ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကာလတုန်းက
“သာတိ” ဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်၊ သူက “ဘုရားဟောတဲ့တရား သူနားလည်တယ်တဲ့၊ သံသရာအကြောင်း နားလည်တယ်,
ကံအကြောင်း နားလည်တယ်၊ အဲဒီ နားလည်တဲ့အတိုင်း ပြောရမယ် ဆိုလို့ရှိရင် ဟောဒီလူတွေရဲ့
သန္တာန်မှာရှိတဲ့ spirit လို့ ခေါ်တဲ့ ဝိညာဉ်ကောင်လေးက စကားပြောတက်တယ်, ခံစားတက်တယ်” (ဟိန္ဒူဝါဒမှာ စကားပြောတာ ဘယ်သူက ပြောတာတုန်း အတ္တလေးက စကားပြောတာ၊
ဝိညာဉ်ကောင်လေးက စကားပြောတယ်၊ စိတ်ကို အသုံးချတယ်၊ စိတ်တို့ ရုပ်တို့ ဆိုတာ ဝိညာဉ်ကောင်လေးရဲ့
အသုံးချ ပစ္စည်းလေးတွေပဲ၊ အဲဒါကို ဝိညာဉ်ကောင်လေးရဲ့ အသုံးချ ပစ္စည်းလေးတွေပဲ၊ အဲဒါကို
“အတ္တနိယ” လို့ ခေါ်တာ၊ သူပိုင်ဆိုင်တဲ့ပစ္စည်း။
“တဒေဝ ဝိညာဏံ သံသရတိ” တဲ့ သူပြောတဲ့ စကားလုံးလေးက၊ ဟောဒီ ဝိညာဉ်ကောင်လေးသည်ပင်လျှင်
သံသရာလည်နေတာ၊ ဟောဒီ ဝိညာဉ်ကောင်လေးသည်ပင်လျှင် ခန္ဓာကိုယ် တစ်ခုကနေ ခန္ဓာကိုယ်တစ်ခု
ပြောင်းလဲပြီးတော့ သွားတာ၊ တစ်ဘဝကနေ တစ်ဘဝသွားပြီးတော့ ဘဝသစ်တွေ ဖြစ်နေတာလို့ သူက ဒီလိုပြောတယ်။
ဒီလိုပြောတဲ့အခါ ရဟန်းတော်တွေက
သူ့ကို အဲသလိုမပြောနဲ့၊ ဒါ ဗုဒ္ဓဘာသာအမြင် မဟုတ်ဘူးလို့ ဝိုင်းပြီးတော့ ရှင်းပြကြတယ်၊
သူ လက်မခံဘူး၊ လက်မခံတော့ ဘုရားဆီပို့တယ်၊ ဘုရားဆီပို့တဲ့အခါကျတော့ မြတ်စွာဘုရားက “ကဲ - မင်းက ‘ဝိညာဏ ဝိညာဏ’ ဝိညာဏ် ဝိညာဏ်နဲ့ပြောတယ်၊ ဘယ် ဝိညာဏ်ကို ပြောတာတုန်း” ဆိုတော့ “ဝဒေါ
ဝေဒေယျော” တဲ့၊ သူပြောပုံလေးက ‘ဝဒေါ’ စကားပြောတက်တယ်တဲ့၊ “ဝေဒေယျော”
ခံစားတက်တယ်တဲ့၊ ကောင်းတဲ့ကံ ဆိုးတဲ့ကံ တို့ရဲ့ အကျိုးကို ခံတက် စံတက်တဲ့ ဝိညာဏ်လေးကို
သူပြောတာပါလို့၊ Hinduism နဲ့ တစ်ထပ်တည်းပဲ သူပြောလိုက်တာ၊ ဒါပေမယ့် သူက ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးပဲ။
အဲသလိုပြောတော့ မြတ်စွာဘုရားက “ငါဟောတဲ့တရား မင်းဘယ်လိုလုပ်ပြီး နားလည်တာလဲ” တဲ့၊ ငါက “ဝိညာဏ်ဏံ
ပဋိစ္စသမုပ္ပန္နံ” ဝိညာဏ်ဆိုတာ အကြောင်းတရားကို စွဲပြီးတော့
ဖြစ်တာ၊ စိတ်ဆိုတဲ့ ဝိညာဏ်လေးဟာ၊ နာမ်ဆိုတဲ့ ဝိညာဏ်လေးဟာ အကြောင်းတရားကို စွဲပြီးတော့မှ ဖြစ်ရတယ်၊ ရှိနေတာ မဟုတ်ဘူး၊ မြဲနေတဲ့အရာ
မဟုတ်ဘူး၊ အကြောင်းတရားးကို စွဲဖြစ်တယ် ဆိုကတည်းက အကြောင်းမရှိရင် ဖြစ်ပါ့မလား၊ “မဖြစ်ပါ ဘုရား”၊ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပါယ်လာပြီ၊ “ပဋိစ္စသမုပ္ပန္န”၊ “ပဋိစ္စ” - အကြောင်းတရားကို အမှီပြုရမှာ “သမုပ္ပန္န” ဖြစ်လာတယ်၊ အကြောင်းတစ်ရားကိုမှီရမှ ဖြစ်လာတယ်လို့ဆိုရင်
မမှီရရင် မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။
အဲဒီတော့ သူ့ရဲ့ ရပ်တည်မှု၊ သူဖြစ်ပေါ်လာမှုဟာ
အကြောင်းတရားကို အမြဲတမ်း ငဲ့နေရတယ်၊ အကြောင်းတရားရဲ့ ညီညွတ်မှုကို အမြဲတမ်း မျှော်လင့်နေရတယ်၊
အကြောင်းတရားကို အမှီပြုလို့ မရဘူးဆိုရင် ဖြစ်နိုင်သွမ်း မရှိဘူး၊ အဲဒီကတည်းက ဝိညာဏ်ဟာ အကြောင်းကြောင့်ဖြစ်လာတဲ့ တရားတစ်ခုပဲလို့
ဆိုတာ ထင်ရှားတယ်ပေါ့။
ဒါကြောင့်မို့လို့ ထာဝရမြဲနေဖို့
ဟိုဘဝကနေ ဒီဘဝသွားဖို့ ဆိုတာ လုံးဝဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး။ စက္ခုဝိညာဏ်စိတ်လေး ဖြစ်ပုံကို
မြတ်စွာဘုရားက ရှင်းပြတယ်၊ မျက်စိရယ် ရူပါရုံရယ် ဒီ ၂-ခု ဆုံလိုက်တဲ့အခါ စက္ခုဝိညာဏ်စိတ်ဆိုတာ
ဖြစ်တာ၊ အဲဒါ ၂-ခု မဆုံလို့ရှိရင် စက္ခုဝိညာစ်စိတ်လေး ဖြစ်ပါ့မလား “မဖြစ်ပါဘုရား”၊
အေး အသံနဲ့ နားနဲ့ ဆုံလိုက်တဲ့အခါ သောတဝိညာဏ်စိတ်၊ ကြားသိစိတ်ကလေးဖြစ်တယ်၊ နှာခေါင်းနဲ့အနံ့ဆုံလိုက်တဲ့အခါမှာ
နံသိစိတ်ကလေးဖြစ်တယ်၊ လျှာနဲ့ အရသာ ဆုံလိုက်တဲ့အခါမှာ အရသာသိစိတ်ကလေးဖြစ်တယ်၊ခန္ဓာကိုယ်နဲ့
အထိအတွေ့အာရုံ ဆုံလိုက်တဲ့အခါမှာ ထိသိစိတ်ကလေးဖြစ်တယ်၊ ဒီစိတ်တွေဟာ “မန” နဲ့ ဓမ္မာအာရုံ ဆုံလိုက်တဲ့အခါမှာ မနောဝိညာဏ်စိတ်ဖြစ်တယ်၊
စိတ်မှန်သမျှဟာ အကြောင်းတွေကို မှီတည်ပြီး ဖြစ်တာချည်းပဲ။
အဲဒီထဲမှာ ထင်ထင်ရှားရှားကြည့်လိုက်လို့ရှိရင်
မှီတာတွေကို ကြည့်ပြီးတော့မှ ဖြစ်ရတာလို့ ဆိုတော့ သူ့ရဲ့ အကြောင်းတရားတွေကို ကြည့်လိုက်
- ရူပါရုံဆိုတာ မြဲသလားဆို မမြဲဘူးဆိုတာ ထင်ရှားတယ်၊ ပျက်သွားတယ်လေ၊ နောက်ပြီးတော့
မျက်စိဆိုတာ ရော မြဲသလားဆို မမြဲဘူး၊ မမြဲတာ ထင်ရှားတယ်၊ ရူပါရုံလည်း မြဲတာမဟုတ်ဘူး၊
စက္ခုပသာဒရုပ်ဆိုတဲ့ မျက်စိကလည်း မြဲတာ မဟုတ်ဘူး။
ထို့အတူပဲ အသံဆိုတာလည်း ဖြစ်ပြီး
ပျောက်သွားတာ ထင်ရှားတယ်လေ၊ အမြဲရှိတာ မဟုတ်၊ အသံကို ခံယူနိုင်တဲ့ သောတပသာဒရုပ်ဆိုတာလည်း
မြဲတာမဟုတ်ဘူး၊ မမြဲတာတွေကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ဒီ ဝိညာစ်စိတ်လေးဟာ
ဘယ်လိုလုပ်မြဲမှာတုန်း၊ “အနိစ္စ
သမ္ဘူတံ ကုတော နိစ္စံ ဘဝိဿတိ” လို့ မြတ်စွာဘုရားဟောတာ။ ဖြစ်ပြီး
ပျက်သွားတဲ့ အရာတစ်ခုဟာ ဘယ်လိုလုပ် ဘဝကူးလို့ရမှာတုန်း၊ ကူးလို့ကိုမရဘူး၊ မကူးခင်က
ပျက်သွားပြီ၊ ချက်ချင်းဖြစ် ချက်ချင်းပျက်သွားတဲ့ အရာတစ်ခုက ဘယ်လိုလုပ်ပြီး ဘဝကူးလို့ရမှာလဲ။
ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာက သာတိ
ရဟန်းကို ရှင်းပြတယ်၊ ရှင်းပြပေမယ့် သာတိ ရဟန်းရဲ့ အယူအစွဲဟာ ပျောက်မသွားဘူး၊ ဒါကြောင့်
အစွဲပျောက်ဖို့ အလွန်ခဲယဉ်းတယ်နော်၊ သစ္စာ ၄-ပါး အကြောင်း ရှင်းပြဖို့ ခဲယဉ်းသလို သတ္တဝါတွေအကြောင်း၊
သံသရာအကြောင်း၊ ပဋိစ္စသမုပ္ပါဒ် အကြောင်း၊ ပဋိသန္ဓေအကြောင်းတို့ ဆိုတာ ရှင်းပြဖို့ခက်တယ်၊
နားလည်နိုင်ခဲတယ်။
စကားအနေနဲ့ပြောတဲ့အရာဟာ အနှစ်သာရပိုင်းမဟုတ်ဘူး
၅၅၀-ဇာတ်တွေကို ဖတ်လိုက်တဲ့အခါမှာ
စာထဲမှာပါတယ် “ယထာကမ္မံ
ဂတော” ကံအားလျော်စွာ သွားတယ်ဆိုတာ ပုဂ္ဂိုလ်ထူးတစ်ယောက်ဟာ
ထွက်သွားသလိုလို အဓိပ္ပာယ်မျိုးတွေ ရေးထားတာ အများကြီးရှိတယ်၊ သို့သော် ဒါက ဝေါဟာရစကားအနေနဲ့
ပြောတာ၊ “စကားအနေနဲ့ ပြောတဲ့အရာဟာ အနှစ်သာရပိုင်းမဟုတ်ဘူး”။
ကဲ - လူတွေ ပြောနေတာကို ကြည့်မယ်
ဆိုပါစို့ - ဘာလုပ်နေတုန်း၊ ထမင်းစားနေတယ်၊ သူ ထမင်းတင်စားတာလား၊ ဟင်း မပါဘူးလားလို့တွေးရင်
ဘယ်ဟုတ်မတုန်း၊ တစ်ခုပဲ ပြောတာပဲ၊ သူပြောတဲ့စကားက အပြည့်အစုံ မဟုတ်ဘူးနော်၊ အဲဒီတော့
နားလည်ရမှာက တစ်မျိုး၊ ထမင်းစားတယ် ဆိုတကတည်းက ဟင်းတွေနဲ့ စားနေတယ်ဆိုတာ သဘောပေါက်ထားရတာမျိုး၊
အရေးကြီးတာက တစ်ခုတည်းတင် သူပြောလိုက်တာပေါ့။
အခုလည်း သံသရာမှာ ကံအားလျော်စွာ
ဖြစ်သွားတယ်၊ သို့မဟုတ် ဝင်စားတယ် လို့ပြောတာ ဘယ်သူက ဝင်စားတာတုန်း၊ ဘယ်သူမှ ဝင်စားစရာအကြောင်းမရှိဘူး။
အဲဒါကြောင့်မို့ Reincarnation
ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ အတ္တကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် ဆိုတာလေးဟာ သေတဲ့ခါကျတော့
ဒီရုပ်ခန္ဓာကြီး ပျက်စီးသွားလို့ ဒီခန္ဓာကိုယ်ကြီးကို စွန့်ခွာသွားပြီး နောက်ခန္ဓာအသစ်ထဲ
ဝင်တာတဲ့၊ ဒါ သူတို့ အယူအဆနော်။
အဲဒီမှာ Cambridge Dictionary က
ရောထည့်ပြီးတော့ ကြိတ်ထားတယ်၊ Hindu and Buddhist believe in Reincarnation၊ တကယ်တော့
ထေရဝါဒ ဗုဒ္ဓဘာသာမှာ Reincarnation မရှိဘူး၊Reincarnation ဆိုတာ ထာဝရမြဲနေတဲ့အရာက ဒီခန္ဓာတစ်ခုကနေ
ခန္ဓာတစ်ခု ပြောင်းပြီးတော့ သံသရာလည်းနေတာကို ပြေတာ။
ဗုဒ္ဓဘာသာမှာ ထာဝရမြဲနေတဲ့အရာဟာ
မရှိဘူး၊ ဘာတုန်းဆို အကြောင်းအကျိုး ဆက်သွယ်နေတာမျှသာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ မိလန္ဒပဥှာမှာ
“န
စ သော န စ အညော”၊ သူလည်းမဟုတ်၊ တခြားသူလည်းမဟုတ်လို့
ပြောတာနော်၊ “န
စ သော န စ အညော”။
ထေရဝါဒဗုဒ္ဓဘာသာမှာ “ပုနဗ္ဘဝ”
ကောင်းပြီ - Reincarnation ဆိုတဲ့ စကားလုံးက ထေရဝါဒ
ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူး၊ တခြား ဗုဒ္ဓဘာသာခွဲတွေ၊ ခုနက သာတိရဟန်းလို လက်ခံထားတဲ့ ပုဂ္ဂိုလ်မျိုးတွေနဲ့ပဲ
ဆိုင်တယ်၊ ထေရဝါဒ ဗုဒ္ဓဘသာမှာ “ပုနဗ္ဘဝ” တစ်ဖန်ဘဝ ဆိုတာပဲ
သုံးတယ်၊ ဘဝသစ်၌ ပြန်လည်မွေးဖွားခြင်းသာလျှင် ပြောတယ်၊ ပြန်တယ် မွေးဖွားတယ် ဆိုကတည်းက
သူက အသစ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရနေတယ်၊ သို့သော် ထိုအသစ်သည် အဟောင်းနဲ့ ဆက်စပ်မှုရှိတယ်၊
အသစ်ဟာ အသစ်ပဲ၊ အဟောင်းက အသစ်ဖြစ်တာမဟုတ်ဘူး၊ သူတို့ပြောတဲ့ Reincarnation ဆိုတာ ဝိညာဉ်ကောင်လေး
တစ်ကောင်းတည်းကနေ လှည့်ပတ်ပြီး သွားလာတာ၊ ခန္ဓာဟောင်းကို အသစ်ပြောင်းတာပဲရှိတယ်။
သူတို့က ဥပမာတွေနဲ့ ရေးထားတယ်၊
ငှက်ကလေးတစ်ကောင် ပြောင်းရွှေ့သွားတယ်ပေါ့၊ လူတစ်ယောက်ကလည်း အဝတ်တစ်ခု ဟောင်းသွားရင်
နောက်အဝတ်တစ်ခု ပြောင်းဝတ်တယ်၊ ဒီအိမ်ကနေ အခြားအိမ်တစ်ခုထဲ ဝင်သွားတယ်၊ ထို့အတူပဲ အတ္တလို့
ဆိုတဲ့ ဝိညာဉ်ကောင် လိပ်ပြာကောင်လေးဟာ လူ့ခန္ဓာကိုယ်ကြီးပျက်စီးသွားရင် ဒီခန္ဓာကိုယ်ကနေ
အခြား ခန္ဓာကိုကိုယ်ကို ပြောင်းပြီး ဝင်စားသွားတယ်လို့ ဒီလိုပြောကြတယ်၊ ဒါက
Hindusim မှာ ပြောတဲ့စကား။
ဟိန္ဒူအယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေက
မြတ်စွာဘုရားတော်မှ Vishinu ရဲ့ ‘နဝမ အဝတာရ’ ကိုးခုမြောက် ဝင်စားသူလို့ဆိုတယ်။ ဟိန္ဒူဘုရားကျောင်းထဲ
သွားကြည့်ရင် ဗုဒ္ဓရုပ်ပွား တွေ့ရလိမ့်မယ်၊ သွားပြီးတော့ ဗုဒ္ဓဘာသာတွေက မယောင်နဲ့ “တို့နဲ့အတူတူပဲ” လို့၊ အနှစ်သာရပိုင်းမှာ အလွန်ကွဲပြားခြားနားမှုရှိတယ်နာ်၊ ဘုရားကို သူက ဘယ်အဆင့်ထိ ပို့တုန်းဆို မြတ်စွာဘုရားကို
ဗိဿနိုး Vishinu ဝင်စားသူလို့ လုပ်လိုက်တယ်၊ ‘နဝမ
အဝတာရ’ လို့ ကိုးခုမြောက် အဝတာရ၊ အဲဒီတော့
ဟိုဝင်စား ဒီဝင်စားဆိုတဲ့ ဗိဿနိုးဟာ ထာဝရမြဲနေတဲ့ နိစ္စ ဖြစ်နေတယ်ပေါ့၊ ဟုတ်တယ်မို့လား။
သူကနေပြီးတော့ လူ့လောကကြီးမှာ တရားပြဖို့၊
မတရားမှုတွေ ထွန်းကားနေသည့်အတွက်ကြောင့် ဗိဿနိုးဆိုတဲ့ နတ်ကြီးက လူ့လာက လူတွေကို ကယ်တင်ဖို့ဆိုပြီးတော့
ဝင်စားလာတာတဲ့၊ အဲဒါကြောင့်မို့ ဟိန္ဒူဘုရားကျောင်းထဲမှာ အဝတာရ တွေရှိတယ်၊ ပထမ အဝတာရ၊
ဒုတိယ အဝတာရ၊ အဲဒီမှာ နဝမအဝတာရ ကို ဗုဒ္ဓရဲ့ ရုပ်ပွားတော်ကို ထားတယ်။ ဒါ ဟိန္ဒူတွေကလည်း
ဘုရားကိုးကွယ်တယ်ဆိုတာ သူတို့ ဘုရားကိုးကွယ်တယ်ဆိုတာ ဗုဒ္ဓစစ်စစ်လို့ ယုံကြည်ပြီး ကိုးကွယ်မှုမျိုးမဟုတ်ဘူး၊
ဘုရား ကိုးကွယ်တာ မ ဟုတ်ဘူး၊ တကယ်ကတော့ ဗိဿနိုးကို
ကိုးကွယ်တာပဲ၊ ဟုတ်ရဲ့လား၊ ဗိဿနိုးဝင်စားလို့ဆိုပြီး ကိုးကွယ်တာလေ၊ အဲဒီလို အယူအဆ မတူညီမှုတွေရှိတယ်၊
အဲဒီ မတူညီမှုတွေကို မသိလို့ ရှိရင် အတူတူပါပဲဆိုတာနဲ့ ရောကြိတ်တက်တယ်၊ အနှစ်သာရပိုင်း
မသိရင်တော့ တူသယောင်ဖြစ်နေတယ်ပေါ့၊ အမှန်ကတော့ လုံးဝကွဲပြားခြားနားမှု ရှိတယ်။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** ဆက်လက်ပူဇော်ပါမည်။