သတိထားရမယ့် အချက်တစ်ခု အပိုင်း(င)
ပဋိသန္ဓေစိတ်က စလိုက်တဲ့ စိတ်အစဉ်ဟာ
ဘယ်ကျမှ ရပ်သွားသလဲဆိုရင် စုတိ၊ အဲဒီကျတော့ ရပ်သလားဆိုရင် မရပ်ပြန်ဘူး၊ နောက်တစ်ခါ
ပဋိသန္ဓေ လာဦးမှာ၊ အဲဒီတော့ စိတ်အစဉ်ဟာ ဘယ်တော့မှ ရပ်တန့်သွားတာ မရှိဘူး၊ ဝင်လာတဲ့
အာရုံတွေပေါ်မှာ စိတ်တွေဟာ အလုပ်လုပ်နေကြရတယ်။
မျက်စိကမြင်ရင် အမြင်အာရုံပေါ်မှာ
အလုပ်လုပ်တယ်၊ နားက ကြးလို့ရှိရင် ကြားတဲ့အာရုံပေါ်မှာ အလုပ်လုပ်တယ်၊ နှာခေါင်းက နံတယ်ဆိုရင်
နံတဲ့အာရုံပေါ်မှာ အလုပ်လုပ်ကြရတယ်၊ လျှာနဲ့ အရသာထိတွေ့တဲ့အခါ အရသာဆိုတဲ့ အာရုံပေါ်မှာ
အလုပ်လုပ်ကြရတယ်၊ ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့အခါမှာ အထိအတွေ့ဆိုတဲ့ အာရုံပေါ်မှာ အလုပ်လုပ်ကြရတယ်၊
မျက်စိ, နား, လျှာ, ကိုယ်မှာ အာရုံတစ်ခု အသစ်ဝင်လာတာ
မရှိဘဲနဲ့ စိတ်အတွေးလေးတွေနဲ့ အလုပ်လုပ်နေကြတာလည်း မရှိဘူးလား ရှိတယ်၊ အဲဒီစိတ်အတွေးလေးဟာ
အားတယ် နားတယ် မရှိဘဲနဲ့ စိတ်တွေဟာ ဆိုင်ရာ ဆိုင်ရာ ဒွါရတွေက အာရုံတွေနဲ့ ဆက်စပ်မပြတ်
ဖြစ်ပြီးတော့နေတာ။
မြတ်စွာဘုရားက ထိုအာရုံတွေက စိတ်ကိုလွှမ်းမိုးနေတာကို
အကြောင်းပြုပြီးတော့ “အာရမ္မဏပစ္စယော” လို့ ဒီလိုဟောတာ၊ အချင်းချင်းဆက်သွယ်ပြီးတော့ တစ်ခုပြီးတစ်ခု
သွားနေတာကို ကြည့်ပြီးတော့ “အနန္တရပစ္စယော, သမနန္တရပစ္စယော, နတ္တိပစ္စယော,
ဝိဂတပစ္စယော” လို့ ဟောတာ၊ ရှေ့စိတ်ကလေးတွေ ချုပ်ပြီးမှ
နောက်စိတ်ကလေးတွေ ပေါ်နိုင်တာဖြစ်လို့ “ဥပနိဿယပစ္စယော” လို့ ဟောတာ၊ အားကြီးတဲ့ “အနန္တရူပ နိဿယ ပစ္စည်း”
တဲ့၊ အဲဒီထဲမှာပဲ ဇောစိတ်ကလေးတွေက တစ်ခုပြီးတစ်ခုသွားတာ ဖြစ်သောကြောင့် “အာသေဝန” အရှန်အဟုန် ရှိတယ်ဆိုပြီးတော ဟောတာ။
အဲဒီထဲမှာပဲ ကုသိုလ်အကုသိုလ်တွေနဲ့ ယှဉ်လာတဲ့ စေတနာကျတော့ “ကမ္မပစ္စယော, နာနာက္ခဏိကကမ္မ-ပစ္စယော” ဒီလို ပဋ္ဌာန်းထဲမှာ ဟောထားတယ်။ မြတ်စွာဘုရား ဟောတာတွေက
အားလုံးကို အနှစ်ချုပ်ကြည့်တော့ အခုပြောခဲ့တာတွေပဲ၊ အကုန်လုံး တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖြစ်ပေါ်နေပုံတွေကို
ပြောတာ။
တကယ်စဉ်းစားကြည့်မယ်ဆိုရင် တို့တတွေဟာ
ရှင်သန်နေတယ်လို့ ပြောနေတာဟာ စဉ်ဆက်မပြတ် ထပ်ဖြစ်နေတာကို ပြောနေတာပဲ၊ မသေတာကို ပြောတာ
မဟုတ်ဘူး။ လူတွေဟာ အသက်ရှင်နေတာ စိတ်ကလေးတစ်ခုနဲ့ပဲ အသက်ရှင်နေတာ၊ လူတိုင်း လူတိုင်း
ရပ်တည်နေတာဟာ စိတ်ကလေးတစ်ခုနဲ့ ရပ်တည်နေတာ။
ဘာနဲ့ ဥပမာတူတုန်းဆိုရင် ကတ္တရာလမ်းပေါ်မှာ
ကားမောင်းသွားလို့ရှိရင် ဘီးအားလုံးဟာ ကတ္တရာလမ်းနဲ့ ထိနေတာ မဟုတ်ဘူး၊ လက်တစ်ဝါးစာလောက်ရှိတဲ့
ဘီးကလေးသာလျှင် ကတ္တရာလမ်းနဲ့ ထိနေတာ။ ကျန်တာတွေ ထိတာမဟုတ်ဘူး - ဟုတ်ကဲ့လား၊ လည်ပတ်နေတာ၊
အဲဒါမျိုးလိုပဲ- လူရဲ့ စိတ်တွေဟာ စိတ်ကလေး တစ်ခုတည်းနဲ့ပဲ အသက်ရှင်ကြတယ်၊ အဲဒါကြောင့်မို့
“ဧကစိတ္တသမာယုတာ - စိတ်ကလေးတစ်ခုထဲ အခိုက်အတန့်လေးတွေမှာ
လူတွေက အသက်ရှင်နေကြတာ” အဲဒါကိုပဲ အသက်ရှင်တယ်လို့ ပြောနေကြတာ၊
ထပ်ပြီးတော့ ဖြစ်နေလို့ရှိရင် အသက်ရှင်နေကြတာ၊ လူတွေမပြောနဲ့ - ကမ္ဘာပေါင်း မြောက်မြားစွာ
အသက်ရှင်နေတယ်ဆိုတဲ့ ဗြဟ္မာတွေလည်း ဒီနည်းပဲ။
အဲဒီတော့ လောကကြီးဟာ အကြောင်းတရားတွေက
ဘယ်လောက်ပံ့ပိုးပေးထားရလဲဆိုတာ စဉ်းစားကြည့်၊ အကြောင်းတရားတွေက ပံ့ပိုးပေးထားရလို့
မြတ်စွာဘုရားက “သင်္ခတ - အကြောင်းတရားတွေက စုပြီးတော့
လုပ်ထားတဲ့အရာတွေ” တဲ့၊ အကြောင်းတရားတွေ ရှိနေသမျှတော့
ဆက်လက်ပြီးတော့ သွားနေဦးမှာပဲ။
အကြောင်းတရားတွေ မရှိတော့ဘူးဆိုလို့ရှိရင်
ပြိုလဲသွားမှာပဲ၊ “ဘဝသံသရာကြီးဟာ တကယ်စဉ်းစားကြည့်မယ်ဆိုရင်
ရွံမုန်းပြီးတော့ ငြီးငွေ့စရာ၊ အဲဒီလိုမြင်တဲ့ အရိယာပုဂ္ဂိုလ်တွေဟာ ဘဝကြီးကို မလိုချင်တော့ဘူး၊
ဘာဖြစ်လို့တုန်းဆိုရင် ထာဝရရွေ့လျားနေတဲ့ အရာချည်းဖြစ်လို့ပဲ”။ ဘယ်အရာကိုမှ ‘ငါ’
လို့ ပြောလို့မရဘူး၊ ခုနက ရူပါရုံဆိုတဲ့ အဆင်းကလေး
မျက်စိတံခါးကနေ လာထင်ဟပ်လို့ မြင်လိုက်တဲ့အခါ တံခါးဖွင့်ပေးတဲ့ စိတ်ကလေးကို ‘ငါ’ လို့ ပြေမှာလား မြင်တဲ့ စက္ခုဝိညာဏ်
စိတ်ကလေးကို ‘ငါ’ လို့
ပြောမှာလား လက်ခံတဲ့ သမ္ပဋိစ္ဆိုင်း စိတ်လေးကို ‘ငါ’ လို့ ပြောမှာလား၊ ‘ငါ’ လို့ ပြောစရာ တစ်ခုမှ မရှိဘူး၊ သူ့ဟာသူ ဖြစ်ပြီးပျက်သွားကြပြီလေ၊
ကိုယ်ပိုင်လိုက်တာရော တစ်ခုရှိရဲ့လား၊ မရှိဘူး၊ သူ့ဟာသူ သွားနေတာ၊ အဲဒီ သွားနေတဲ့ ဟာလေးကို
လူတွေက ပိုင်ဆိုင်ချင်နေကြတာ။
ဘာနဲ့ အလားသဏ္ဌာန်တူတုန်းဆိုရင် . . . တောက
အင်းထဲ တောဘဲတွေ လာကျက်စားနေတုန်း ‘ငါ့ဘဲတွေ’ လို့ ထင်သလိုပဲ အချိန်တန်တော့ ဘဲတွေက တောထဲ အကုန်ပြန်သွားကြမှာပဲ။
အကုန်လုံး ‘ငါ့ဟာ’ လို့ ပြောစရာ တစ်ခုမှ မရှိဘူး။ ဒါကြောင့် “သင်္ခါရေ ပရတော ပဿ’ သင်္ခါရတရားတွေဟာ ပရ-ကိုယ်နဲ့မဆိုင်တဲ့ဟာတွေချည်းပဲ၊ အကုန်လုံး
သူ့ဟာသူ ဖြစ်နေကြတာ ငါနဲ့မဆိုင်ဘူး, ငါ့ဟာလည်း မဟုတ်ဘူး၊ “သင်္ခါရေ ပရတော့ ပဿ” သင်္ခါရတရားတွေကို အဲဒီလို ငါမဟုတ်ဘူးဆိုတဲ့ အတွေးလေးတွေ
အထိ မြင်လာအောင် ရှုကြည့်ရမယ်။
ဒါဟာ အဘိဓမ္မာသင်ရတဲ့ အကျိုးတရား၊
အနိစ္စသဘောတရားလည်း ပိုပြီးတော့ ထင်ရှားလာတယ်, ဒုက္ခသဘောတရားလည်း ပိုပြီးတော့ ထင်ရှားလာတယ်,
အနတ္တ ကိုယ်မပိုင်ဘူး ဆိုတာလည်း ပိုပြီးထင်ရှားလာတယ်။ သာမန်အားဖြင့် ထပ်တလဲလဲ ဖြစ်နေတာကိုကြည့်ပြီး
လူတွေက ကိုယ်ပိုင်နေတာလို့ ထင်နေတာ၊ ကိုယ်လို့ပြောစရာ တစ်ခုမှမရှိဘူး၊ ငါလို့ ပြောစရာ အချိန်ပိုင်းကလေးမို့ ဒီဟာကို ငါလို့ပြောလိုက်တာနဲ့
တစ်ပြိုင်နက် မရှိဘူး, နောက်တစ်ခု ပြောင်းနေပြီလေ၊ စိတ်အစဉ်ကလည်း အဲဒီလောက် မြန်တယ်၊
ရုပ်တွေကလည်း ပြောင်းလဲပြီးတော့ ဖြစ်ပျက်နေတာဖြစ်တယ်၊ ဒါကြောင့်မိုလို့ ‘ငါ’ ဆိုတဲ့ အယူအစွဲတွေ ‘ငါ့ဟာ’ ဆိုတဲ့ အယူအစွဲတွေ၊ အဲဒီ အယူအစွဲတွေကို
ချေဖျက်နိုင်အောင် ဗုဒ္ဓမြတ်စွာက ဒီသဘာဝ သဘောတရားကို အသေစိတ် ခွဲခြားပြီးောတ့ အဘိဓမ္မာ
သဘာဝအနေနဲ့ ဟောကြားတာ ဖြစ်ပါတယ်။
ဒီကနေ့ည
အဘိဓမ္မာမြတ်ဒေသနာ အပိုင်း(၂)မှာ “စိတ်၏
အာရုံများနှင့် ဆောင်ရွက်မှုကိစ္စများ” ဆိုတာကို perspecitive view အနေနဲ့ apply လုပ်တက်အောင်
ဘုန်းကြီးတို့ ဟောပြီးပြီ ဖြစ်ပါတယ်။ ဆက်လက်ပြီးောတ့ လေ့လာရမှာကောတ့ ဘယ်စိတ်က ဘယ်အရာကို
အာရုံပြုတယ်ဆိုတာ သင်္ဂြိုလ်ကျမ်းထဲမှာ လာတဲ့အတိုင်း ဆက်လက်လေ့လာဖို့ပါ၊ အဲဒါကို ဆက်လက်လေ့လာရမယ်၊
ပြီးတော့ ဘယ်စိတ်က ဘယ်ကိစ္စကို ဆောင်ရွက်တယ် ဆိုတာလည်း ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ တရားချစ်ခင်
သူတော်စင်ပရိသတ်တို့သည် မိမိသန္တာန်မှာ ဖြစ်ပေါ်လျက်ရှိသော စိတ်ရဲ့အာရုံများ, ထိုအာရုံများနဲ့
ဆက်သွယ်ပြီးတော့ စိတ်ရဲ့ လုပ်ဆောင်ချက်များကို သိရှိနားလည် သဘောပေါက်ကြပြီးလျှင် သင်္ခ
ါရသဘာဝ တရားတွေပေါ်မှာ ငြီးငွေ့တဲ့စိတ်တွေ ပေါ်လာပြီး နိဗ္ဗာန်ချမ်းသာ၏ ကောင်းမြတ်တဲ့
သဘောတွေကို တွေ့ရှိလာအောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) ၁၀၇-၁၁၂ မှ ပူဇော်ပါသည်။
*** ဆက်ရန်*** အခန်း(၄) စိတ်ဖြစ်ပုံကိုလေ့လာခြင်း(၁) ကို ဆက်လက်ပူဇော်ပါမည်။