၅။ရှေးမထေရ်ကြီးများ
ကြိုးစားခန်း
ပထမသံဂါယနာ
ဘုရားရှင်
ပရိနိဗ္ဗာန်စံတောမူရာ ကုသိနာရုံပြည်၌ အရှင်မဟာကဿပသည် ခုနစ်သိန်းသော မထေရ်ကြီးများအား
မိန့်တော်မူသည်မှာ “ငါ့ရှင်တို့ .. ပါဝါပြည်မှ ဤကုသိနာရုံပြည်သို့ လာသောအခါ လမ်းခရီး
အကြား၌ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူကြောင်း ကြားရသည်၊ ထိုအခါ ဘုရားကို မဖူးတွေ့ဘူးသော
ရဟန်းငယ်အများ ငိုကြသော်လည်း “သုဘဒ္ဒ”တောထွက်ကြီးကား ဝမ်းသာသောမျက်နှာဖြင့် “ငါ့ရှင်တို့...
မငိုကြပါနှင့် ရှေးတုန်းက ငါတို့မှာ ရှင်ဂေါတမ၏ အချုပ်အချယ်ကို ခံခဲ့ကြရသည်၊ ယခုတော့
သူ့လက်ကလွတ်ကြပေါ့၊ ငါတို့လုပ်ချင်တာ လုပ်နိုင်ç မလုပ်ချင်တာ မလုပ်ဘဲနေနိုင်ကြပြီ”
ဟု ပြောပါသည်၊
ငါ့ရှင်တို့..
အဓမ္မမထွန်းကားမီ, အဓမ္မက ဓမ္မကို မလွှမ်းမိုးမီ၊ အဓမ္မကိုပင် အကောင်းဟု ပြောလေ့ရှိသူတို့
မထွန်းကားမီ, ဓမ္မကို အကောင်းဟု ပြောလေ့ရှိသူတို့ အားမသေးမီ၊ ဝိနည်းလမ်း၏ ဆန့်ကျင်ဘက်ကို
အကောင်းဟု ပြောလေ့ရှိသူတို့ မထွန်းကားမီ, ဝိနည်းကို အကောင်းပြောလေ့ရှိသူတို့ အားမသေးမီ
ယခုနှယ်ပင် သံဂါယနာ တင်ကြပါစို့”ဟု ပြော၍ အများသဘောကျ သံဂါယနာတင် မထေရ်များကို ရွေးချယ်ပြီးလျှင်
ရာဇဂြိုလ်မြို့ဝယ် ပထမသံဂါယနာ တင်ခဲ့ပါသည်၊
မှတ်ချက်။ ။ အဓမ္မဟူသည် အကုသိုလ်တရားတည်း၊ ဓမ္မဟူသည် ကုသိုလ်တရားတည်း၊ အဓမ္မကို ပြုဝံ့သူတွေ နေရာတိုင်း၌ လူတွင်ကျယ် ဖြစ်ခြင်း, အဓမ္မပြုသူကိုပင် ချီးကျူးခြင်း, ထိုသူတို့မှာ စီးပွား ဥစ္စာ တိုးတက်၍ (ရဟန်းဖြစ်လျှင် ဘုန်းကံကြီးမား၍) နောက်လိုက်များခြင်း, အဓမ္မပြုဝံ့သူကိုပင် အသားယူခြင်းသည် အဓမ္မထွန်းကားခြင်း မည်၏၊ ထိုသို့ အဓမ္မမထွန်းကားသောခေတ်၌ ဓမ္မကို ကျင့်သူ, ဓမ္မအတိုင်း ပစ္စည်း ဥစ္စာ ရှာဖွေနေထိုင်သူတို့ ဦးခေါင်းမပြုဝံ့အောင် အောက်ကျ နောက်ကျ ဖြစ်ရခြင်းသည် အဓမ္မက ဓမ္မကို လွှမ်းမိုးရာရောက်၏၊
ထိုအခါ
အဓမ္မ ဘက်သားတို့ အားကောင်း၍, ဓမ္မဘက်သားတို့ အားနည်းကြရသည်၊ ထိုအတူပင် ဝိနည်းပညတ်တော်ကို
အပိုဟုပင် အထင်ရှိနေသူနှင့် ဝိနည်းတော်အတိုင်း မနေသူတို့ အားကောင်းလာသောအခါ ဝိနည်းတော်အတိုင်း
နေသူတို့ အရာရာမှာ အရေးပါ အရာမရောက်ဘဲ အားနည်းကြရသည်၊ ယခု ထိုခေတ်သို့ ရောက်လုပြီလော,
သို့မဟုတ် ရောက်နေပြီလော။
ဒုတိယသံဂါယနာ
ဒုတိယသံဂါယနာတင်ခြင်း၏
အကြောင်းရင်းမှာ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး၍ အနှစ်တစ်ရာလောက်အကြာတွင် ဝဇ္ဇီတိုင်းသား
ရဟန်းတို့ ငွေအလှူခံခြင်းပေတည်း၊ [အကျယ်ကို အနာဂါတ်သာသနာရေး ကျမ်းစာ၌ပြခဲ့ပြီ၊] ထိုဒုတိယသံဂါယနာမတင်မီ
ငွေအလှူခံသော ဝဇ္ဇီတိုင်းသား ရဟန်းတို့ကို နှိမ်နှင်းရာ၌ အရှင်ယသ၏ လျှောက်ထား ချက်ကြောင့် ရဟန္တာကြီးများပင် ပါဝင်တော်မူကြ၏၊
တစ်မြေပြင်လုံး၏ အကြီးဆုံးဖြစ်၍ ရဟန်းဝါတော်ပင် တစ်ရာ့နှစ်ဆယ် ရတော်မူပြီးသော “သဗ္ဗကာမီ”မည်သော
ဆရာတော်ကြီးပင် ပါဝင်တော်မူ၏၊ ထိုဆရာတော် ကြီးကား အရှင်အာနန္ဒာ၏ တပည့်ကြီးဖြစ်၍ ဘုရားရှင်ကို
မှီလိုက်၏၊ ဤသို့လျှင် ငွေအလှူခံမှုကိစ္စအတွက် သံဂါယနာတင်ရသည်ထိ သက်တော်ကြီး၍ ရဟန္တာဖြစ်ပြီးသော
မထေရ်ကြီးအများပင် ကြောင့်ကြစိုက်တော်မူကြပုံကို ယခုအခါ သူတော်စင် အရှင်ကောင်းတို့
လေးလေး နက်နက် စဉ်းစားသင့်ကြပါသည်။
မထေရ်ကြီးများ၏
အမြော်အမြင်
ဒုတိယသံဂါယနာတင်ပြီးသောအခါ
နောင်ရေးနောင်တာကို တွေးတော်မူရာ, နောင်အခါ အသောက မဟာရာဇာ၏ လက်ထက်၌ သာသနာတော်ဝယ် ဘေးရန်ပေါ်မည်ကို
မြင်တော်မူကြ၏၊ ထိုဘေးရန်ကို နှိမ်နင်းမည့်ပုဂ္ဂိုလ်ကို လူ့ပြည်နတ်ရပ်၌ ရှာသောအခါ မတွေ့ကြရဘဲ
ဗြဟ္မာ့ပြည်ကိုကြည့်မှ တိဿဗြဟ္မာမင်းကို တွေ့၍ လူ့ပြည်၌ ဖြစ်ကာ သာသနာပြုပါရန် တောင်းပန်ကြလေသည်၊
[အကျယ်ကို အနာဂါတ်သာသနာရေး ကျမ်းစာ၌ ရေးခဲပြီ၊ ]
ဤနေရာဝယ်
အရှင်မဟာယသအစ, အရှင်သဗ္ဗကာမီ အဆုံးရှိသော ရဟန္တာအရှင်တို့သည် မျက်မှောက် သာသနာ၏ ဘေးရန်ကို နှိမ်နင်းရုံသာမက အနာဂါတ်သာသနာရေးကိုပါ
ကြောင့်ကြစိုက်တော်မူကြပုံကို တွေးမိတော်မူကြပါလျှင် ယခုအခါ သာသနာတော်အရေးကို ကိုယ်အရေး
မဟုတ်သလို လျစ်လျူ မရှူသင့် ကြတော့ပါ။
တတိယသံဂါယနာ
တိဿဗြဟ္မာ
စုတေ၍ လူပြည်၌ ဖြစ်ပုံ, ရဟန်းပြု၍ ရဟန္တာဖြစ်ပုံ ဓမ္မာသောကမင်း သာသနာကြည်ညိုပုံ ညီတော်ရဟန်းပြုပုံ
ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ကို ပူဇော်သောအားဖြင့် ဓမ္မာသောကမင်း၏ ကျောင်းတိုက်ပေါင်း,
စေတီပေါင်းရှစ်သောင်းလေးထောင် တင်ဆောက်လှူဒါန်းပုံ, ထိုကျောင်းရေစက်ချ၌ အလွန်သဒ္ဓါဖြစ်၍
အိမ်ရှေ့ မင်းလောင်းဖြစ်သော သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သံဃမိတ္တာတို့ကို ဘိက္ခု,
ဘိက္ခုနီပြုပေးပုံ, ပစ္စည်းလေးပါး ပေါများသော သာသနာတွင်းသို့ ပစ္စည်းရှားပါသော တိတ္ထိတို့
အချောင်ဝင်လာပုံ, ထိုတိတ္ထိတို့ကြောင့် တတိယသံဂါယနာတင်ရပုံ, သားတော်အရှင်မဟိဒ္ဓနှင့်
သမီးတော်သံဃမိတ္တတို့ ရဟန္တာဖြစ်၍ သီဟိုလ်ကျွန်း၌ သာသနာပြုပုံကို အနာဂါတ်သာသနာရေးကျမ်းစာ၌
စုံစုံလင်လင် ရေးသားခဲ့ပါပြီ။
(အရှင်ဇနကာဘိဝံသ၏ ဘာသာသွေး စာအုပ်မှ) ဆက်ဦးမည်>>>