" ဦးပဉ္စင်း စာချနေသလားလို့ ဒါယိကာမကြီးက အောက်မေ့ပါတယ်... လက်စသပ်တော့ ဦးပဉ္စင်းက လှည်းမောင်းနေတာကိုး"
ဒီစကားလေးကတော့ ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋကဆရာတော်ကြီး
ဓမ္မနာဒတိုက်ရဲ့ ပဓာနနာနယကဆရာတော် ဖြစ်တော်မူပြီး စာဝါများ ပို့ချတော်မူတဲ့ အခါ
ရသင့် ရထိုက် သိသင့်သိထိုက်တဲ့ စာတွေကို မသိကြ မရကြတဲ့ စာသင်သားတွေကို
ကြီးမားတဲ့ မေတ္တာကရုဏာနဲ့ နာကျင်အောင် ငေါက်ငမ်း ဆုံးမတော်မူလို့
အများက သာသနာ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ဆရာတော်ကြီးရဲ့ ရဟန်းအမဖြစ်တဲ့ "ဆရာကြီး ဒေါ်ဓမ္မစာရီ" က ဆရာတော်ကို လျှောက်ကြားခဲ့တဲ့ စကားလေးပါ။
ဒီစကားလေးကို ဖတ်ရှုမိတော့ ကိုယ့်ကိုယ်ကို တစ်နေ့ ဘယ်နှစ်ခါများ လှည်းမောင်းမိသလဲဆိုတာရော အခြားသူများလည်း နေ့စဉ် ဘယ်နှစ်ခါများ လှည်းမောင်းနေကြသလဲဆိုတာကိုပါ စဉ်းစားနေမိတယ်။
ဆရာကြီးရဲ့ စကားမှာ “လှည်းမောင်းနေတာကိုး” ဆိုတာ ပရိယာယ်နဲ့ သွယ်ဝိုက်ပြီး ပြောတဲ့စကားပါ၊ လှည်းမောင်းတဲ့သူဟာ ပေကပ်ကပ်နွားတွေကို ကိုယ့်စိတ်တိုင်း မကျလို့ အော်ရ ငေါက်ရ ကြိမ်းမောင်းရတတ်ပါတယ်။
အဲသလိုပါပဲ ကိုယ်စိတ်တိုင်းမကျတဲ့ တပည့် သားသမီး လက်အောက်ငယ်သားကို ဖြစ်စေ သူငယ်ချင်းအချင်းချင်းဖြစ်စေ ကိုယ်နဲ့ဆက်နွယ်နေသူတစ်စုံတစ်ယောက်ကို အော်မိ ငေါက်မိ ကြိမ်းမောင်းမိကြဖူးမှာပါ။ ဒီလိုကြိမ်းမောင်းမှု ငေါက်ငမ်းမှုကိုပဲ “ လှည်းမောင်းတယ်” လို့ တင်စားပြောဆိုထားတာပါ။
ဘာအကြောင်းကြောင့်ဖြစ်စေ တဖက်သားကို ငေါက်ရင် အော်ရင် ကြိမ်းမောင်းရင် လှည်းမောင်းနေတာလို့ ဆရာကြီးဒေါ်ဓမ္မစာရီရဲ့ စကားက မီးမောင်းထိုးပြနေပါတယ်။
ဆရာကြီးရဲ့ စကားအရဆိုရင် နေ့စဉ်လှည်းမစီးပဲ လှည်းမောင်းနေတဲ့ လှည်းသမားတွေ ဘယ်လောက်တောင်များနေမလဲ၊
တဖက်သားကို မအော် မငေါက် မကြိမ်းမောင်းပါနဲ့၊ ချိုသာတဲ့ စကားနဲ့ တဖက်သားကို ဆက်ဆံပေးပါ၊ လှည်းမမောင်းကြပါနဲ့လို့ ဆရာကြီးက တိုက်တွန်းချင်တာပါ၊
"သတိ လှည်းမမောင်းရ"ရလို့ ဆိုင်းဘုတ်ထောင်ပြီး သတိပေးနေသလိုပါပဲ။
" သတိ လှည်းမမောင်းရ "