Sunday, March 3, 2013

အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၄၄) အခန်း - ၉ ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း {Reincarnation and Rebirth}




Reincarnation and Rebirth

                   မြတ်စွာဘုရားက ဘယ်လောက်ထိအောင် ရှင်းရှင်းလေးဟောထားတုန်းဆိုရင် အင်မတန်သေးငယ်တဲ့ မြေမှုန်လေးလောက်တောင်မှပဲ လောကကြီးမှာ မြဲတယ်ဆိုတဲ့အရာ မရှိဘူး၊  အကယ်၍ မြူမှုန်လေးလောက်အရာလေးတစ်ခုတောင် မြဲတဲ့အရာ ရှိတယ်ဆိုရင် မြတ်သောအကျင့် ကျင့်စရာမလိုဘူး တဲ့၊ ဆိုလိုတာက တရားဓမ္မတွေ ကျင့်သုံးရတာဟာ မမြဲလို့ ကျင့်သုံးရတာ။ မမြဲတဲ့အရာတွေ၊ ပြောင်းလွဲနေတဲ့အရတွေဖြစ်လို့ မခိုင်မြဲလို့ ဒါတွေကို နားလည်သဘောပေါက်အောင် ကျင့်သုံးရတယ်လို့ ပြောတာ၊ မြဲတဲ့အရာရှိနေလို့ရှိရင် ဘာမှ ကျင့်သုံးစရာ မလိုဘူးတဲ့၊ သူ့သဘာဝအတိုင်း မြဲသွားမှာပေါ့။

                   အဲဒါကြောင့်မို့ ဗုဒ္ဓဘာသာကျမ်းဂန်တွေကျတော့ Reincarnation ဆိုတဲ့ အသုံးကို မသုံးတော့ဘဲနဲ့ Rebirth ကို သုံးတယ်၊ Rebirth က ပြန်လည်မွေးဖွားခြင်း၊ Reincarnation က ဝင်စားခြင်း၊ ပြန်လည်ပြီးတော့ ဝင်စားခြင်း၊ Rebirth ဆိုတာက အကြောင်းကြောင့် ပြန်လည်မွေးဖွားခြင်း၊ ကံတရားကအနေနဲ့ ဆက်သွယ်ပြီးတော့ ဖြစ်လာမှုပဲရှိတယ်၊ တကယ်ကတော့ ခိုင်မြဲနေတဲ့ အရာဝတ္ထု တစ်ခုကနေပြီးတော့ တစ်ဘဝကနေ တစ်ဘဝကူးနေတာ မဟတ်ဘူးတဲ့။


                   မြတ်စွာဘုရားရဲ့ အလိုတော်က ရုပ်နဲ့နာမ် ၂-မျိုးပဲရှိတယ်၊ ခန္ဓာ ၅-ပါးပဲရှိတယ်၊ အဲဒီ ခန္ဓာ ၅-ပါးဟာ အနတ္တပဲ။ ရူပက္ခန္ဓာဟာ အတ္တလားဆို အတ္တ မဟုတ်ဘူး၊ မြဲနေတဲ့အရာ မဟုတ်ဘူး၊ ဝေဒနာက္ခန္ဓာလည်း အတ္တမဟုတ်ဘူး၊ သညာက္ခန္ဓာလည်း အတ္တမဟုတ်ဘူး၊ သင်္ခါရက္ခန္ဓာ, ဝိညာဏလက္ခန္ဓာလည်း အတ္တမဟုတ်ဘူး၊ ဝိညာဉ်ကောင် မဟုတ်ဘူး၊ လိပ်ပြာကောင် မဟုတ်ဘူး၊ ဒါဖြင့် လူတွေဟာ ခန္ဓာ ၅-ပါးအပြင် အတ္တ ရှိနေသေးတယ်။

                   အဲဒီတော့ မြတ်စွာဘုရားက အတ္တဆိုတာ ဟောဒီ ခန္ဓာ ၅-ပါးထဲက တစ်ခုခုကို လွဲမှားစွာ အမည်တပ်ထားခြင်းသာ ဖြစ်တယ်တဲ့၊ အဲဒီ ခန္ဓာ ၅-ပါးထဲမှာ လိုက်ရှာကြည့်လိုက်လို့ရှိရင် ထာဝရမြဲနေတဲ့ အတ္တဆိုတာ တစ်ခုမှမရှိဘူးလို့ မြတ်စွာဘုရားက ရှင်းရှင်းဟောတယ်၊ ခန္ဓာ ၅-ပါးရဲ့ အပြင်မှာလည်း မရှိဘူး၊ ခန္ဓာ ၅-ပါးသည် အတ္တလည်း မဟုတ်ဘူး၊ ခန္ဓာ ၅-ပါးရဲ့ အပြင်မှာလည်း မရှိဘူး၊ အတွင်းထဲမှာလည်း မရှိဘူး၊ ဘယ်နေရာမှာမှ မရှိဘူးလို့ ဒီလိုဆိုလိုတယ်၊ အဲဒီတော့ လောကကြီးမှာ မြဲတဲ့အရာဆိုတာ တစ်ခုမှ မရှိဘူး။

                   ဒါဖြင့် ကောင်းပြီ - သူတို့မှာ သံသရာအကြောင်းကို ရှင်းပြဖို့ သိပ်လွယ်တယ်၊ ဘာဖြစ်လို့ လွယ်တာတုန်းဆိုတော့ ဝိညာဉ်ကောင်လေးကနေပြီးတော့ ဟောဒီ ရုပ်ခန္ဓာကြီး ဟောင်းနွမ်းပျက်စီးသွားတဲ့အခါ နောက်ခန္ဓာသစ်တစ်ခုထဲကိုသွားတယ်၊ နောက်ခန္ဓာအသစ်ကိုယ်ကို ရွေးချယ်ရတယ်၊ ဟော တိရစ္ဆာန်ဖြစ်သွားတယ်၊ ပြိတ္တာ ဖြစ်သွားတယ်၊ ကောင်းတဲ့ကံ လုပ်ထားတဲ့ ပုဂ္ဂိုလ်က ကောင်းတဲ့ကံကဲ့သို့ လှပတဲ့ ခန္ဓာကိုယ်တွေရတယ်၊ လူ့ခန္ဓာရတယ်၊ နတ်ခန္ဓာ ရတယ် စသည်ဖြင့်ပေါ့နော်၊ သူတို့က ဒီလိုရှင်းတယ်၊ အဲဒီတော့ spirit လို့ ဆိုတဲ့ ဝိညာဉ်ကောင် အတ္တကောင် လိပ်ပြာကောင် ထာဝရမြဲနေတဲ့ အရာတစ်ခုသည် ဘဝတစ်ခုကနေ ဘဝတစ်ခုကို သွားနေတာ။

                   Tibet ဗုဒ္ဓဘာသာဝင်တွေက Reincarnation ကို စွဲစွဲမြဲမြဲ ယုံကြည်တဲ့ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ မစစ်ဘူး၊ သူတို့က တန္တရ ဗုဒ္ဓဘာသာ၊ မန္တရဗုဒ္ဓဘာသာတွေ၊ ဗုဒ္ဓရဲ့ တရားတော်ကို လက်ခံတယ်လို့ ဆိုပေမယ့်လို့ အနှစ်သာရပိုင်းကို လက်ခံတာ မဟုတ်ဘူး၊ သံသရာအကြောင်း ကံအကြောင်း ရောထွေးပြီးတော့ အစစ်အမှန် မရှိဘဲနဲ့ အစစ်အမှန်က သွေဖီသွားတဲ့ ပုံစံပျက်နေတဲ့ ဗုဒ္ဓဘာသာမျိုးပဲ ဖြစ်တယ်။

                   အဲဒါကို ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေက သေသေချာချာ မသိတဲ့အခါ Tibet ဗုဒ္ဓဘာသာဝင်တွေရွတ်တဲ့ မန္တာန်ကိုလည်း လိုက်ရွတ်တယ်၊ ဥုံ မဏိ ပဒ္ဓေဟုံ ဆိုပြီး၊ ဒါ Tibet တွေရွတ်တဲ့ မန္တာန်ကိုရွတ်တာ၊ ထေရဝါဒဗုဒ္ဓဘာသာသာမှာ ဘာအဓိပ္ပာယ်မှ မရှိဘူး၊ မဏိ  ဆိုတာ ပတ္တမြား၊ ပဒ္မ ဆိုတာ ကြာ၊ ကြာထဲက ပတ္တမြား တင်စားပြီးတော့ သုံးတာ။

                   သူတို့အဓိပ္ပာယ်ယူတာ ရှိသေးတယ်၊ သူတို့က Reincarnation နဲ့ ပတ်သက်တဲ့ အဓိပ္ပာယ်ယူထားတာ ရှိသေးတယ်၊ Tibet ဗုဒ္ဓဘာသာမှာ Reincarnation ကို အင်မတန်မှ ဦးစားပေးတယ်။

                   လားမားဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီဆိုရင် ဘယ်မှာ ပြန်မွေးမလဲဆိုတာ လိုက်ရှာတယ်၊ သူ့စိတ်ထဲမှာလည်းပဲ သူပြန်မွေးဖို့ပဲ အမြဲတမ်းစဉ်းစားနေတာဆိုတော့ attachment က ရှိနေတယ်။ အဲဒီတော့ အကုသိုလ်ကံ မရှိဘူးဆိုရင် သူ့ရဲ့ဆန္ဒအတိုင်း သူက ပြန်ပေါ်လာမှာပဲ၊ သို့သော် ဒီဘဝက ပါသွားတဲ့ ဝိညာဉ်ကောင်လေးက ဒီဘဝကထွက်ပြီး ဟိုဘဝမှာ ဝင်စားတာ ဒါမျိုးမဟုတ်ဘူး၊ အကြောင်းနဲ့ အကျိုး ဆက်စပ်သွားရုံပဲ ရှိတယ်။


                   ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဘဝကူးပုံနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းဟောကြားတဲ့နေရာမှာ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ နားလည်ဖို့ အလွန်တရာခက်ခဲတယ်။ အဲဒီတော့ နားလည်ဖို့ ခက်ခဲတာ ခုနကလို သဘောပေါက်ရမယ်၊ လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဝိညာဏ်စိတ် ဆိုတာဟာ အကြောင်းတရားကြောင့် ပေါ်လာတာသာဖြစ်တယ်၊ ဆိုင်ရာအကြောင်းကို မှီပြီးတော့ မှ ဖြစ်လာတယ်၊ ဖြစ်လာပြီးရင်လည်းပဲ ချက်ချင်းပျက်စီးသွားတယ်၊ မြဲနေတဲ့အရာ တစ်ခုမှ မရှိဘူးဆိုတာကို ကြပ်ကြပ်နှလုံးသွင်းဖို့ လိုအပ်တယ်ပေါ့၊ အဲဒီ ဖြစ်ပျက်နေတဲ့အစဉ်ဟာ အကြောင်းရှိနေသေးသမျှ အကျိုးတွေပေါ်ပြီး ထိုအကျိုးတွေဟာ ရွေ့လျားပြောင်းလဲပြီးတော့ ဒီလိုသွားနေမယ်ဆိုတဲ့ သဘောကို နားလည်ဖို့လိုတယ်။

                   ဘုန်းကြီးတို့ အခု တရားဟောနေတဲ့ အသံကိုပဲကြည့် - တရားပွဲစလိုက်တဲ့ အချိန်က အသံတွေ ပျောက်သွားပြီမို့လား၊ မရှိတော့ဘူးနော်၊ အဲသလိုပဲ ပျောက်နေတယ်ဆိုတာဟာ ထင်ရှားတယ်၊ စကားဟာ ရှေ့စကား နောက်စကား ပြောနေတယ်ဆိုတာ ရှေ့စကားကအသံတွေပျောက်နေတာပဲ၊ အဲသလို ပျောက်နေသလို လူ့ခန္ဓာကိုယ်မှာဖြစ်တဲ့ ရုပ်တွေနာမ်တွေဟာလည်း ပျောက်နေတယ်ဆိုတာ ထင်ရှားတယ်၊ အဲဒီတော့ ပျောက်နေတယ် ဆိုလို့ရှိရင် ပထမပေါ်လာတဲ့အသံလေးက ဒုတိယအသံ ဖြစ်လာတာလား ဆိုလို့ရှိရင် မဟုတ်ဘူး၊ ဒုတိယအသံက သူ့အကြောင်းနဲ့သူ ဖြစ်လာတာ၊ ပထမအသံကလည်း သူ့အကြောင်းနဲ့သူ ဖြစ်တာ။

                   ဆိုပါစို့ - A, B, C, D လို့ ရွတ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် A လို့ ရွတ်လိုက်တာလည်း သူ့အကြောင်းကြောင့် ဒီ A ဆိုတဲ့ အသံလေးပေါ်လာတာ၊ A ရွတ်ပြီးတဲ့အခါ A ပျောက်သွားမှ B ဆိုတာပေါ်လာတာ၊ အဲဒီတော့ A လေးက B ဖြစ်လာတာလား ဆိုတော့ မဟုတ်ဘူး၊ ဆိုင်ရာအကြောင်းကြောင့် B ပေါ်လာတာ၊ ထို့အတူပဲ C ဆိုတာလည်း သူ့ဆိုင်ရာအကြောင်းကြောင့် သူပေါ်လာတာ၊ B ကနေ C ဖြစ်လာတာ မဟုတ်ဘူး၊ တစ်ခါ C ကနေ D ဆိုတဲ့အသံ ကြားတဲ့အခါလည်း C ကနေ D ဖြစ်သွားတာ။

                   အဲဒါမျိုးလိုပဲ - ဘဝကူးလာတယ်ဆိုတာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုတော့ရှိတယ်၊ ဒီလို အကြောင်းနဲ့အကျိုးနဲ့ ပေါ်လာတာသာဖြစ်တယ်၊ ဒါကြောင့်မို့ ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်း ဆိုတာဟာ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတယ်လိုပ့ ထင်မြင်ယူဆပြီး မှားယွင်းစွာပြောဆိုနေကြတဲ့ အသက်တို့ လိပ်ပြာကောင်တို့ ဝိညာဏ်ကောင်တို့ ဆိုတာတွေက ကူးပြောင်းပြီးတော့ နောက်ဘဝတစ်ခုမှာ သွားဝင်စားတာမျိုး မဟုတ်ဘူး၊ အဲဒီဘဝက လူက ဒီရောက်လာသလိုလို ဒီလိုပြောကြတယ်၊ ဒါကြောင့်မို့ နားလည်ဖို့ခက်တယ်ဆိုတာ ပြောတာနော်၊ ဆက်စပ်မှုကတော့ ရှိတယ်၊ ဆက်စပ်မှုမရှိပဲ မဟုတ်ဘူး။

                   ဥပမာ - ဦးဘဆိုတဲ့လူကြီး သေသွားတဲ့အခါ မောင်လှဆိုတဲ့ လူကလေးတစ်ယောက် မွေးဖွားလာတယ်၊ မောင်လှက ပြန်ပြီးတော့ မှတ်မိလို့ပြောတယ်။ ဟိုဘဝက ဦးဘဟာ သူပဲလို့ပြောတယ်၊ ဒါပေမယ့် ဦးဘဟာ မသေရင် မောင်လှမဖြစ်ဘူး၊ မောင်လှရဲ့ ဘဝနဲ့ ဦးဘရဲ့ ဘဝဟာ Online ပေါ့၊ Line တစ်ခုတည်းမှာသာရှိတာ၊  သို့သော် ဦးဘရဲ့ ရုပ်တွေ နာမ်တွေ ခန္ဓာတွေကနေပြီး မောင်လှဖြစ်သွားတာ မဟုတ်ဘူး၊ ဦးဘ လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေ  အကုသိုလ်ကံတွေ မောင်လှဘဝမှာ ခံရစံရတယ်၊ ဦးဘလုပ်ခဲ့သမျှတွေ မောင်လှက ခံရတယ်၊ ဦးဘနဲ့ မောင်လှဟာ တစ်ယောက်တည်းလားလို့ဆိုရင် တစ်ယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်လားဆိုရင် နှစ်ယောက်တည်း မဟုတ်ဘူး၊ အကြောင်းအကျိုး ဆက်စပ်နေတယ်လို့ပဲ ပြောရမယ်၊ Line တစ်ခုတည်းမှာ ရှိနေတယ်၊ Line ဆိုတာကို သဘောပေါက်သွားလို့ရှိရင် ဒါ ထင်ရှားပါတယ်၊ Line ဆိုတာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတဲ့ Line ချည်းပဲနော်၊ အဲဒီဖြစ်ပျက်နေတဲ့ Line ထဲမှာ ဝင်နေသည့်အတွက်ကြောင့် ပတ်သက်မှုတော့ ရှိတယ်ပေါ့။

                   စိတ်အစဉ်တွေကလည်း ထို့တူပဲ၊ သေချာစဉ်းစားကြည့် - ဝီထိစိတ်တွေမှာ ပဉ္စဒွါရာဝဇ္ဇန်းစိတ် ချုပ်သွားတော့ စက္ခုဝိညာဏ်ပေါ်တယ်ဆိုရင် ပဉ္စဒွါရာဝဇ္ဇန်းစိတ်က စက္ခုဝိညာဏ်ဖြစ်တာလားဆို မဟုတ်ဘူး၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်က သူ့ဟာသူဖြစ်ပြီးချုပ်သွားတာ၊တစ်ခါ စက္ခုဝိညာဏ်စိတ် ချုပ်သွားတဲ့အခါ သမ္ပဋိစ္ဆိုင်းစိတ် ပေါ်တယ်ဆိုရင် သမ္ပဋိစ္ဆိုင်းစိတ်က စက္ခုဝိညာဏ်က ဖြစ်လာတာလားဆို မဟုတ်ဘူး၊ အဲသလို စဉ်ဆက်မပြတ် စိတ်တွေဟာ ရှေ့စိတ်က ချုပ်သွားလို့ နောက်စိတ်တွေ ပေါ်လာတဲ့ သဘောမျိုးပဲ ရှိတယ်တဲ့။

                   အဲဒီတော့ ပဉ္စဒွါရာဝဇ္ဇန်းစိတ်ကို ဦးဘလို့ ပြောလို့ရှိရင် စက္ခုဝိညာဏ်စိတ်က မောင်လှလို့ ပြောလို့ ရတယ်ပေါ့၊ သူတို့ ၂-ခုဟာ Online ပဲ၊ Line တစ်ခုတည်းမှာ ရှိနေကြတာ၊ Line တစ်ခုတည်းမှာ ရှိနေလို့ တူညီသော ခံစားမှုတွေ၊ တူညီသော အခြေအနေတွေ ရှိလာမှာပေါ့၊ သို့သော် တစ်ထပ်တည်း တစ်ဦးတည်းဆိုတာ ဒီလိုပြောလို့ မရဘူး၊ သဘာဝတရားက အဲဒီလို ကွဲပြားခြားနားမှု ရှိတယ်၊ ဒါကြောင့်မို့ နားလည်ဖို့ ခက်တယ်လို့ပြောတာ။

                   ဖြစ်ပျက်ဆိုတဲ့ သဘာဝရဲ့ဖြစ်စဉ်ကြီးကို မသိဘူးဆိုလို့ရှိရင် ခုနက Reincarnation ဆိုတာကို လွယ်လွယ်နဲ့ လက်ခံမိသွားမယ်၊ ဗုဒ္ဓဘာသာဝင် ဖြစ်ပေမယ့်လို့ သာတိရဟန်းတို့လို အလွဲလွဲ အမှားမှား အတွေးအခေါ်တွေ ဖြစ်သွားနိုင်တယ်၊ မြတ်စွာဘုရား ကတော့ Reincarnation မဟုတ်ဘူး၊ ပုနဗ္ဘဝ တစ်ဖန်ဘဝဆိုပြီး ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းအကျိုးတွေအနေနဲ့ ရှင်းပြတယ်။


***ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
***  ဆက်လက်ပူဇော်ပါမည်။
 

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ