အမေကိုလည်းကောင်း၊ အဖေကိုလည်းကောင်းသတ်၍၊ ပြည့်ရှင်မင်းနှစ်ပါးကိုလည်းကောင်း သတ်၍၊ အခွန်သိမ်းတတ်တဲ့အမတ်နှင့်တကွ တိုင်းပြည်ကိုလည်း ဖျက်ဆီး၍ မကောင်းမှုများ အပပြုပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ဘေးရန်ကွာကင်း ဆင်းရဲခြင်းမရှိသည်ဖြစ်၍ နိဗ္ဗာန်ထုတ်ချောက် ရောက်သွားလေတော့၏။ (ဓမ္မပဒ)
အခါတစ်ပါး အာဂန္တုရဟန်းတော်များဟာ မြတ်စွာဘုရား နေ့သန့်စင်ရာဌာနမှာ သီတင်းသုံးနေတော်မူတဲ့အချိန် လာရောက် ဖူးမြော်ကြပါတယ်။ အဲဒီအချိန်မှာ လကုဏ္ဍလဘဒ္ဒိယမထေရ်က မြတ်စွာဘုရားအနီးကနေ ကြွသွားတော်မူပါသတဲ့။ အဲဒီအချိန်မှာ “ရဟန်းတို့ ကြည့်ကြစမ်း ဒီရဟန်းဟာ အမေ အဖေကိုသတ်ပြီး ဒုက္ခလွတ်ရာကို သွားနေတယ်” လို့ မိန့်တော်မူလိုက်ပါတယ်။
အာဂန္တုရဟန်းတွေကလဲ “ဟ..မြတ်စွာဘုရား ဘယ်လိုစကားမျိုး ပြောတော်မူတာပါလိမ့်” လို့ တစ်ယောက်မျက်နှာတစ်ယောက် သံသယမျက်လုံးတွေနဲ့ ကြည့်ကြတော့တာပေါ့။ သံသယဖြစ်ရုံတင်ရပ်မနေဘဲ “အရှင်ဘုရား ဘယ်လိုစကားမျိုး မိန့်တော်မူပါလိမ့်ဘုရား” လို့လဲ လျှောက်ထားလိုက်ကြပြန်ပါတယ်။
ဒါနဲ့မြတ်ဗုဒ္ဓက အထက်ပါတရားဆက်ဟောတော်မူပါတယ်။ ဟောတော်မူလိုက်တဲ့ ဒေသနာအဆုံးမှာ အဲဒီ အာဂန္တုရဟန်းတော်များ ရဟန္တာဖြစ်တော်မူကြပါတယ်။
နို့ဒါဆို တကယ်ပဲ အမေသတ် အဖေသတ်ရမှာလား..စဉ်းစားစရာပေပဲ။ အဲသလိုတာလုပ်ရင် အနန္တရိယကံကြီးထိုက်သွားမှာပေါ့လို့ စောဒကတက်စရာကြီးပေါ့။ မြတ်စွာဘုရားရှင်ဟာ သဗ္ဗညုတဉာဏ်တော်နဲ့ ဝေနေယျသတ္တ၀ါတွေရဲ့ အဇ္ဈာသယ စိတ်အကြိုက်တွေအမျိုးမျိုး ကြည့်တော်မူပြီး တရားဆင်နည်းတွေ နည်းအဖုံဖုံနဲ့ဟောပြတော်မူရတာလေ။
ဒီမှာ မှတ်ယူသင့်တာလေးက တစ်ချို့ဒေသနာတွေမှာ တိုက်ရိုက်ယူဆနိုင်ပေမယ့်၊ တစ်ချို့ဒေသနာတော်တွေက သွယ်ဝိုက်ပြီး ယူဆရပါတယ်။ အဲ.. တိုက်ရိုက်ကို သွယ်ဝိုက်ယူ၊ သွယ်ဝိုက်ဟောတဲ့ဒေသနာကို တိုက်ရိုက်ယူဆပြီး ပြောဟောလျှင် မြတ်စွာဘုရားကို စွပ်စွဲကဲ့ရဲ့တာပဲလို့ အင်္ဂုတ္တိုရ်(ပ၊ ၆၁)မှာ ဟောထားတာရှိပါတယ်။
ခုဒေသနာတော်က သွယ်ဝိုက်ဟောတဲ့ဒေသနာတော်လို့ပြောရမှာပေါ့လေ။
ဒီဒေသနာမှ-
အမေဆိုတာ တဏှာကိုပြောတာပါ။ ဟုတ်တယ်လေ။ အမေက သားကိုမွေးဖွားဖြစ်စေသလို တဏှာက ဘုံးသုံးပါးမှာ သတ္တ၀ါကို ဖြစ်စေတတ်တယ်။ ဒါကြောင့် တဏှာကို အမေလို့ပြောတာ။ အမေသတ်ဆိုတာ တဏှာကို သတ်ပါလို့ ဟောတော်မူတာပါ။
အဖေဆိုတာ မာနကိုပြောတာပါ။ ငါက ဘယ်ရှင်ဘုရင် ဘယ်အမတ် ဘယ်ဝန်ကြီးရဲ့သားဆိုပြီး အဖေကို အကြောင်းပြုပြီး မာန ဖြစ်တတ်လို့ မာနကို အဖေလို့ ဆိုတာပါတဲ့။ အဖေသတ်ဆိုတာ မာနကိုသတ်ရမယ်လို့ ဆိုလိုတာပါ။
လောကမှာ လူတွေဟာ တိုင်းပြည်ကိုအစိုးရတဲ့ မင်းတို့ကိုပဲ ချဉ်းကပ်ကြရတယ်။ အဲဒီလိုပါပဲ မှားယွင်းတဲ့ အယူအဆဒိဋ္ဌိတွေဟာ သဿတ ဥစ္ဆေဒဒိဋ္ဌိတို့ကို ချဉ်းကပ်ရလို့ သဿတ ဥစ္ဆေဒ ဒိဋ္ဌိနှစ်ပါးကို မင်းလို့ ခေါ်တာပါတဲ့။ အဲဒါကိုလဲ သတ်ပစ်ရမယ်။
အခွန်ကောက်ဝန်ဟာ တိုင်းပြည်ရဲအကျိုးစီးပွားကို ရှာဖွေပြီး လှည့်လည်နေတယ်။ ဒီလိုပဲ နှစ်သက်တပ်မက်ခြင်း(နန္ဒီရာဂ)ဟာလည်း အာယတန (၁၂)ပါးဆိုတဲ့ တိုင်းပြည်မှာ လှည့်လည်ကျက်စားနေတယ်။ ဒါကြောင့် နန္ဒီရာဂဆိုတဲ့ အခွန်ကောက်ဝန်ကြီးရဲ့ ဖြစ်တည်လှည့်လည်ရာ အာယတန(၁၂)ပါးဆိုတဲ့ တိုင်းပြည်ကိုပါ နင်းခြေဖျက်ဆီး ပစ်ပါ။
ဘာနဲ့ သတ်ဖြတ် ဖျက်ဆီးပစ်ရမလဲဆိုရင် အရဟတ္တမဂ်ဉာဏ်ဆိုတဲ့ ထက်မြက်တဲ့ဓားနဲ့ ဖျက်ဆီးပစ်ရမယ်လို့ ဟောတော်မူလိုရင်းပါပဲ။ (ဓမ္မပဒ၊ ဋ္ဌ-၂၊ ၂၈၃-၄။ နေတ္တိ၊ ၀ိဘာ၊ ၃၂၁)
မြတ်ဗုဒ္ဓဟာ အကျိုးမဲ့စကားကို ဘယ်တော့မှ ဟောတော်မူလေ့ မရှိပါဘူး။ အကျိုးမဲ့နှင့်စပ်တဲ့စကားတွေကို ဗောဓိပင်နှင့်ရွှေပလ္လင်မှာပဲ အရဟတ္တမဂ်နဲ့ အကြွင်းမဲပယ်တော်မူပြီးပါပြီ်။ နို့ ဒီလိုမိန့်တော်မူတာကရော ဘယ်လိုကြောင့်ပါလိမ့်။ အာဂန္တုရဟန်းတော်တွေရဲ့ စိတ်ဖြစ်ပုံအလိုဆန္ဒ တွေကို သိတော်မူလို့ ခုလိုမိန့်တော်မူလိုက်တာပါပဲ။ ဒီလိုဟောတော်မူနိုင်တာဟာ သဗ္ဗညုတဉာဏ်တော်ရဲ့ အစွမ်းကြောင့်ပေါ့။
သိရာမှန်က၊ မကျန်ရအောင်၊ လုံးဝစုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
သိသည့်တရား၊ များအပြား၌၊ ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို၊ ခြယ်လှယ်စုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊ ဣနြေ္ဒစရိုက်၊ သူအကြိုက်ကို၊ နှိုက်ချွတ်စုံလင်၊ အကုန်မြင်၊ သဗ္ဗဉ်ဉာဏ်တော်အစွမ်းတည်း။
ဉာဏ်တော်စွမ်းပကား၊ ဤသုံးပါးကြောင့်၊ အများဝေနေ၊ ကျွတ်လွတ်စေဖို့၊ မနေမနား၊ သက်တော်အားဖြင့်၊ ကြီးမားလေဘိ၊ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန်စံသည့်တိုင်အောင်၊ သယ်ယူဆောင်၊ ဘုန်းခေါင် ငါတို့ဘုရားတည်း..။
ဒီသဗ္ဗညုတဉာဏ်တော်အစွမ်းသုံးပါးနှင့် ပြည့်စုံတော်မူလို့ ဝေနေယျသတ္တ၀ါတွေရဲ့ အဇ္ဈာသယကို ဆင်ခြင်သုံးသပ်တော်မူပြီး တရားကို သင့်လျော်တဲ့နည်းလမ်းနဲ့ သင့်တင်အောင် ဆင်ပြင်ပြီး ဟောတော်မူတဲ့အခါ တစ်ယောက်နှစ်ကို မဆိုထားနဲ့ သိန်းသန်းကုဋေ အသင်္ချေရှိတဲ့ ပရိသတ်ကိုပင် တစ်ထိုင်တည်း နိဗ္ဗာန်ပေါက် သိရှိကြပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကြီးဟာ ကမ္ဘာသူကမ္ဘာသားတွေအပေါ်မှာ အကျိုးအများဆုံး ဉာဏ်တော်ကြီးဖြစ်ကြောင်းကို ကြည်ညိုတင်ပြလိုက်ပါတယ်။
(အမှားပါကခွင့်လွတ်ရန်နှင့်ပြင်ဆင်ပေးပါရန် တောင်းပန်ပါသည်။)