Thursday, February 21, 2013

ဓမ္မနဲ့ အဓမ္မ


အဓမ္မ၀တ္ထု(၁၈)ပါး
(၁) တရားမဟုတ်သည်ကို တရားဟုပြ၏။
(၂) တရားကို တရားမဟုတ်ဟုပြ၏။
(၃) ၀ိနည်းမဟုတ်သည်ကို ၀ိနည်းဟုပြ၏။
(၄)၀ိနည်းကို ၀ိနည်းမဟုတ်ဟုပြ၏။
(၅) မြတ်စွာဘုရားမဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်ပြောအပ်၏ဟုပြ၏။
(၆)မြတ်စွာဘုရား ဟောအပ်ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်မပြောအပ်ဟုပြ၏။
(၇) မြတ်စွာဘုရားမလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားလေ့ကျက်အပ်၏ဟုပြ၏။
(၈) မြတ်စွာဘုရားလေ့ကျက်အပ်သည်ကို မြတ်စွာဘုရားမလေ့ကျက်အပ်၏ဟုပြ၏။
(၉) မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရားပညတ်အပ်၏ဟုပြ၏။
(၁၀) မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်၏ဟုပြ၏။
(၁၁) အာပတ်မသင့်သည်ကို အာပတ်သင့်၏ဟု ပြ၏။

(၁၂) အာပတ်သင့်သည်ကို အာပတ်မသင့်၏ဟု ပြ၏။
(၁၃) ပေါ့သောအာပတ်ကို လေးသောအာပတ်ဟုပြ၏။
(၁၄) လေးသောအာပတ်ကို ပေါ့သောအာပတ်ဟုပြ၏။
(၁၅)အကြွင်းရှိသောအာပတ်ကို အကြွင်းမရှိသောအာပတ်ဟုပြ၏။
(၁၆)အကြွင်းမရှိသောအာပတ်ကို အကြွင်းရှိသောအာပတ်ဟုပြ၏။
(၁၇) ရုန့်ရင်းကြမ်းတမ်းသောအာပတ်ကို မရုန့်ရင်းမကြမ်းတမ်သော အာပတ်ဟုပြ၏။
(၁၈) မရုန့်ရင်းမကြမ်းတမ်းသောအာပတ်ကို ရုန့်ရင်းကြမ်းတမ်သော အာပတ်ဟုပြ၏။
ဤ(၁၈)ပါးသောအကြောင်း(၀တ္ထု)တို့ဖြင့် အဓမ္မ၀ါဒီပုဂ္ဂိုလ်ကိုသိရမည်။

ထို့အတူ ဓမ္မ၀တ္ထု(၁၈)ပါး၌လည်း
(၁) တရားမဟုတ်သည်ကို တရားမဟုတ်ဟုပြ၏။
(၂)တရားဟုတ်သည်ကို တရားဟုတ်သည်ဟုပြ၏။ စသည်ဖြင့် (၁၈)ပါးပြည့်အောင် ရေတွက်ပါတော့။

ဤအကြောင်းဝတ္ထု (၁၈)ပါးတို့တွင် သုတ္တန်နည်းအားဖြင့်
ကုသလကမ္မပထတရား(၁၀)ပါးသည် ဓမ္မမည်၏။
အကုသလကမ္မပထတရား(၁၀)ပါးသည် အဓမ္မမည်၏။
ထိုအတူပင် သတိပဋ္ဌာန်လေးပါး၊ သမ္မပ္ပဓာန်လေးပါးစသော ဗောဓိပက္ခိယတရား (၃၇)ပါးတို့သည် ဓမ္မမည်၏။

သတိပဋ္ဌာန်(၃)ပါး၊ သမ္မပ္ပဓာန်(၃)ပါး၊ ဣဒ္ဓိပါဒ်(၃)ပါး၊ ဣနြေ္ဒ (၆)ပါး၊ ဗိုလ် (၆)ပါး၊ ဗောဇ္ဈင်(၈)ပါး၊ မဂ္ဂင်(၉)ပါး ဤမဟုတ်မမှန်သော တရားအစုသည်လည်းကောင်း၊ ဥပါဒါန်(၄)ပါး၊ နီဝရဏ(၅)ပါး၊ အနုသယ(၇)ပါး၊ မိစ္ဆာဒိဋ္ဌိတရား(၈)ပါး ဤသို့မကောင်းသောတရားအစုသည်လည်းကောင်း အဓမ္မမည်၏။

ဣတော ပရေသု အဓမ္မံ ဓမ္မောတိ ဒီပေန္တီတိအာဒီသု သုတ္တန္တပရိယာယေန တာဝ ဒသ ကုသလကမ္မပထာ ဓမ္မော, ဒသ အကုသလကမ္မပထာ အဓမ္မော။ တထာ စတ္တာရော သတိပဋ္ဌာနာ စတ္တာရော သမ္မပ္ပဓာနာ စတ္တာရော ဣဒ္ဓိပါဒါ ပဉ္စိန္ဒြိယာနိ ပဉ္စ ဗလာနိ သတ္တ ဗောဇ္ဈင်္ဂါ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါတိ သတ္တတိံသ ဗောဓိပက္ခိယဓမ္မာ ဓမ္မော နာမ။ တယော သတိပဋ္ဌာနာ။ တယော သမ္မပ္ပဓာနာ တယော ဣဒ္ဓိပါဒါ ဆ ဣန္ဒြိယာနိ ဆ ဗလာနိ အဋ္ဌ ဗောဇ္ဈင်္ဂါ နဝင်္ဂိကော မဂ္ဂေါတိ စ စတ္တာရော ဥပါဒါနာ ပဉ္စ နီဝရဏာနိ သတ္တ အနုသယာ အဋ္ဌ မိစ္ဆတ္တာနိ စ အယံ အဓမ္မော။(အံ၊ဋ္ဌ၊၁၊၆၅-၆။)

ဒီနေရာမှာ သတိပဋ္ဌာ(၃)ပါး စသည်ကို စာရှုသူသည် ဘယ်လိုကြီးပါလိမ့်ဟု ယုံမှားစရာတွေးတောစရာရှိလာပြန်၍ အောက်ပါ အဖွင့်ကိုကြည့်ရှုမှ အမြင်ရှင်းမည်ထင်၍ တင်ပြပါဦးမည်။
သတိပဋ္ဌာန်(၃)ပါးစသည်၌ သတိပဋ္ဌာဟူသည် (၃)ပါးသာရှိသည်၊(၄-ပါးမရှိ)ဟု တစ်ပါးကိုနုတ်ပယ်ထားခြင်းသည် အဓမ္မဖြစ်သည်။(အမှန်မှာ ၄-ပါးရှိသည်။) သို့သော် သတိပဋ္ဌာန်(၄)ပါးကို စီစဉ်ပြခြင်းမျိုးကတော့ အဓမ္မမဟုတ်၊ ဓမ္မသာဖြစ်သည်။ ကြွင်းသော (အင်္ဂါ)ယုတ်လျော့မှု၌လည်း နည်းတူသိပါ။ တိုးပွားခြင်းတို့၌ ဣနြေ္ဒ(၆)ပါးဟု ဣနြေ္ဒမဟုတ်သော တရားတစ်ပါးကို ဣနြေ္ဒအဖြစ်ဖြင့် ထည့်သွင်းစီရင်ခြင်းသည်ပင် အဓမ္မဖြစ်သည်။ ဗောဇ္ဈင်(၇)ပါးကို (၈)ပါးဖြစ်အောင်ပြောခြင်း၊ ခန္ဓာ(၅)ပါးကို ခန္ဓာ(၄)ပါးပြောခြင်း၊(အရူပဘုံကို ရည်ရွယ်၍ ၄-ပါးပြောခြင်းမှာ အဓမ္မမဟုတ်ပါ။) သမ္မပဓာန်(၄)ပါးကို (၃)ပါးဟုပြောခြင်း၊ ဣဒ္ဒိပါဒ်(၄)ပါးကို (၃)ပါးဟုလျော့ပြောခြင်း။ အာယတန(၁၂)ပါးကို အာယတန(၁၃)ပါးဟု ပိုပြောခြင်းတို့သည် အဓမ္မဖြစ်သည်။
မဟုတ်မမှန်ဖောက်ပြန်စွာ ပြောပြခြင်းသည် အဓမ္မ။ ဟုတ်သည့်အတိုင်းပြောခြင် ပြသခြင်းအားလုံးသည် ဓမ္မဟု မှတ်ထိုက်သည်။

အထက်ပါစကားများကို အကျဉ်းချုံးလျှင် သတိပဋ္ဌာန်(၄)ပါးဟု ဘုရားဟော၏။ (၃)ပါးဟု မဟောချေ၊ ဤသို့စသည်ဖြင့် မဟောကို အဟောလုပ်ခြင်းမျိုးကို အဓမ္မဟုဆိုလိုသည်။
တယော သတိပဋ္ဌာနာတိအာဒီသု တယော ဧဝ သတိပဋ္ဌာနာ, န တတော ပရန္တိ ဧကဿ သတိပဋ္ဌာနဿ ပဋိက္ခေပေါဝ ဣဓ အဓမ္မော, န ပန တိဏ္ဏံ။ သတိပဋ္ဌာနတ္တဝိဓာနံ တဿ ဓမ္မတ္တာ။ ဧဝံ သေသေသုပိ ဟာပနကောဋ္ဌာသေသု။ ဝဍ္ဎနေသု ပန ဆ ဣန္ဒြိယာနီတိ အနိန္ဒြိယဿပိ ဧကဿ ဣန္ဒြိယတ္တဝိဓာနမေဝ အဓမ္မော။ ဧဝံ သေသေသုပိ။ န ကေဝလဉ္စ ဧတေဝ, ‘‘စတ္တာရော ခန္ဓာ, တေရသာယတနာနီ’’တိအာဒိနာ ယတ္ထ ကတ္ထစိ ဝိပရီတတော ပကာသနံ သဗ္ဗံ အဓမ္မော။ ယာထာဝတော ပကာသနဉ္စ သဗ္ဗံ ဓမ္မောတိ ဒဋ္ဌဗ္ဗံ။ (၀ိမတိ၊ ၂၊ ၂၅၅-၆)

ဤမျှလောက်ဆိုလျှင် ဓမ္မ၊ အဓမ္မ ကွဲပြားခြားနားစွာ နာလည်သဘောပေါက်နိုင်လောက်ပြီဟု ယူဆပါသည်။ အမှားအယွင်းနှင့် လိုအပ်ချက်များပါရှိပါက ပြင်ဆင်ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။
အာလုံးရွှင်လန်းချမ်းမြေ့ကြပါစေ…။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ