Wednesday, August 29, 2012

ခန္တီနှလုံးသား


ဒီနေ့ ကမ္ဘာကြီးမှာ ဒီသည်းခံမှု ခန္တီတရား ကိုသာ လက်ကိုင်ထားပြီး အသီးအသီး ခန္တီနှလုံးသားပိုင်ရှင်တွေ ဖြစ်ကြမယ်ဆိုရင် အခုလို စစ်ပွဲတွေအမျိုးမျိုး တိုက်နေ ကြမှာကို မဟုတ်ပါဘူး၊ ကမ္ဘာကြီးတစ်ခုလုံး အေးချမ်း သာယာနေမှာပါ။

****    ****    ****
  
          မြင့်မြတ်သူတွေရဲ့ အလုပ်ကျင့်စဉ် ဆယ်မျိုးထဲမှာ သည်းခံမှု ခန္တီကျင့်စဉ်လည်းပါတယ်၊ "ခန္တီ"ဆိုတာ တဖက်သားက ကိုယ့်ကို 'ခွေးကောင်, နွားကောင်' စတဲ့ ဆဲစရာ အမျိုးမျိုးနဲ့ ဆဲဆိုလာရင်, ကိုယ်ထိလက်ရောက် ရိုက်နှက်ပုတ်ခတ် ညှဉ်းဆဲလာရင် မကြားသလို မမြင်သလို ဟန်မပျက် အမူအရာမပျက် နေနိုင်တဲ့ သဘောကို ဆိုလိုတယ်၊ နောက်ပြီး တဖက်သားရဲ့ စွပ်စွဲကဲ့ရဲ့မှု ကျေးဇူးမဲ့ ပြုမှုတွေကိုလည်း မတုံ့ပြန်ဘဲ နေနိုင်တဲ့ သဘောလို့ဖွင့် ဆိုကြသေး တယ်၊ ဒါတင်မက ရာသီဥတု ပူလွန်းတာ, အေးလွန်း တာတွေကို ကြံ့ကြံ့ခံနိုင်မှုသဘောဟာလည်း ခန္တီပါပဲ။
         
          ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ နေထိုင်ရတဲ့ လူ့လောကမှာ ကိုယ့်ကို အမြင် မကြည်လို့ဘဲဖြစ်ဖြစ် တမင်ကို အမြင်ကပ်လို့ပဲ ဖြစ်ဖြစ် အထင်အမြင်မှားလိုပဲ ဖြစ်ဖြစ် တဖက်သားက ကိုယ့်အ ပေါ် အပြစ်ပြောမှု ဝေဖန်ကဲ့ရဲ့ ရှုတ်ချမှုဆိုတာ တစ်နည်းမဟုတ် တစ်နည်း ကြုံရမှာပါ၊ ကိုယ့်ထက်သာ မနာလိုတတ်တဲ့ လူလော က အသိုင်းအဝိုင်းမှာဆိုရင် ပိုလို့တောင် ကြုံရမှာပါ။

          အဲဒီလို ကြုံရတဲ့အခါ ဆင်ခြင်ဉာဏ်မရှိတဲ့ လူဆိုရင် ဒေါသနဲ့ တုံ့ပြန်မိမယ်၊ ဒါဆိုရင် တဖက်သားက ကိုယ့်အပေါ် အပြစ်ပြောတာ ဝေဖန်ကဲ့ရဲ့တာတွေကို ကိုယ့်အပေါ်မှာ တင်မထားဘဲ သူ့အပေါ်ပြန်ပြီး လှန်ချရာရောက်သွားမယ်၊ ဒီလို တုံ့ပြန်လိုက်တဲ့ အတွက် ပြဿနာ ပိုပြီးတက်လာမယ် ပိုပြီးရှုပ်လာမယ်၊ ဒီလိုတုံ့ ပြန်နည်းက လူတွေမပြောနဲ့ အသိဉာဏ်မရှိတဲ့ တိရစ္ဆာန်တွေ တောင် တုံ့ပြန်တတ်ကြသေးတော့ မြင့်မြတ်တဲ့ တုံ့ပြန်မှုမျိုးတော့ မဟုတ်ဘူးလေ။

         
ဆင်ခြင်ဉာဏ်ရှိတဲ့ လူအနေနဲ့ တဖက်သားရဲ့ ကိုယ့်အပေါ် ပြောလာသမျှ ပြစ်တင်ဝေဖန်မှု ကဲ့ရဲ့ရှုတ်ချမှု တွေကို ပြန်မပြော ဘဲ ကိုယ့်အပေါ်မှာတင် တည်နေစေနိုင်တယ် ပြန်ပြီးလှန်မချဘဲ ကိုယ့်အပေါ်မှာ တင်ထားနိုင်တယ်၊ ဒါကို "အဓိဝါသနခန္တီ" ရယ် လို့ ဆိုကြတယ်။ [အဓိ-မိမိအထက်မှာ၊ ဝါသန-နေစေကြောင်းဖြစ်တဲ့၊ ခန္တီ-သည်းခံမှု] အအေးအပူစတဲ့ ရာသီဥတုဒဏ်နဲ့ ကြုံတွေ့ရင် လည်း ဆင်ခြင်ဉာဏ်မရှိတဲ့လူမှာ "အေးလွန်း လိုက်တာ, ပူလွန်း လိုက်တာ"နဲ့ ဒေါသဖြစ်ပြီးနေမယ်၊ ဆင်ခြင်ဉာဏ်ရှိသူအတွက်တော့ ဒေါသမဖြစ်ဘဲ"ဆောင်းတွင်းပဲလေ အေးမှာပေါ့, နွေအခါပဲလေ ပူမှာပေါ့"လို့ ဆင်ခြင်ဉာဏ်နဲ့ ခန္တီစိတ် မွေးနိုင်တယ်။
         
          ဒီတော့ ဆန့်ကျင်ဘက်အနှောက်အယှက် ကြုံလာတဲ့အခါ ဆင်ခြင်ဉာဏ်ရှိ, မရှိအပေါ်မှာ မူတည်ပြီး သည်းခံမှု ခန္တီတရား ဖြစ်çမဖြစ် ကွာခြားသွားတာပါ၊ ဆင်ခြင်ဉာဏ်မရှိရင် တဖက်သား အပေါ် ပြန်ပက်ပြီး ဒေါသဖြစ်မှာပါ၊ ဆင်ခြင်ဉာဏ်ရှိပြီး သည်းခံလိုက်ရင်တော့ အဲဒီလို သည်းခံလိုက်တဲ့အခိုက်မှာ ဒေါသမဖြစ်တဲ့အတွက် ဒေါသရဲ့ ပြောင်းပြန် အဒေါသ ဖြစ်နေမယ်၊ ဒါကြောင့် ခန္တီရဲ့ အဘိဓမ္မာတရားကိုယ်ကို "အဒေါသစေတသိက်"ရယ်လို့ ဖွင့်ဆိုကြတယ်။
         
          ခန္တီရဲ့တရားကိုယ်က အဒေါသစေတသိက်လို့ ဆိုလိုက်တော့ မေတ္တာရဲ့ တရားကိုယ်နဲ့ တူနေတယ်၊ ခန္တီနဲ့ မေတ္တာဟာ တရားကိုယ်အနေနဲ့ တူနေပေမယ့် ဖြစ်ပုံချင်းတော့ မတူပါဘူး၊ မေတ္တာ ဆိုတာ ချစ်ခင်စရာ သတ္တဝါပညတ်ကို အာရုံထားပြီး အကျိုးစီးပွား သည်ပိုးလိုတဲ့ ပုံစံနဲ့ ဖြစ်တာပါ၊ ခန္တီကတော့ ဆန့်ကျင်ဘက် ပြုမူတဲ့ သက်ရှိသက်မဲ့ အားလုံးအပေါ်မှာ ပြန်မပက်တဲ့ ပြန်လှန်မချတဲ့ အနေနဲ့ ဖြစ်တယ်။

          ခန္တီဖြစ်ဖို့ ဆင်ခြင်ဉာဏ်ရှိရမယ်ဆိုတော့ ဘယ်လို ဆင်ခြင်ရမလဲ မေးရင် အတိုချုပ်အနေနဲ့ "ကမ္မပစ္စဝေက္ခဏ"ကံကို ဆင်ခြင် လိုက်ရမှာပါ၊ ကိုယ့်ကို တစ်ဖက်သားက ကိုယ်နဲ့çနှုတ်နဲ့ ပြုမူစော် ကားလာရင် "ဪသာ်..ဘယ်သူမပြု မိမိမှု ဆိုသလို, ငါလဲ အတိတ် ဘဝတွေတုန်းက ဒီလိုပဲ တစ်ဖက်သားကို ကိုယ်နဲ့, နှုတ်နဲ့ ပြုမူ စော်ကားခဲ့မှာပဲ၊ ဒါ့ကြောင့် အခုလို ကြုံတွေ့ရတယ်" လို့ပဲ ဖြစ်ဖြစ်၊ "သူ..ငါ့အပေါ် အကြောင်းမဲ့လာပြီး ပြုမူစော်ကားတော့ သူ့ ထိုက်နဲ့သူ့ကံ သူ့အကြောင်းနဲ့သူ သွားမှာပဲလေ"လို ဖြစ်ဖြစ် ဆင်ခြင်လိုက်ရင် တုံ့ပြန်ချင်တဲ့ ပြန်ပက်ချင်တဲ့ ဒေါသဖြစ် ခွင့်မသာ တော့ဘဲ ပြောင်းပြန် အဒေါသဆိုတဲ့ ခန္တီတရား ဖြစ်လာမယ်၊ ခန္တီနှလုံးသားပိုင်ရှင်တစ်ယောက် ဖြစ်လာမယ်လေ။

          "သည်းခံတတ်တဲ့ ခန္တီနှလုံးသား ရှိပါတယ်"လို့ ဖြေဆိုတဲ့ အ လောင်းတော်ခန္တီဝါဒီရသေ့ကို အရှင်ဒေဝဒတ် အလောင်းကလာဗုမင်းက လက်ဖြတ်ဟဲ့ ခြေဖြတ်ဟဲ့ နှာခေါင်းဖြတ်ဟဲ့ နားရွက် ဖြတ်ဟဲ့နဲ့ အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းပေမယ့် အလောင်းတော်ရဲ့ စိတ်ထဲမှာ တုံ့ပြန်ချင်တဲ့ဒေါသ လုံးဝမဖြစ်ပေါ်ဘဲ အဒေါသဆိုတဲ့ ခန္တီနှလုံးသားပဲ ဖြစ်ပေါ်နေပါတယ်၊ အဲဒီမင်းလည်း အလောင်းတော်ရဲ့ မျက်စိတစ်ဆုံးအရောက်မှာ မြေမြိုခံခဲ့ရ ရှာတယ်။
         
          တုံ့ပြန်ချင်တဲ့ ဒေါသကို အကြွင်းမဲ့ ပယ်ဖျောက်ပြီးတဲ့ အနာဂါမ် ရဟန္တာအရှင်မြတ် တွေကျတော့ ဘယ်လို ဆန့်ကျင်ဘက် အနှောင့်အယှက်နဲ့ပဲ တွေ့ရတွေ့ရ ခန္တီတရား အပြည့်အဝရှိနေတော့ ထာဝရခန္တီနှလုံးသား ပိုင်ရှင်တွေလို့ ဆိုရမှာပါ။
         
          တစ်နေရာမှာ လူများစွာက "ဪသာ်..တို့ အရှင် သာရိပုတ္တရာ ကိုယ်တော်ကြီးက သည်းခံမှုခန္တီအား အတော်ပြည့်စုံလိုက်တာ၊ တစ်ဖက်သားက ဆဲဆဲ , ရိုက်ရိုက် စိတ်ဆိုးတဲ့ ဒေါသက လေးတောင် မရှိဘူး"လို့ ချီးကျုးနေတဲ့ စကားသံကို ဘာသာခြား ပုဏ္ဏားတစ်ယောက်က ကြားလေတော့ "ငါကိုယ်တိုင် လက်တွေ့ စမ်းသပ် ကြည့်ဦးမယ်"လို့ တွေးပြီး ဆွမ်းခြွံကနေတဲ့ အရှင်မြတ်ရဲ့ နောက်ကနေလိုက်ပြီး ကျောပြင်ကို ဖျန်းကနဲ ရိုက်ချလိုက်တယ်၊

          ဒါပေမဲ့ အရှင်မြတ်က လှည့်တောင်မကြည့်ဘဲ ကြွ မြဲဆက်ကြွသွားတယ်၊ ထာဝရ ခန္တီနှလုံးသားပိုင် ရှင်ကြီးပေကိုး၊ အဲဒီပုဏ္ဏားလည်း နောက်တော့ "သူမြတ်သူကောင်း မကောင်းပြုမိ ဘေး ဒဏ်ထိ" ဆိုသလို တစ်ကိုယ်လုံး ပူလောင်နေအောင် ခံစားရတဲ့ အတွက် အရှင်မြတ်ကို တောင်းပန်ခဲ့ရရှာတယ်။
         
          နေရာတိုင်းမှာ သည်းခံမှု ခန္တီတရားကိုချည်း ကျင့်သုံးနေရ မယ်လို့တော့ မဆိုလိုပါဘူး၊ ကိုယ်နဲ့ ကိုယ့်ဆရာသမားရဲ့ ဂုဏ်သိက္ခာ ကိုယ်ကျင့်စာရိတ္တပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တဖက်သားက မမှန်မကန် စွပ်စွဲပုတ်ခတ်လာရင်တော့ ဒီအတိုင်း ငြိမ်နေလို့ သည်းခံနေလို့ ဘယ်ဖြစ်မှာလဲ။

          ဆိုပါတော့ တစ်ဖက်သားက "မင်း ဟာ ဒုဿီလပဲ၊ မင့်ဆရာလဲ ဒုဿီလပဲ၊ ဒီလိုဒီလို အလုပ်တွေ လုပ်နေတယ် မင်းတို့နေမှာပဲ"လို့ စွပ်စွဲ အပုပ်ချလာတဲ့အခါ ကိုယ်က ငြိမ်နေရင် ကိုယ့်အပေါ် ပတ်ဝန်းကျင်က ယုံမှားသံသယတွေ ဖြစ်ကြတော့မှာပါ၊ ဒါ့ကြောင့် အဲဒီလိုကိစ္စမျိုးမှာတော့ "အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ" မမှန်တာ မဟုတ်တာကို မမှန်ဘူး မဟုတ်ဘူးလို့ ဒေါသမပါဘဲ တည်ငြိမ်အေးဆေးစွာနဲ့ တုံ့ပြန်ရမှာပါ။
         
          အရှင်ဒဗ္ဗဟာ ခုနှစ်နှစ်သားနဲ့ ရဟန္တာဖြစ်ခဲ့တဲ့ အာဇာနည် အရှင်မြတ်လေး တစ်ပါးပါ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဟန်းကိစ္စပြီးစီးတော့ သံဃာ့ဝေယျာဝစ္စ ဆောင်ရွက်မယ်လို့ စိတ်ကူးပြီး ဆွမ်းစားလာပင့်ရင် ကိုယ်တော်တွေကို အလှည့်ကျ  ညွှန်ပြပြီး ထည့်ပေးရတဲ့ တာဝန်ကို ဆောင်ရွက်တယ်၊

          ဘုန်းမွဲကံမွဲဖြစ်တဲ့ မေတ္တိယဘူမဇက ရဟန်းတွေက ရှိနေလေတော့ တစ်နေ့မှာ သူကြွယ် ဒကာတစ်ဦးအိမ်မှာ သူတို့အလှည့်ကျလို့ ဆွမ်းစားသွားကြတယ်၊ သူကြွယ်က သူတို့အပေါ် အကြည်ညိုပျက်နေတဲ့အတွက် အရင့် အရင် ကိုယ်တော်တွေကို ကပ်လှူသလို ဖွယ်ဖွယ်ရာရာ မွန်မွန် မြတ်မြတ် မကပ်လှူဘဲ ဖြစ်သလို ဝတ်ကျေတန်းကျေပဲ ကပ်လိုက်တယ်။
         
          ဒါကလည်း သူကြွယ်ရဲ့အပြစ်လို့ ပြောမဖြစ်ဘူးလေ၊ သဒ္ဓါ တရားဖြစ်တယ် ကြည်ညိုတယ်ဆိုတာ "မြတ်နိုးမှ သဒ္ဓါ"ဆိုသလို၊ ကိုယ်က မြတ်နိုးမှဖြစ်တဲ့ သဘောမျိုးကိုး၊ အဲဒါ "လူမတန် ကံပုံ ချ" ရမယ့်အစား သူတို့အပေါ် အကြည်ညိုပျက်အောင် အရှင်ဒဗ္ဗကပဲ ကြားကနေ ဝင်နှောက်တာပဲလို့ ထင်တဲ့အတွက် အရှင်ဒဗ္ဗအပေါ် အကွက်ဆင်ပြီး မိန်းမမှုနဲ့ စွပ်စွဲ အပုပ်ချတော့တယ်၊ အများနဲ့ ပတ်သက်နေတဲ့ အလုပ်တာဝန်မျိုးဆိုတာ ဘယ်လောက်ပဲ စိတ်ကောင်း စေတနာကောင်းနဲ့ လုပ်ဆောင်နေပေမယ့် ဒီလို ပြဿနာမျိုးက တမင်ဖန်တီးချင်ရင် အလွယ်ကလေးပဲ မဟုတ်လား။

          ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘုရားရှင်က အရှင်ဒဗ္ဗကို မေးတော် မူတော့ "တပည့်တော် အကြောင်းကို ဘုန်းတော်ကြီးဘုရား သိတော်မူသလိုပါပဲဘုရား"လို့ အဖြေစကား လျှောက်ထားတယ်၊ ဘုရှားရှင်ကလည်း "မင်း ဘယ်လိုမှ မတုံ့ပြန်နဲ့ ငြိမ်ငြိမ်ကလေးနဲ့ သည်းခံနေလိုက် ဟဲ့"လို့ မမိန့်ပါဘူး၊ မမိန့်တဲ့အပြင် "ဒဗ္ဗ, မင်း ဖြေရှင်းနည်းက ပညာရှင် ဖြေရှင်းနည်း မဟုတ်သေးဘူး၊ ပြုရင် ပြုတယ်၊ မပြုရင် မပြုဘူးလို့ တိတိကျကျ ဖြေရှင်းပါ"လို့ မိန့်တော်မူတယ်၊ ဟုတ်တယ်လေ ဒီလိုကိစ္စမျိုးမှာ ငြိမ်နေရင် ကိုယ့်အပေါ် ပတ်ဝန်းကျင်က ယုံမှားသံသယတွေ ဖြစ်တော့မှာပါ။
         
          ဆင်ခြင်ဉာဏ်နဲ့ ချင့်ချိန်ပြီး ဒေါသအဖြစ်မခံဘဲ ဒေါသရဲ့ ပြောင်းပြန် အဒေါသနဲ့ အစားထိုးပြီး ခွင့်လွှတ်နိုင်တာ အနစ်နာ ခံနိုင်တာဟာ မြင့်မြတ်တဲ့ ခန္တီနှလုံးသားလေးပါ၊ ဒီခန္တီနှလုံးသားလေးဟာ တခြားတခြားသော အကျင့်ဂုဏ်တွေကို ရဖို့အတွက် အဓိက အခြေခံ အကြောင်းတစ်ချက်ဖြစ်လို့ မင်္ဂလာတစ်ပါးပါပဲ၊

          နောက်ပြီး "ဒေါသမီးလျှံ အကျည်းတန်ç သည်းခံ လှပကြောင်း" လို့ ဆိုတဲ့အတိုင်း ဒေါသက အကျည်းတန် အရုပ်ဆိုးကြောင်း ဖြစ်ပေမယ့် သည်းခံမှုခန္တီတရားကတော့ ရုပ်ရည်ချောမောလှပ ကြောင်းပါ၊ "ခန္တီနှလုံး အစဉ်သုံး, ရွှင်ပြုံးအေးမြကြောင်း"လို့ ဆိုသလို ခန္တီနှလုံးသားဟာ စိတ်ချမ်းသာကြောင်း စိတ်ငြိမ်းအေးကြောင်း တစ်ခုပါ၊

          နောက်ပြီး "ခန္တီ ပရမံ တပေါ တိတိက္ခာ"ဟု  မိန့်တော်မူကြသည့်အတိုင်း ဒီသည်းခံခွင့်လွတ်မှု  ကျင့်စဉ်ဟာ အလွန်မြင့်မြတ်တဲ့ ကျင့်စဉ်ပါ၊ "ခန္တျာ ဘိယျော နဝိဇ္ဇတိ"ဟူသော ဒေသနာအရလည်း ဒီသည်းခံ ခွင့်လွတ်မှုကျင့်စဉ်ထက် သာလွန်တဲ့ ကျင့်စဉ်မရှိပါဘူး။

          ဒီနေ့ ကမ္ဘာကြီးမှာ ဒီသည်းခံမှု ခန္တီတရား ကိုသာ လက်ကိုင်ထားပြီး အသီးအသီး ခန္တီနှလုံးသားပိုင်ရှင်တွေ ဖြစ်ကြမယ်ဆိုရင် အခုလို စစ်ပွဲတွေအမျိုးမျိုး တိုက်နေကြမှာကို မဟုတ်ပါဘူး၊ ကမ္ဘာကြီးတစ်ခုလုံး အေးချမ်း သာယာနေမှာပါ။

          ♣♣ ဒေါသမီးလျှံ, အကျည်းတန်, သည်းခံလှပကြောင်း။
          ♣♣ ခန္တီနှလုံး, အစဉ်သုံး, ရွှင်ပြုံးအေးမြကြောင်း။        
          ♣♣ သူမြတ်ကိုယ်စီ, ကျင့်သုံးပြီ, ခန္တီတရားကောင်း။

စာညွှန်း။  ။ စူဠဝဂ္ဂပါဠိ-၁၉၁၊ သီလက္ခန်အဋ္ဌကထာ-၅၃၊ ခုဒ္ဒကပါဌ အဋ္ဌ ကထာ-၁၂၅၊ ဓမ္မပဒအဋ္ဌကထာ-၂ç ၃၉၈၊ သုတ်မဟာဝဂ္ဂဋီကာ-၇၄၊ အဋ္ဌသာ လိနီဘာသာဋီကာ-၄ç၃၇၅။

          ♣♣ မူရင်းရေးသားသူ ။   ။ အရှင်ဝရုဏာလင်္ကာရာဘိဝံသ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ