သာမာဝတီ
သာမာဝတီမိဖုရားနှင့်
အခြွေအရံများသည် မေတ္တာဖြင့် နေလေ့ရှိကြ၏၊ ထိုသို့ မေတ္တာအလေ့အကျင် ရနေသောကြောင့် မိမိတို့ကို
အထင်လွဲ၍ မြားဖြင့် ပစ်သတ်ဖို့ ကြံသော မိမိတို့၏ အရှင်သခင် ဥတေန ရှင်ဘုရင်သည် (ပစ်သတ်ဖို့ကို
မဆိုထားဘိ) လေးမှ မြားထွက်သွားအောင်ပင် မပစ်နိုင်ဘဲ ရှိရလေသည်။
ထို့နောက်
ဥတေနမင်းက မှားကြောင်းကို ဝန်ချသောအခါ “ဘုရား တရား သံဃာကို ကိုးကွယ်ပါ”ဟု တိုက်တွန်း၍
ဥပါသကာအဖြစ်သို့ ရောက်စေနိုင်လေသည်၊ [ဤဝတ္ထု၌ ရှင်ဘုရင်၏ ဘုရားကိုးကွယ်ခြင်းမှာ သာမာဝတီ၏ အရင်းခံမေတ္တာကြောင့်
ဖြစ်သည်။]
ဥတ္တရာ
ဥတ္တရာမည်သော
သူဌေးကတော်လည်း မေတ္တာဖြင့် နေလေ့ရှိ၏၊ သူမကို
မနာလို၍ ဆီပူဖြင့် ဦးခေါင်းပေါ်၌ လောင်းချသော သိရိမာအပေါ်၌ မေတ္တာစိတ် ထားနိုင်သောကြောင့်
ဆီပူမလောင်ဘဲ
ဦးခေါင်းမှ လျှောကျသွားစေသည်၊ သိရိမာက တောင်းပန်သောအခါ (ဘုရားကိုကိုးကွယ်စေလိုသောကြောင့်)
“ခမည်းတော် ဘုရားကို တောင်းပန်မှ ကျေနပ်မည်”ဟု ပြော၍ ဘုရားအမူရှိသော သံဃာတော်ကို ပင့်ပြီးလျှင်
တောင်းပန်သောအခါ ဘုရားရှင်က “ကျေနပ်ပါသည်” ဟုမိန့်တော်မူ၏၊
ထို့နောက်
ဆက်လက်၍ တရားဟောတော်မူသောအခါ သိရိမာလည်း သောတာပန်
တည်လေသည်။ [ဤဝတ္ထု၌ သိရိမာ၏ သောတာပန်တည်ရခြင်းမှာ ဥတ္တရာ၏ မေတ္တာအရင်းခံကြောင့် ဖြစ်သည်၊
တစ်ယောက် အပေါ်၌ တစ်ယောက်က ကောင်းကျိုးလိုလား၍ ကောင်းအောင်ပြောဆို ဆုံးမခြင်းကို မေတ္တာအလုပ်ဟု
မှတ်ပါ။]
အခြားအမျိုးသမီးများ
ဝန်ဆောင်ပုံ
ရှင်သီဝလိ၏မယ်တော်ဖြစ်သော
“သုပ္ပဝါသာ”မည်သော ကောလိယ မင်းသမီးသည် သောတာပန် တည်ပြီးနောက် ဆွမ်းကပ်လှူသောအခါ မွန်မြတ်သော
အရသာမျိုးစုံပါသော ဟင်းကောင်း ဟင်းလျှာတို့ဖြင့် ကပ်လှူလေ့ရှိ၏။
“သုပ္ပိယာ”မည်သော
ဒါယိကာမကား ဂိလာနပုဂ္ဂိုလ်အား သင့်တော်သော အာဟာရကို ချက်ပြုတ်လှူတန်းလေ့ရှိ၏။
ကာတိယာနီ
(ကစ္စာနီ)မည်သော ဥပါသိကာမသည် ရတနာသုံးပါး ကို ဆည်းကပ်ကြည် ညိုရာ၌ လေးလေးနက်နက်ရှိလှ၏၊
အခါတစ်ပါး၌ သူ၏သားဖြစ်သော “သောဏ”မထေရ်သည် ညဥ့်အခါ၌ တရားဟောနေ၏၊
အမိမယ်တော်
ကစ္စာနီသည် တရားနာရင်း အိမ်သွား၍ မီးခွက် ယူဖို့ရန် အိမ်စေမကို ခိုင်းလိုက်၏၊ အိမ်စေမ
သွားသောအခါ သူခိုးတွေက အိမ်ထဲဝင်ဖို့ ဥမင်(လိုဏ်)ဖောက် နေပုံကို မြင်၍ ပြန်ပြေးလာပြီးလျှင်
အကြောင်းကို ပြောလေသော် သူခိုးတွေယူလျှင် သူတို့တွေ့တာလောက်သာ ယူနိုင်မှာဘဲ, ငါတရားနာ
အပျက်မခံနိုင်ဘူး” ဟု ပြော၍ တရားနာမြဲ နာနေ၏၊
ထိုပြောသံကို
စုံထောက်လုပ်နေသော သူခိုးကြီး ကြား၍ နံနက်အခါ “ယူမိသမျှ ပြန်ပေး၍ ကန်တော့တောင်းပန် ကြပြီးလျှင် အရှင်သောဏအထံ၌ ရဟန်းပြုကာ ရဟန္တာဖြစ်ကြလေသည်၊
[ကာတိယာနီ၏ တရားနာ လေးနက်ခြင်းကြောင့် ခိုးသူများ ရဟန္တာ ဖြစ်ကြရသည်။]
ဤသို့စသည်ဖြင့်
ဘုရားရှင်လက်ထက်တော်၌ သာသနာ့ဂေဇက်ဝင် ပါရမီရှင်အမျိုးသမီးများ၏ စိတ်ကောင်းထားမှု ကြိုးစားမှုတို့ကြောင့်
ဗုဒ္ဓမြတ်စွာ သာသနာတော်သည် အမျိုးသမီးများ နယ်၌ ဂုဏ်သိရ် မငယ်ဘဲ ထည်ထည်ဝါဝါရှိရကား မလ္လိကာမိဖုရားစသော
မိဖုရားတို့နှင့် ဝိသာခါစသော သူဌေးကတော် သူကြွယ်ကတော်များပင် ဘုရား တရား နှင့် အရိယသံဃာတော်များကို
လေးလေးစားစား ကိုးကွယ်ဆည်းကပ်၍ ဗုဒ္ဓမြတ်စွာသာသတော်ကို မိမိတို့ စွမ်းနိုင်ရာဘက်မှ အချက်ကျကျ
မြှင့်တင်ခဲ့ကြပေသည်။
ပရိသတ်စုံညီ၍
ပရိနိဗ္ဗာန်စံတော်မူခြင်း
ဗုဒ္ဓမြတ်စွာသည်
ဘုရားဖြစ်တော်မူပြီးစကပင် ပရိနိဗ္ဗာန်စံတော်မူပါရန် လျှောက်ထားလာသော မာရ်နတ်ကို “သာသနာ့တာဝန်ဆောင်နိုင်
မည့် ပရိသတ်လေးမျိုး မစုံညီသေးသမျှ ပရိနိဗ္ဗာန်စံတော်မူဦးမည် မဟုတ်” ဟု ပယ်မြစ်တော်မူခဲ့၏။
ယခုအခါ
တာဝန်ဆောင်မည့် ပရိသတ် လေးမျိုးလည်း ပြည့်စုံ၍ အသက်တော်လည်း ရှစ်ဆယ်ပြည့်နေပြီ ဖြစ်သောကြောင့်သာ
ပရိနိဗ္ဗာန်စံတော်မူပါသည်၊ ဤအချက်ကို စဉ်စားလျှင် ဗုဒ္ဓသာသနာတော်ကို ဘိက္ခု, ဘိက္ခုနီ,
ဥပါသကာ, ဥပါသိကာဟူသော ပရိသတ်လေးပါးတို့ကသာ အမြဲ တာဝန်ဆောင်နိုင်၍ ထိုပရိသတ်လေးပါးတွင်
တစ်ပါးပါးလျော့လျှင် တာဝန်ဆောင်အဖွဲ့ လျော့၍ သာသနာတော်အားပျော့ ရပေလိမ့်မည်။
တာဝန်ဆောင်ပုဂ္ဂိုလ်များတွင်လည်း
အတော်တော်များများက စိတ်အားလျှော့လိုက်လျှင် သာသနာတော် အားပျော့ရမည်မှာ ဓမ္မတာ(ထုံစံ)ပင်
ဖြစ်သည်၊ ထို့ကြောင့် ရှေး ရှေးက တာဝန်ဆောင်ပုဂ္ဂိုလ်တို့ အားမလျှော့ဘဲ သာသနာ့တာဝန်
ထမ်း ဆောင်ခဲ့ကြပုံကို ပြပါဦးမည်။
(အရှင်ဇနကာဘိဝံသ၏ ဘာသာသွေး စာအုပ်မှ) ဆက်ဦးမည်>>>