"ကံသာလျှင် အမိ, ကံသာလျှင် အဖ, ကံသာလျှင် ကိုယ့်အမွေ,
ကံသာလျှင် ဆွေမျိုး, ကံသာလျှင် အားကိုး စရာ,
ကံသာလျှင် စီမံပိုင်ခွင့် ရှိတယ်" ဆိုတာကိုပါပဲ။
ကံဆိုတာလည်း ကောင်းတဲ့ကံ, မကောင်းတဲ့ကံလို့ ၂-မျိုး ရှိပြန်တယ်၊
ဘယ်ကံကိုပဲ ပြုပြု... သတ္တိက ကျန်ရစ်တယ်၊
ကံကို ထမြောက်အောင်ပြုတဲ့ စိတ်က တခြားစိတ်တွေနဲ့ မတူဘူး၊
ထူးခြားတဲ့ သတ္တိတစ်မျိုး ပါပါတယ်၊
ဒါနပြုတဲ့ စိတ်ပဲ ဆိုပါတော့...
အဲဒီအချိန်မှာ ဖြစ်တဲ့ ရုပ်တွေ နာမ်တွေဟာ
ဖြစ်ပြီးရင် ချုပ်ပျောက်ကုန်ကြပေမယ့်
သတ္တိဆိုတာ ကလေးတွေ ကျန်ရစ်တယ်။
ဥပမာ...ကလေးငယ်တစ်ယောက်
မူလတန်းပညာ သင်ခဲ့တယ်၊
ဆယ်တန်းရောက်တဲ့အချိန်မှာ
မူလတန်းစာတွေ မရတော့ပါဘူး၊
မေ့ပျောက်ကုန်ခဲ့ပါပြီ၊ ...
ဒါပေမယ့် အဲဒီ မူလတန်းအခြေခံ
အစွမ်းသတ္တိတွေကြောင့်ပဲ
ဆယ်တန်းမှာ လွယ်လွယ်ကူကူနဲ့
ရေးနိုင်-ဖြေနိုင်-တွက်နိုင် ဖြစ်ရပါတယ်၊
အစွမ်းသတ္တိတွေ ကျန်ရစ်တယ်ဆိုတာ အဲဒီ ကျန်ရစ်နည်း မျိုးပါ။
| ~ တူသောအကျိုး ပေးတတ် ~ |
ကံပြုတဲ့ နေရာတိုင်းမှာ ဒီသဘောထားကို
နားလည်း ထားကြပါ၊
(ကုသလာကုသလံ ကမံ္မ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ့ ကမ္မပစ္စယေနပစ္စယော)
ကုသိုလ် အကုသိုလ်ကံတွေဆိုတာ
အကျိုးဖြစ်တဲ့ ဝိပါက်နာမ်ခန္ဓာ ကဋတ္တာရုပ်တို့အား
ကမ္မပစ္စည်းအနေနဲ့ ကျေးဇူးပြုတယ်၊
ဒီလိုဆိုရင် ပြုလိုက်တဲ့ စိတ် စေတသိက်တွေက ချုပ်ပျောက် ကုန်ပေမယ့်
သတ္တိတွေက ကျန်ရစ်တယ်ဆိုတော့
အကျိုးပေးတဲ့ အခါမှာ
ပြုတဲ့ကံအတိုင်း (စေတနာအတိုင်း)
အကျိုးပေးတော့ မှာပေါ့၊
ကောင်းတဲ့ကံတွေ ပြုထားတဲ့သူက ကောင်းကျိုး ပြန်ရမယ်၊
မကောင်းတဲ့ကံတွေ ပြုထားတဲ့သူကတော့ မကောင်းကျိုးတွေပဲ ရမှာပေါ့၊
အကျိုးပေးရမယ့် အင်္ဂါရပ်တွေ ပြည့်စုံရင် ချက်ချင်းတောင် အကျိုးပေးတာ။
(မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်း သြ၀ါဒမှ)