Saturday, December 22, 2012

လယ်တီဆရာတော်သီတင်းသုံးခဲ့ရာ ရွှေတောင်ဦးတောင်သို့ တစ်ခေါက်


♣ ခရီးစဉ်အစ နှင်းမှုန်ပြပြ

“ ရှစ်ခွင်မှာ မြူတွေဆင်းလို့၊ ငွေနှင်းတဲ့ နုစို” ဆိုတဲ့ နတ်တော်လဖွဲ့အတိုင်းပေါ့၊
မန္တလေးကနေ မုံရွာအသွား နံနက်ခင်းမှာ..ခရီးလမ်းတလျှောက်
ပတ်ဝန်းကျင်တစ်ခုလုံး မြူတွေနဲ့ အုံ့ဆိုင်းနေတယ်၊ လမ်းဘေးဝဲယာက ယာခင်းလေးတွေအပေါ် ခိုဝဲနေတဲ့ အဖြူရောင် ကမ္ဗလာလေးတွေပမာ အထပ်ထပ်နှင့် နှင်းထုကလေးတွေက ကြည်နူးစရာ၊ မြရည်လူးထားတဲ့ ယာခင်းတွေကို ကြည့်ရမြင်ရတာကလဲ ရင်ထဲ ချမ်းမြေ့စရာ၊ စိတ်ထဲ အေးမြစရာ။

ယာခင်းတွေထဲ ညီညီညာညာညာ မှုန်ပြပြနှင်းထုထဲက ထန်းပင် ထန်းတောကလဲ တကယ့် လွမ်းမောစရာပါပဲ။

လမ်းတစ်လျှောက်ဝဲယာ ယာခင်းတွေမှာ ပုလဲဝတ်ရုံလေးတွေနဲ့ နေကြာပန်းခင်းတွေက ချစ်စရာ တစ်မျိုးလှနေပြန်ပါတယ်။ “ယိမ်းနွဲ့ညာတံ၊ ဇင်မင်းရွှေရည်ကျံလို့၊ ခါတော်မှန်၊ ရာသီလိုက်တယ်၊ သိန်းထိုက်တဲ့ ပန်း” လို့ တင်စားရမလိုပင်။

အခုလို နှစ်ဥလေးတွေရဲ့ကြား အေးသည်ကိုလဲ မမှု၊ ချမ်းသည်ကိုလဲ ဂရုမစိုက်နိုင်ရှာပဲ ရွာထဲက အသုတ်အသုတ်နဲ့ ထွက်လာကြတဲ့ တောင်သူတွေရဲ့ မြင်ကွင်းကလဲ ရင်တွင်းမှာ တစ်မျိုးခံစားစေပြန်တယ်၊

တစ်ခါတစ်ခါ သေးငယ်တဲ့ နှင်းမှုန်လေးတွေရဲ့ ညီညွတ်မှုကြောင့် ကြီးမားတဲ့ထုထည်ကြီးဖြစ်သွားတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်သွားအောင် စွမ်းဆောင်လိုက်ကြပြန်တယ်၊ “အားအင်သေးနွဲ့ပေမယ့် ထုထည်ကြီးမားလာရင် ကြီးမားတဲ့ တောင်ကြီးတွေကိုပါ မင်းတို့ မမြင်အောင် လွှမ်းမိုးပစ်လို့ရတယ်” လို့များ ပြောနေသယောင်ယောင်..။

နှင်းဥလေးတွေ နှင်းမှုန်လေးတွေက နေရောင်ခြည်လာလိုက်တာနဲ့ ပျောက်ပျောက်သွားကုန်ကြပါပြီ၊ သူတို့လေးတွေက နွေးထွေမှုဒဏ်ကို မခံနိုင်ရှာရော့ထင့်။


နှင်းဥတဲ့ ဆောင်းလရာသီမို့ အရှေ့ဘက်တောင်တန်းကြီးဆီမှာ နေဝန်းကြီးက မေးတင်နေတဲ့
နီနီတွေးတွေး မြင်ကွင်းအလှလေးကိုတော့ မတွေ့နိုင်ပါဘူး၊ နေခြည်အားကောင်းမှ နှင်းဥရဲ့ ထုထည်ကို ထိုးဖောက်နိုင်တာမို့လားလေ..။ ထိုးဖောက်ချင်ရင် အားကောင်းဖို့ လိုတယ်ပေါ့။

♣♣ အနောက်မြောက်တိုင်းမြို့တော

နေရောင်ခြည်ရဲ့နွေးထွေမှုနဲ့တူ နွေးထွေစွာကြိုလင့်နေတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုက ခန့်ညားထည်ဝါစွာ မိမိတို့ကို ကြိုဆိုနေပါတယ်၊ အပေါ်မှာ မြန်မာ့ရိုးရာ ပန်းကနုတ်တွေနဲ့ ခြင်္သေ့သုံးကောင်ရဲ့အာက် "အနောက်မြောက်တိုင်းမြို့တော် မုံရွာမြို့" တဲ့။

ရောက်ချင်တဲ့ “မုံရွာမြို့” ကို ရောက်ပါပြီ၊ ဥပုသ်နေ့မို့လား၊ စောသေးလို့လား မပြောတတ်၊ မြို့ထဲမှာတော့ လူသွားလူလာရှင်းနေတယ်၊

ခရီးက မဆုံးသေးသမို့ ကားကလေးက သူ့တာဝန်သူသိ သူ့အလုပ်ကို သူလုပ်နေပါတယ်၊ မုံရွာမြို့ထွက်ပြီး မကြာမီပဲ ဧရာဝတီရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်တဲ့ ချင်းတွင်းမြစ်ကို ဖြတ်ပြီးတည်ဆောက်ထားတဲ့ ချင်းတွင်းရတနာ တံတားကြီးကို ရောက်ပါတော့တယ်။

တံတားကနေ မြစ်ထဲကြည့်မိတော့ နွေရာသီမို့ထင်ပါတယ်၊ ရေတွေ အလွန်နဲ့နေတယ်၊ ချင်းတွင်းမြစ်ရေကို မြင်ရပြန်တော့ မဆီမဆိုင် ငယ်ငယ်က ရခဲ့ဖူးတဲ့ မြစ်ဧရာ ကဗျာလေးကို သတိရမိပြန်ပေါ့၊ မဆီမဆိုင်ဆိုပေမယ့် ဧရာဝတီရှင်သန်ဖို့ ချင်းတွင်းက အကြီးမားဆုံးလက်တက်အဖြစ် ထောက်ပံ့ပေးနေတာမို့ ဆိုင်တယ်ဆိုလဲ မမှားဘူးပေါ့။

မြသားငယ်တည့် ရေယမုန်၊
ငွေလှိုင်းတွေဖြူစွာနှင့်၊ မြစ်ဧရာနဒီကြောမှ၊
မျောကြဒိုက်ပုံ။
ကျူဝါးရုံ တူစုံကွဲဖော်နှော၊
ဘုံမတီးငယ်နှင့်၊ ငှက်ကြီးရွှေဝန်ပိုတို့ ဝဲခိုလို့မျော။….တဲ့။

အခုတော့ ဒိုက်လဲမျောဖို့ ဘုံးမတီး ငှက်ကြီးရွှေဝန်ပိုတို့ ဝဲခိုဖို့ နေနေသာသာ ချင်းတွင်းရေ ခန်းခြောက်သွားမှာတောင် စိုးရိမ်နေကြပြီပေါ့။


♣ စေတီထွတ်ဖူး ရွှေတောင်ဦး

ချင်းတွင်းမြစ်အနောက်ဘက် အလုံမြို့ရက် တဖက်ကမ်းကို ရောက်တယ်ဆိုရင်ပဲ နေရောင်လင်းလင်းအောက်မှာ ရွှေရောင်ဝင်းဝင်းနဲ့ ရွှေတောင်ဦးတော်တော်ထွတ်ဆီက ရွှေတောင်ဦးစေတီတော်ကြီးက သပ္ပာယ်စွာ အကြည်ညိုခံတော်မူနေပါတော့တယ်။

ဒီစေတီတော်ကို ရှေးအခါတုန်းက “ ရှေ့တာဦးစေတီ” လို့ ခေါ်ကြပါသတဲ့၊ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့ပြီး ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် (အေဒီ ၁၁၇၄-၁၂၁၁)မှာ တဖန်ပြုပြင်ခဲ့ပြီး ရှေ့တာဦးစေတီမှ ရွှေတောင်ဦးစေတီလိုခေါ်တင်ခဲ့ကြကြောင်း မှတ်သားဖတ်ရှုရပါတယ်။


ရွှေတောင်ဦးစေတီကို ဦးခိုက်ကြည်ညိုရသည့် ဗုဒ္ဓါနုဿတိကုသိုလ်ထူးနှင့်အတူ ပတ်ဝန်းကျင် ရှုခင်းအလှကို ခံစားရသည်မှာလည်း ကြည်နူးစရာကောင်းလှပါတယ်။

ဒီတောင်ကြီးကို ခွေဝိုင်းပြီး တသွင်သွင်စီးဆင်းနေတဲ့ ချင်းတွင်းမြစ်ကြီးရယ်၊ ချစ်တွင်းတံတားကြီးရယ်၊ အနောက်ဘက်နဲ့ တောင်, မြောက်ဘက် ကိုလှမ်းကြည့်လိုက်ပြန်တော့ တောင်ထွတ်တောင်တန်း တောင်စွယ်တောင်လက်မောင်း အမျိုးမျိုးတို့က မြူခိုးတွေကြားတည်ရှိနေကြပုံက လွမ်းမောစရာ၊ မရောက်လိုက်တဲ့ ဖိုလ်ဝင်းတောင်ကို အဝေးကနေလှမ်းမျှော်ကြည့်လိုက်ရလို့ တမျိုးအရသာထူးရပြန်တာပေါ့။

ရွှေတောင်ဦးတောင်တော်ရဲ့ မြောက်ဘက်က လှေခါးလေးကနေ ဆင်းသွားရင် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူတဲ့ ဂူတစ်ဂူတွေ့ရပါတယ်၊ အဲဒီဂူမှာ ဗုဒ္ဓဆင်းတုတော်တစ်ဆူနဲ့ လယ်တီဆရာတော်ကြီးရုပ်တုတော်ကို ဖူးတွေ့ကြည်ညိုခဲ့ပါတယ်။ ရုပ်ပွားတော်ရဲ့နောက်ကျောတော်မှာ တောင်ဘက်ကို ပေ (၁၀၀)လောက်အထိ သွားနိုင်တယ်လို့ မှတ်သားဖူးပါတယ်၊

အခုလက်ရှိ အဲဒီမှာ ရှိနေတဲ့ ဒကာတစ်ဦးပြောတာကတော့ ဘယ်အထိ နက်တယ်ဆိုတာ မသိနိုင်ပါဘူးတဲ့ သူတို့တတွေ လင်းနို့ချေးတွေ ဝင်ကျုံးဘူးတယ်၊ ဆက်မဝင်ရဲလို့ မဝင်ကြတဲ့ အကြောင်းပြောပြပါတယ်။

ဒီဂူမှာ လယ်တီဆရာတော်ကြီး အာဟာရဒီပနီနှင့် အနတ္တဒီပနီ(၂)ကျမ်းပြုစုတော်မူတယ်လို့ လိုဏ်ဂူဝ ညာဘက်မှာ ရေးမှတ်ထားတဲ့ စာအရသိရပါတယ်။ သို့သော်လည်း ဓမ္မဒီပနီကိုပါ ဒီရွှေတောင်ဦးမှာပဲ ပြုစုတဲ့အကြောင်း မှတ်သားရဖူးပါတယ်။

ဒီတောင်ပတ်ဝန်းကျင်မှာ ဥတုသုံးပါးအလိုက် သီးပွင်းကြတဲ့ သစ်ပင်ချုံနွယ်တွေ လျှိုရိုး ချပ်မြောင် တောင်ချောက် တောင်ကြားတွေ သွယ်တန်းနေတဲ့ဘုရားစောင်းတန်းတွေရယ် ကျေးငှက် တိရိစ္ဆာန်တို့ မွေ့ပျော်ရာ ငြိမ်သက်တိတ်ဆိတ်ပြီး သူတော်စင်တို့ရဲ့ ပျော်မွေ့ရာဌာနမို့ ငြိမ်းချမ်းခြင်းဓာတ်တွေ လန်းဆန်းခြင်း ကြည်နူးခြင်းဓာတ်တွေ ကူးစက်လာသလို ခံစားမိပါတယ်။

♣ ပြောဖြစ်ခဲ့တဲ့ သမိုင်းကြောင်းလေးတစ်ခု

တောင်ပေါ်ကနေ တန်ဆောင်းအတိုင်းဆင်းလာခဲ့ကြပါတယ်၊ တန်ဆောင်းဘေးဝဲယာမှာ ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစာတွေကို ဖူးတွေ့ရပြန်တော့ မေ့နေတာလေးတွေ အသိပေးနေသလို။

မိမိကို လိုက်ပို့တဲ့ မိမိရဲ့ဒကာမကြီးကို
“ဒကာမကြီး ဒီတောင်မှာ ဆရာတော်ကြီးဝါဆိုတော့ လယ်တီအရှင်ပဏ္ဍိတကို ရေဒဏ်ပေးဖူးသတဲ့”
“ဟုတ်လား သူဦးဇင်းဘဝတုန်းကပေါ့”
“ ဟုတ်တယ်”
“ဘာလို့လဲ ဘုရား”
“ ဆွမ်းနဲ့ ဆွမ်းဟင်းမကောင်းလို့ ဆရာတော်ကြီးမသိအောင် ဆန်တွေ စားစရာတွေ တိတ်တိတ်ကလေးဖွက်ထားပြီး ချက်စားတာ ဆရာတော်သိသွားလို့တဲ့”
“သြော်..”

ဒီသမိုင်းလေးကဒီတောင်မှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကလေးပါ၊
ဆရာတော်ကြီးနဲ့ အရှင်ပဏ္ဍိတတို့က တစ်ဂူထဲ သီတင်းသုံးတော်မူတာမဟုတ်ပါဘူး၊ ဆရာတော်ကြီးက ခုနပြောတဲ့ဂူမှာ သီတင်းသုံးပြီး လယ်တီပဏ္ဍိတက တောင်ရဲ့အရှေ့ဘက် သဘာဝလိုဏ်ဂူသုံးလေးခန်းရှိတဲ့အထဲက ဂူတဂူမှာ သီတင်းသုံးနေပါသတဲ့။ (အဲဒီနေရာကို မရောက်ခဲ့ပါ၊ နောက်အခွင့်ကြုံမှ ထပ်လေ့လာပါဦးမယ်၊)

ဆွမ်းခံရတဲ့ ဆွမ်းအာဟာရက ကြမ်းတမ်းပြီး ဆွမ်းဟင်းကလဲ မည်မည်ရရမပါ၊ ဆရာတော်ကြီးက မြိန်ရေယှက်ရေ ဘုန်းပေးနိုင်သော်လည်း နုနုနယ်နယ်နေပြီး မြက်မြက်ကလေး ဘုန်းပေးလိုတဲ့ လယ်တီပဏ္ဍိတကိုယ်တော်က သည်းမခံနိုင်လို့ ရဟန်းဒကာ ဦးလူကြီး ဒေါ်ရွှေအိမ်တို့ထံမှ ဆွမ်းဆန်နဲ့အခြားစားစရာတွေ မှာယူပြီး စားသောက်နေရာ ဆရာတော်ကြီးက အရှင်ပဏ္ဍိတကို ရုတ်တရက်ရောက်လာပြီး

တောင်ဝှေးကြီးနဲ့ ဟိုလှန်ဒီလှောထိုးကြည့်လိုက်တော့ မုန့်သေတ္တာစတာတွေကို တွေ့ရှိလို့ ဖျက်ဆီးလိုက်ပြီး

“ဟဲ့ ပဏ္ဍိတ၊ ငါ့အမိန့်ကို ဘာလို့ ဖီဆန်ရသလဲ၊ နင် ငါ့ကို ဘာမှ မကြောက်ဘူး၊ သင်္ကန်းဝတ်ပြီး တောထွက်လာရခြင်းမှာ သည်လို မုန့်သေတ္တာ ယိုဗူးတွေနှင့် မိတ်ဆွေဖွဲ့နေဖို့ လေ့ကျင့်ခန်း ဖွင့်ထားတာ မှတ်သလား၊ ယခု ငါ့သပိတ်ကို ယူချေ၊ အဲသည်သပိတ်နှင့် မြစ်ထဲကရေကို သုံးခေါက်ခပ်၍ သောက်ရေအိုးမှာ ဖြည့်ကာ ဒဏ်ထမ်းရမည်” လို့ ဒဏ်ပေးတော်မူပါတယ်။

ဆရာတော်တို့သီတင်းသုံးတဲ့နေရာနဲ့ တောင်ခြေမြစ်ကမ်းဟာ မိုက်ဝက်ခန့်ဝေးကွာတယ်လို့ ဆိုပါတယ်၊ နှစ်ကြိမ်အပြီးမှာ ဆရာတော်က ကရုဏာနဲ့ “ တန့်တော့” လို့ မိန့်တော်မူပေမယ့်

အရွယ်နုနယ်ပြီး မုန့်သေတ္တာလေးသုံးဆောင်ရုံနဲ့ ဒီလောက်ရေဒဏ်တပ်ရလေချင်း ဆိုပြီး မခံချင်စိတ်ကလည်းဖြစ်နေသမို့ ဆရာတော်တပ်တဲ့ ဒဏ်အတိုင်း သုံးခေါက်ပြည့်အောင် ရေဒဏ်ကို ထမ်းခဲ့ပါသတဲ့။

သည်လိုသည်လို ရော့ရဲ(လျော့လျဲ)မှုလေးတွေကြောင့် တပည့်အပေါ် အားမလိုအားမရဖြစ်တော်မူသည့် ဆရာတော်ဘုရားကြီးက အရှင်ပဏ္ဍိတကို အောက်ပါတေးထပ်ကလေး ရေးစပ်ပြီး ပေးအပ်ခဲ့ပါသေးတယ်။

ပါရမီ သမ္ဘာရှိပါဘိ၊ တစ်သာကိ ဘုန်းဝေ၊
စာမရီ့ ထုံးအနေလို၊ သုံးမသွေ သီလ၊
ပရိယတ် စံမဟေမှာ၊ ဉာဏ်ကဝေ ချီးလောက်သူပ။
စိတ္တနှင့် ပညာ၊ သာသနာ မှန်လှ၊
ဘာဝနာ ဉာဏ်အစမှာတော့၊ အနန္တ ဝေးပယ်၊
သမ္ပဇဉ် ဆိုခွင့်များမှာတော့၊ ချိုနှင့်လား မေးမဲ့သူကွယ်။
လက္ခဏ မြင်နှုန်းကျယ်သည်၊ ယာဉ်သုံးသွယ် နေရာကျကိုဖြင့်။
ပေယျာလ နာနာသူကန်၊ ရွေးမျှမကြံ၊
ပိဋကတ် ကလေး ဉာဏ်မှာသာ၊
အရေးသန်သန် သူစွဲရှာထင့်လေး။ ။

**မှတ်ချက်။ ။ ၁၂၆၄-ခု၊ အလုံမြို့အနောက်ဘက် ရွှေတောင်ဦးတောင်တွင်
သီတင်းသုံး နေတော်မူစဉ် တပည့်ပဏ္ဍိတ-အား ရေးသားဆုံးမတော်မူအပ်သော အနုသာသနီ တေးထပ် ဟု လယ်တီဆရာတော်၏ ဂမ္ဘီရကဗျာကျမ်းမှာ တွေ့ရှိရပါတယ်။**

♣ ခရီးသွားတို့သဘာဝ

ပြောရင်း ဆိုရင်း သမိုင်းကြောင်းလေးတွေကို လွမ်းဆွတ်သတိရရင်း ခရီးသည်တို့ရဲ့ ထုံးစံအတိုင်း ရွှေတောင်ဦးစေတီတော်မြတ်ကြီး ကိန်းဝပ်တော်မူရာ၊ ကမ္ဘာကျော်လယ်တီဆရာတော်ကြီး သီတင်းသုံးတော်မူရာဖြစ်တဲ့ ရွှေတောင်ဦးတောင်တော်ကို လက်ပြနှုတ်ဆက်ပြီး ရှေ့ခရီးအတွက် ဆက်ခဲ့ကြရပါတော့တယ်။ အားလုံး ခရီးသွားတွေလဲ ဒီလိုပါပဲလား…..ခေတ္တရောက်ခိုက် ခိုနားလိုက် ဆက်သွားလိုက်နဲ့…….


♣♣ ခရီးသွားစဉ် တွေ့မိသမျှကို တွေးမိ ရေးမိခြင်းမျှသာဖြစ်၍ အမှားပါရင် ခွင့်လွတ်စေချင်ပါတယ်။

ဒီစာကိုရေးသားစဉ် ဂမ္ဘီရကဗျာကျမ်း၊ လယ်တီဆရာတော်ကြီး၏ ဘဝဖြစ်တော်စဉ်စာအုပ်တို့ကို ပြန်လည်ကြည့်ရှုပြီး ကူးသင့်တာတွေ ကူးထားပါတယ်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ