁-ယောက် သည် အရက်သမား၏ သားသမီးများဖြစ်ကြ၏၊ အရက် သမားသည် မသောက်သူတို့ထက် ၂-ဆလောက် ရောဂါထူကြောင်းကို တွေ့၏၊ များမကြာမီ ကာလတုန်းက ဆေးဆရာတို့သည် ရောဂါကို သက်သာစေလိမ့်မည်အထင်နှင့် အရက်ကို ပေးကြ၏၊ သို့သော် အရက်သည် ရောဂါကို မသက်သာစေသည့် အပြင် သာ၍တိုးတက် စေကြောင်း  သိကြရ၏၊ ဤသို့ စသည်ဖြင့် အရက်၏ အပြစ်များကို ရေးသားထားလေသည်။


***********************

သုရာပါန။       ။ သေရည်အရက်သောက်မှုသည် (သောက်ကြောင်း စေတနာသည်) သုရာပါမည်၏၊ ဤသုရာပါနကို အကုသလကမ္မပထဟူ၍ တိုက်ရိုက် မဆိုကြ၊ မူလဋီကာ၌ “တဿ သဘာဂတ္တေန မိစ္ဆာစာရေ,  ဥပကာရ ကတ္တေန ဒသသုပိ ကမ္မပထေသု အနုပ္ပဝေသော “ ဟု ဆို၏၊ [တဿ-ထိုသုရာပါန ၏၊ သဘာဂတ္တေန-ကာမေသုမိစ္ဆာစာရနှင့် သဘောတူသည်၏ အဖြစ်ကြောင့်၊ မိစ္ဆာစာရေ-ကာမေသုမိစ္ဆာစာရ၌၊ အနုပ္ပဝေသော-လျော်စွာဝင်ခြင်းသည်၊ ဟောတိ-ဖြစ်၏၊ ဥပကာရကတ္တေန-ကမ္မပထဆယ်ပါးလုံးအား လျော်သော ကျေးဇူးကို ပြုတတ်သည်၏ အဖြစ်ကြောင့်၊ ဒသသုပိ-ဆယ်ပါးလည်းဖြစ်ကုန်သော၊ ကမ္မပထေသု-ကမ္မပထတို့၌၊ အနုပ္ပဝေသော-သည်၊ ဟောတိ=၏။]

သဘာဂတ္တဖြစ်အပုံ။    ။ဤ၌ “သဘာဂတ္တေန မိစ္ဆာစာရ”  အရ သဘောတူပုံ ကား-ကာမဂုဏ် (၅)ပါး ကာမအတွေ့သည် ဖောဋ္ဌာဗ္ဗာရုံကာမဂုဏ်တည်း၊ သေရည် အရက်သည် ရသာရုံကာမဂုဏ်တည်း၊ ထို ဗောဋ္ဌာဗ္ဗာရုံကာမဂုဏ်ကို အယုတ်တမာ ပြုကျင့်ခြင်းသည် ကဲ့ရဲ့ထိုက်သကဲ့သို့ç ဤ ရသာရုံ သုရာကို သောက် စားခြင်းသည်လည်း ကဲ့ရဲ့ထိုက်၏၊ ယုတ်မားသောအကျင့် (မိစ္ဆာစာရ) တစ်မျိုးပင် ဖြစ်၏၊ ထို့ကြောင့် “သဘာတ္တေန မိစ္ဆာစာရေ” ဟု ဆိုသည်၊ မူလဋီကာ၏ ဤသွင်းပုံသို့ လိုက်၍ ဋီကာကျော်၌လည်း “သုရာပါနံပိ ဧတ္တေဝ သင်္ဂယှတီတိ ဝဒန္တိ, ရသသင်္ခါတေသု ကာမေသု မိစ္ဆာစာရဘဝတော “ ဟု ဆိုပြီ။

ဥပကာရကတ္တ ဖြစ်ပုံ။   ။ ”ဥပကာရကတ္တေန ဒသသုပိ ကမ္မပထေသု”  အရ ကမ္မပထ ဆယ်ပါးလုံး၌ ကျေးဇူးပြုပုံကား သုရာကို သောက်မိလျှင် ပင်ကို မရဲသူပင် ရဲရင့်လာ၏, သတ်မှု ခိုးမှု ကာမမှုများကို အခွင့်အားလျော်စွာ ပြုရဲ၏၊ လိမ်လည်မှုစသော ဝစီကံ, အဘိဇ္ဈာစသော မနောကံများမှာ မဖြစ်နိုင်စရာ မရှိ၊
ရှေးတုန်းက မင်းတစ်ဦးသည် သုရာမူးစဉ် ပွဲတော်ဆက်သရာ အမဲဟင်းလျာ မပါသည်အတွက် ရင်ခင်ထက်က သားတော်ကလေးကို သတ်၍ချက်စေအပ်ဖူး သတဲ၊ ကုမ္ဘဇာတ်တော်၌ သိကြားမင်း

သုရာရောင်းခဲ့ပုံကား-
ယံ ဝေ ပိဝိတွာ ဒုစ္စရိတံ စရန္တိ, ကာယေန ဝါစာယ စေတသာ စ၊  နိရယံ ဝဇန္တိ ဒုစ္စရိတံ စရိတွာç တဿာ ပုဏ္ဏံ ကုမ္ဘမိမံ ကိဏာထ”-ဟူသည်တည်း၊ [အကြင် အရည်ကို သောက်၍ ကိုယ်နှုတ် စိတ်ဖြင့် ဒုစရိုက်ကို ကျင့်ကြကုန်၏၊ ဒုစရိုက်ကျင့်၍ ငရဲသို့ သွားကြရကုန်၏၊ ထိုအရည်ဖြင့် ပြည့်သော ဤအိုးကို ဝယ်လိုက်ကြလော။]

ကမ္မပထဝါဒ။   ။ “ပါဏာတိပါတော ဘိက္ခဝေ အာသေဝိတော ဘာဝိတော” စသည်ဖြင့် ဟောတော်မူသကဲ့သို့, ထိုအတူ “သူရာမေရယပါနံ ဘိက္ခဝေ အာသေ ဝိတံ ဘာဝိတံ ဗဟုလီကတံ နိရယသံဝတ္တနကံ တိရစ္ဆာနယောနိ သံဝတ္တနကံ ပေတ္တိဝိသယသံဝတ္တနကံ၊ ယော သဗ္ဗဟုလဟုç သော သုရာမေရယပါနဿ ဝိပါကော မနုဿဘူတဿ ဥမ္မတ္တကသံဝတ္တနိကော ဟောတိ”ဟု အဋ္ဌင်္ဂုတ္တရ ပါဠိတော်၌ ဟောတော်မူသည်၊ [ရဟန်းတို့...သုရာပါနကို မှီဝဲအပ် ထုံအပ် အကြိမ်များစွာ အလေ့အလာပြုအပ်လျှင် ငရဲ၌ ဖြစ်စေနိုင်၏၊ တိရစ္ဆာန် မျိုး၌ ဖြစ်စေနိုင်၏çပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏၊ အကြင်အကျိုးကား သုရာပါနအတွက် အပေါံဆုံးတည်း၊ ထိုအပေါဆုံးအကျိုးသည်ပင် လူဖြစ်တဲ့အခါ အရှုးအနှမ်းဖြစ်ဖို့ ရှိသေး၏။]
သိက္ခာပဒဝိဘင်္ဂဋ္ဌကထာ၌လည်း  “ကောဋ္ဌာသတော ပဉ္စပိ ပါဏာတိပါတာ ဒယော ကမ္မပထာ ဧဝ” ဖြင့် ပါဏာတိပါတစသော (၅)ပါးလုံးကို ကမ္မပထဟု ဆိုထား၏၊ ထို့ကြောင့် ပါဏာတိပါတစသော ရှေ့(၅)ပါးကဲ့သို့ သုရာပါနလည်း ဆေးဝါးအမှတ်ဖြင့် သောက်စေကာမူ (သောက်ပြီး မည်သည့် ဒုစရိုက်ကိုမျှ မပြုစေကာမူ) ကမ္မပထမြောက်သည်သာဟု ကမ္မပထဝါဒီဘက်က ဆိုကြ၏။

အကမ္မပထဝါဒ။          ။ ကမ္မပထမြောက်ဟု အယူရှိသူတို့က ငြင်းချက်ထုတ်ပုံ ကား-“သုရာမေရယပါနံ ဘိက္ခဝေ ၊ပေ၊ နိရယသံဝတ္တနကံ” စသော ပါဠိတော်သည် ကမ္မပထမြောက်ကြောင်းကို ပြသော ပါဠိတော်မဟုတ်, ငရဲစသည်၌ ဖြစ်နိုင် ကြောင်းကို ပြသောပါဠိတော်တည်း၊ ငရဲစသည်၌ ဖြစ်စေနိုင်မှုမှာလည်း ဆေးဝါးအမှတ် သောက်ရုံဖြင့် ဖြစ်စေရမည်ဟု မယူသင့်၊ “ ယံ ဝေ ပိဝိတွာ ဒုစ္စရိတံ စရန္တိ” စသောကုမ္ဘဇာတ်တော်ပါဠိတော်နှင့်အညီ သောက်ပြီးနောက် မကောင်းမှုကို ပြုမှသာ ငရဲစသည်၌ ဖြစ်စေနိုင်သည်ဟု ယူသင့်၏။

ဆက်ဦးအံ့။     ။ “ကောဋ္ဌာသတော ပဉ္စပိ ပါဏာတိပါတာဒယော ကမ္မပထာ ဧဝ” ဟူသောစကားလည်း ကမ္မပထမြောက်ကြောင်းကို ပြသောစကားမဟုတ်, ကမ္မပထခန်း ဈာန်ခန်းစသည်ဖြင့် အခန်းအသီးသီး ရှိရာတွင် ပါဏာတိပါတစသည် တို့ ဈာန်ခန်းစသည်၌ မပါ, ကမ္မပထခန်း၌ ပါသည်ဟု အခန်းခွဲပြသော စကားသာ တည်း၊

ထို့ကြောင့် မူလဋီကာ၌ “ကမ္မပထဝါတိ ကမ္မပထကောဋ္ဌာသိကာဝ (ကမ္မပထ အဖို့တွင်သာ ပါဝင်သည်)” ဟု မိန့်ပေသည်၊ အနုဋီကာ၌လည်း ကမ္မပထကောဋ္ဌာသိကာ ဧဝ, န ဈာနဒိကောဋ္ဌာသိကာ” ဟု ဧဝသဒ္ဒါအတွက် ဈာနစသော အဖို့များကို ကန့်ကွက်သည်ဟု ဖွင့်၏၊ ဤစကားတို့ဖြင့် “သုရာပါန၏ တရားကိုယ်သည် သောက်ကြောင်းစေတနာ စေတသိက်ဖြစ်ရကား ကမ္မပထ အဖို့တွင် ပါသည်,  ဈာန်စသော အဖို့တွင် မပါ”  ဟု ပြသည်၊ ထိုကဲ့သို့ ပြရုံမျှဖြင့် ကမ္မပထမြောက်ပြီဟု မဆိုသင့်ပေ၊

ခုဒ္ဒကပါဌအဋ္ဌကထာ၌ သုရာပါနကို ကမ္မပထ မဟုတ်, ကာယကံမျှသာလျှင်ဖြစ်ကြောင်း “မုသာဝါဒေါ ဝစီကမ္မမေဝ, ယော ပန (မုသာဝါဒေါ) အတ္ထဘဉ္စကော, သော ကမ္မပထပ္ပတ္တော, ဣတရော ကမ္မမေဝ၊ သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ ကာယကမ္မမေဝ”  ဟု တိုက်ရိုက်ဆိုထားပြီ၊ ဤကား ကမ္မပထမမြောက်ဟု အယူရှိသူတို့၏ ငြင်းဆိုချက်တည်း။

ဆုံးဖြတ်ချက်။  ။ ပြခဲ့သော သာဓကတို့အရ သုရာပါနသက်သက် ကမ္မပထ မမြောက်နိုင်သည်မှာ သေချာပြီ၊ ကမ္မပထမြောက်လျှင် အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်သည့် ဇနကသတ္တိ ဧကန်ရှိနိုင်သည်ဟု မဆိုသာ၊ တချို့သူ၏ သောက်စားမှုသည် အပါယ်ပဋိသန္ဓေကျိုးကို မပေးနိုင်, အချို့သူ၏ သောက်စားမှုကား အပါယ် ပဋိသန္ဓေကျိုး ပေးနိုင်သည်ဟု ယူရမည်။

ပဋိသမ္ဘိဒါမဂ်။   ။ ကုသလာကုသလာပိ စ ပဋိသန္ဓိဇနကာယေဝ ကမ္မပထာတိ ဝုတ္တာ၊ ဝုတ္တာဝသေသာ ပဋိသန္ဓိဇနနေ အနေကန္တိ ကတ္တာ ကမ္မပထာတိ န ဝုတ္တာ၊ ဝုတ္တာဝသေသာတိ သုရာပါနာဒယော တဗ္ဗိရမဏာဒယော စ၊-၄င်းဋီကာ။ [ပဋိသန္ဓေကျိုးကို ပေးတတ်သော ပါဏာတိပါတ ပါဏာတိပါတဝိရတိစသော ကုသိုလ် အကုသိုလ်တို့သာ ကမ္မပထဟ ဆိုအပ်ကုန်၏၊ ဆိုအပ်သည့်မှကြွင်းသော သုရာပါန သုရာပါနဝိရတိစသော ကုသိုလ် အကုသိုလ်တို့မှာ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်ရန် ဧကန် မဟုတ်, တချို့ပေးနိုင်, မပေးနိုင်သည့်အတွက် ကမ္မပထဟု မဆိုအပ်ကုန်၊ ကမ္မပထ(၁၀)ပါးတွင် မပါဝင်-ဟူလို။]

ဆက်ဦးအံ့။     ။ သေရည်အရက်ကို သောက်ရာ၌ ၁-ဆေးဝါးတွင် ပါလာ၍ သောက်မှု, ၂-ဆေးဝါးအဖြစ်ဖြင့် သူ့ချည်းသက်သက်သောက်မှုçဤနှစ်မျိုး၌ ကြီးသောအပြစ် မထင်၊
ယခုကာလ အင်္ဂလိပ်ဆေးများ၌ အရက်ပါသည်သာများ သတဲ့၊ မျက်နှာမြင်ပြီးစ မိန်းမသားတို့သည် တကယ်ပင် ဆေးဝါးအဖြစ်ဖြင့်  အရက်ချိုတစ်မျိုးကို သောက်ကြသည်၊ ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်၌ “သုရာသောက်ရာဝယ် အကုသိုလ်စိတ်နှင့် မကင်း”ဟု ဆို၏၊

ထိုစကားမှာ အဆန်း မဟုတ်ပါ, ပုထုဇဉ် သေက္ခတို့ အရသာခံ၍ ထမင်းစာရာ၌ပင် မကင်းနိုင်သော အကုသိုလ်မျိုးတည်း၊ သို့သော် (၂)နံပါတ်ပြ သောက်မှုမျိုး၌ လူနှင့် သာမဏေတို့မှာ (၁၀)ပါး, (၈)ပါး, (၅)ပါးသီလ ပျက်မည်သာ ဖြစ်၍ မသောက်ကြဘဲ ရှောင်လွဲနိုင် မှသာ သီလရှိသူ သူတော်ကောင်း ပီသမည်၊ (၁)နံပါတ်ပြ သောက်မှုမှာ ဆေးကိုသာ သောက်ရာကျ၍ သိက္ခာပုဒ် ပျက်ဖွယ် မရှိ။
၃-တမင့်ကို သောက်ချင်လှ၍ သောက်မှုကား ရသာရုံကာမ၌ မိစ္ဆာစာရ ဖြစ်သောကြောင့် အပြစ်ကြီးလှသည်၊ မည်မျှလောက် အပြစ်ကြီးသည်ဟုကား- အာသေဝိတံ-မှီဝဲအပ်လျှင်၊ ဘာဝိတံ-အထုံပါနေလျှင်၊ ဗဟုသိကတံ-အလေ့အလာများလျှင်၊ ငရဲ၌ ဖြစ်နိုင်, တိရစ္ဆာန် ပြိတ္တာနှင့်အရူးလည်း ဖြစ်နိုင်၏” ဟု ဟောတော်မူသည်။
ဘုရားလက်ထက်တော်က အရှင်သာဂတမထေရသည် ဈာန်အဘိညာဉ်ရ၍ တန်ခိုး ဣဒ္ဓိပါဒ်ကြီးမားလှသော ပုထုဇဉ်တစ်ပါးတည်း၊ အခါတစ်ပါး၌ နဂါးနှင့် ပြိုင်ရာဝယ် နဂါးကို အနိုင်ရသောကြောင့် ကောသမ္ဗီပြည်သူတို့ ကြား၍ ကြည်ညိုလှသဖြင့် ဆွမ်းခံဝင်အလာတွင် ကပ်လှူအပ်သော သေရည်ကို အရှင်သာဂတသုံးဆောင်လေရာ သေရည်မူး၍ မြို့ပေါက်ဝ၌ လဲလေသည်၊ (ဈာန် အဘိညာဉ်များလည်း ကွယ်ပလေပြီ၊) ဘုရားရှင် ဆွမ်းခံရာမှ ထွက်ြွကတော်မူလာ သောအခါ ရဟန်းတို့အား တွဲခေါ်ဖို့ရန် မိန့်တော်မူချက်ဖြင့် တွဲယူလာပြီးနောက် ဘုရားရှင် ရှေ့တော်မှောက်၌ ဘုရားဘက်ဦခေါ်င်းပေး၍ ချထားကြလေလျှင် ချက်ချင်းပင် ပြန်လှည့်ကာ ဘုရားဘက် ခြေပြုထားလေသည်၊ ဤမျှလောက် တန်ခိုး ရှင်ကိုပင် အရှက်တကွဲ အကျိုးနဲအောင် ပြုနိုင်လျှင် သာမန်လူစားကို အဘယ်မှာ အကျိုးများအောင် ပြုနိုင်တော့အံ့နည်း၊

သောက်ချင်၍ သောက်သူမှာ တစ်ခါ နှစ်ခါဖြင့် ကျေနပ်မည် မဟုတ်, သောက်စရှိလျှင် သောက်ချင်ချင် ဖြစ်လတ္တံ့၊ “တိဏ္ဏံ ဘိက္ခဝေ ပဋိသေဝနာယ အတိတ္တိ” စသည်ဖြင့် တိကင်္ဂုတ္တရပါဠိတော်၌ မတင်းတိမ်နိုင်ကြောင်း အချက်များကို-အိပ်မှု, သေရည်အရက် သောက်မှု,  မေထုန်မှုအားဖြင့် (၃)ပါးရှိကြောင်း ဟောတော်မူသည်။
၎-သောက်ပြီးနောက် ကုမ္ဘဇာတ်တော်လာသည့်အတိုင်း ပါဏာတိပါတ စသော ဒုစရိုက်တစ်ခုခုပြုရာ၌ သုရာပါနစေတနာသည် ထိုကမ္မပထမြောက်သော ဒုစရိုက်၏ ရှေ့တော်ပြေး ပုဗ္ဗစေတနာတည်း၊ ထိုကဲ့သို့ ပုဗ္ဗစေတနာများကာ အပါယ် ချနိုင်ကြောင်းကို အပရာပရိယဝေဒနီယကံ အခန်း၌ ရေးသားခဲ့ပြီ၊ ထင်ရှားစေအံ့-လောက၌ တော်လည်ပတ်သော လူတစ်ယောက်သည် မည်သည် ပြစ်မှုကိုမျှ ကိုယ်တိုင် မပြု, လူမိုက်များကို အားပေးအားမြောက် ပြုလေ့ရှိ၏၊ လူမိုက်တစ်ယောက်ကို သတ်ဖို့ခိုင်းမိ၌ ပြစ်မှုပေါ်ရာ၌ သတ်သူက တစ်တရားခံ အားပေးသူမှာ နှစ်တရာခံ ဖြစ်သကဲ့သို့, ထိုအတူ သုရာပါနစေတနာသည် ဒုစရိုက် ကမ္မပထတွေကို အားပေးအားမြောက် ပြုတတ်ရကား နှစ်တရားခံအနေအားဖြင့် အပါယ်ချခွင့် ရှိလေသည်၊ လူမိုက်အားပေးတတ်သူ ယခင်လူလည်သည် လူမိုက်ပေါင်း များစွာထက် ကြောက်စရာကောင်းသကဲ့သို့  ထိုအတူ ဒုစရိုက်ကို အားပေးတတ်သော သုရာပါနလည်း ဒုစရိုက်များစွာထက်ပင် ကြောက်ဖွယ် ကောင်းလှ၏။
အချုပ်အားဖြင့် ဤသုရာပါန၌ ပုဗ္ဗစေတနာအားဖြင့် ပဋိသန္ဓေကျိုးကို ပေးဖို့ ရာကိစ္စ  ဒုစရိုက်ကမ္မပထတွေကို ဖြစ်စေဖို့ကိစ္စဟု နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတွင် ဒုစရိုက်ကမ္မပထကို ဖြစ်စေဖို့ကိစ္စသည် အလွန်အားကောင်း၏၊။

ထို့ကြောင့်လည်း ကုမ္ဘဇာတ်တော်၌ “ယံ ဝေ ပိဝိတွာ ဒုစ္စရိတံ စရန္တိ”  ဟု မိန့်လေသည်၊ ဤသုံးအချက် လေးအချက်တို့၌ ပြအပ်သော သုရာပါနကို ရည်ရွယ်တော်မူ၍ပင် “သုရာမေရယ ပါနံ ဘိက္ခဝေ အာသေဝိတံ” စသော ပါဠိတော်ကို ဟောတော်မူသည်၊

ဤစကားစဉ် အရ-အချို့သော သုရာပါနသည် အပြစ်မကြီးဟု ဆိုရစေကာမူ အချို့သုရာပါနကား ကြီးလေးသော အပြစ်ကို ဖြစ်စေနိုင်သဖြင့် သုရာပါနမှ ရှောင်ကြဉ်မှုသည် နိစ္စသီလ တစ်ခုဖြစ်သည်ဟု မှတ်ပါ၊။ [ကစော် လှော်စာများမှာ သုရာမျိုးပင်ဖြစ်သည်၊ ဘိန်း ကုတ်ကင်း မာဖီးယား ဆေးခြောက်များကိုလည်း ဤသုရာပါန၌ သွင်းယူလေ့ရှိ ကြ၏၊ သွင်းသင့်/မသွင်းသင့်ကိုကား စဉ်းစားဖွယ်ပင်။]
မဟာဂန္ဓာရုံဆရာတော်၏  
ရတနာ့ဂုဏ်ရည်ကျမ်းနှင့် သင်္ဂြီုဟ်ဘာသာဋီကာတို့မှ ဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ