Sunday, December 23, 2012

အလှူပေးတယ်ဆိုတာ


 
ဒကာ ဒကာမတို့ …အလှုပေးတယ်ဆိုတာ အလှုခံပုဂ္ဂိုလ်လက်တွင်းသို့ ပစ္စည်းတွေရောက်အောင် ပို့ တာ ၊ ဒီလိုပြောလို့ ရှိရင် လွဲတယ်။ ဟာ……..အရှင်ဘုရား ၊ အလှုပေးတာပဲ။ လှုဖွယ်ပစ္စည်းတွေကတော့ အလှုခံပုဂ္ဂိုလ်များလက်ထဲရောက်သွားရမှာပဲ။ ဒါတစ်သက်လုံးက တပည့်တော်တို့ ဒီလိုနားလည်လာခဲ့တာပဲ ဆိုပြီး မင်းတို့ က စောဒက တက်ချင်တက်ကြမယ်။ တက်ပါ။ ဘုန်းကြီးက သာဓကနဲ့ ပြောပါမယ်။

ဘုရားသခင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည် ၊ ဇေတ၀န်ကျောင်းမှာ သီတင်းသုံးတော်မူတဲ့အခိုက်ဖြစ်ပါတယ်။ တစ်နေ့ တော့ ညဥ့်နက်သန်းခေါင်မှာ နတ်တွေစုရုံးရောက်လာကြပြီး လျှောက်ကြတယ်။

“ အရှင်ဘုရား……..အလှုပေးတယ်ဆိုတာ သူများကို ပေးလိုက်ရတာလား အောက်မေ့တယ်။ တစ်ကယ်တော့ တပည့်တော်တို့ ရလိုက်တာပါလား ဘုရားတဲ့။”

ဟော……….သူတို့ ရဲ့ ကိုယ်တွေ့ တွေကို လာလျှောက်နေကြတာ။ ဒီတော့ အလှုပေးတယ်ဆိုတာ သူများရသွားတယ်လို့ ပြောရင် မှားတယ်။ လွဲတယ်။ ကိုယ်ရလိုက်တာလို့ ဦးသန်းမောင်တို့ ဦးတင်တို့ ကမှတ်ရမယ်။ မောင်ချစ်လှ မသောင်းတို့ ဒကာမကြီးတို့ က သေသေချာချာမှတ်ကြရမယ်။ ( မှန်လှပါဘုရား)။

ပြီးတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တစ်ခြားဥပမာတစ်မျိုးနဲ့ ဟောထားတာလည်းရှိသေးတယ်။ အိမ်တစ်အိမ်မီးလောင်တာကို ရပ်ကြည့်နေရင် ကုန်ရုံပဲပေါ့။ အိုးတိုခွက်စ ၊ ဇွန်းကလေးကအစ ရသမျှဆွဲထုတ်ရင်တော့ ဆွဲမိသမျှ သုံးဖို့ စွဲဖို့ ရတယ်တဲ့။ သယ်ယူနိုင်သလောက် သယ်ထုတ်ရင် ကိုယ့်ဖို့ ဖြစ်တယ်တဲ့ ( မှန်ပါ့ဘုရား )
ဒီမှာလဲ ထို့ အတူပဲ။ မောင်ချစ်လှတို့ မသောင်းတို့ ဒကာမကြီးတို့ မှတ်ကြရမယ်။ ခန္ဓာကိုယ်ကြီးဟာ အိမ်ကြီးနဲ့ တူတယ်။ ဇာတိမီး ၊ ဇရာမီး ၊ ဗျာဓိမီး မရဏမီးတွေက တရှိန်ရှိန် တသုတ်သုတ်နဲ့ လောင်မြိုက်နေတယ်။ ဒါပေမယ့် လောင်မြိုက်နေမှန်းမသိကြဘူးနော်။ ( မှန်လှပါဘုရား )

ဇရာမီးက အချိန်တိုင်း လောင်မြိုက်နေတယ်။ ဗျာဓိမီးကလည်း လူကြီးတွေ ပိုပြီးသိတာပေါ့။ လောင်မြိုက်နေတာ ( မှန်ပါ့ဘုရား )။ 
မရဏမီးကလည်း စက္ကန့် တိုင်း အချိန်မလပ်သေအောင် သတ်နေတာပဲ ( မှန်ပါ့ဘုရား )။ 
ဒါတွင်မက ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သောသူတွေ ၊ ဒါတွေက နှိပ်စက်နေကြတာပဲ။ ရာဇတောဝါ စောရတောဝါ ၊ အဂ္ဂိတောဝါ ဥဒကတောဝါ ဆိုတဲ့ဘေးတွေပေါ့။ သူတို့ တွေကလဲ နှိပ်စက်ကြတာပဲ။ ( မှန်လှပါဘုရား)

ဒီအထဲကနေပြီး ဒီကနေ့ တို့ သားလေးတွေ ရှင်ပြုမယ် ၊ သံဃာတော် ၂၀၀ ကျော်ကိုလဲ သင်္ကန်း ထီး ဖိနစ် စတဲ့ ပစ္စည်းတွေနဲ့ ပူဇော်မယ် ဆိုပြီး လုပ်တဲ့ကိစ္စဟာ မီးထဲက ဆွဲထုတ်တာပဲ ( မှန်ပါ့)။ 
ကိုယ့်အတွက် ရလိုက်အောင် ဆွဲထုတ်တာပဲ။ ( မှန်လှပါဘုရား )။ ဦးအောင်ဇံဝေတို့ ၊ ဦးတင်တို့ ၊ ဦးသန်းမောင်ကြီးတို့ စဉ်းစားကြည့်ကြစမ်း ( မှန်ပါ့ဘုရား )။

ဒါကြောင့် မောင်လှချစ်တို့ မသောင်းတို့ ဒကာမကြီးတို့ ”ဒီနေ့ ဘာလုပ်ကြတာလဲ” လို့ များ မေးကြရင် “မီးထဲက ဆွဲထုတ်နေတာ။” ဒီလိုပဲဖြေရမှာ ( မှန်ပါဘုရား )။
မီးလောင်နေတဲ့ ခန္ဓာအိမ်ကြီးထဲက ကိုယ့်အတွက် ရလိုက်အောင်လို့ ဆွဲထုတ်နေတာ ( မှန်ပါဘုရား )။ ဒါ့ကြောင့် “လှုတယ်ဆိုတာရလိုက်တာ” ( မှန်လှပါဘုရား )။

တစ်ချို့ က မေးတတ်ကြတယ်။ “မင်းအလှု လှုတာ ဘယ်လောက်ကုန်သွားသလဲ” တဲ့။ မေးတတ်ကြတယ်။ ဒါကလောကီအနေနဲ့ မျက်မြင်အရ မေးနေကြတာကိုး ( မှန်ပါ့ )။ 
အဲသည်လို မမေးပါနဲ့ တဲ့။ ဥာဏ်မျက်လုံးတပ်ပြီး မေးကြစမ်းပါ။ မင်းအလှု လှုတာ ဘယ်လောက်ရလိုက်သလဲ လို့ ( မှန်ပါဘုရား ) ။

မှတ်ချက်။ ။ ဆရာတော်ဘုရားကြီးက အလှုခံပုဂ္ဂိုလ်များလက်မှာ လှုဒါန်းလိုက်တဲ့အတွက် လှုဖွက်ပစ္စည်းတွေ ရသွားသည်ကို မဆိုလိုပါ။ အလှုပေး ပုဂ္ဂိုလ်သန္တာန်မှာ ကောင်းတဲ့ စေတနာတွေ ဖြစ်ပေါ်ရရှိလိုက်တာ ၊ နတ်ရွာသုဂတိစည်းစိမ်ဥစ္စာတွေ အကျိုးပေးမည့် စေတနာကောင်းတွေဖြစ်ပေါ်ရရှိလိုက်တာကို ဆိုလိုတော်မူသည်။ တစ်နည်းအားဖြင့် အလှုပေး ပုဂ္ဂိုလ်သန္တာန်မှာ သဒ္ဓါ သီလ သုတ စာဂ ပညာ ဆိုတဲ့ နိဗ္ဗာန်သွားခရီးစရိတ် ရတနာတွေ ရလိုက်တာကို ဆိုလိုတော်မူပါသည်။

အရှင်ဃောသိတ

မှတ်ချက်။ ။ အရှင်ဃောသိတ ကျမ်းပြုရေးသားပူဇော်ထုတ်ဝေသော မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ စာအုပ် ၊ သတ္တမဆယ်စုနှစ်အခန်း မှ ကောက်နုတ်ဖော်ပြပါသည်ခင်ဗျာ

ထူးတင့်နိုင်
21-9-2012
 
Htoo Tint Naing ၏ facebook မှ ကူးယူဝေငှပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ