အသောကမင်း၏ဘာသာသွေး
ဓမ္မာသောကမင်းသည်
ဘာသာသွေး အလွန်ထက်သန်လှ၏၊ ထိုသို့ ထက်သန်သောကြောင့်ပင် ရှစ်သောင်းလေးထောင် ကျောင်းတိုက်စေတီများကို
တည်ဆောက်ပူဇော်ရုံဖြင့် အားမရဘဲ အိမ်ရှေ့မင်းလောင်း သားတော်ကို ရဟန်းပြုပေးနိုင်လောက်အောင်
သာသနာတော် ထွန်းကားစေလိုသော သဒ္ဓါ ဆန္ဒ ပြင်ပြလေသည်။
ဗုဒ္ဓဘာသာဖြစ်သည်မှ
စ၍ တိုင်ပြည်ကိုလည်း ဗုဒ္ဓတရားတော်နှင့်အညီ အုပ်ချုပ်၏၊ လူနှင့် ဆိုင်သော တရားစာ တစ်ချို့ကိုလည်း
ကျောက်စာထွင်း၍ လူမြင်ကွင်းမှာ စိုက်ထူထား၏၊ ဗုဒ္ဓဘာသာဝင်ဖြစ်၍ တိုင်ပြည်ကို သိမ်သိမ်မွေ့မွေ့
အုပ်ချုပ်ခါမှသာ တိုင်ပြည်ငြိမ်ဝပ်ပိပြားပါသေးသတဲ့။
ထိုဓမ္မာသောက
မင်း၏ သားတော်ဖြစ်သော အရှင်မဟိန္ဒသည် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွတော်မူသောအခါ ဓမ္မသောကမဟာရာဇာ၏အကြည်တော်
[အဆွေတော်] ဖြစ်သော ဒေဝါနံ ပိယတိဿမဟာရာဇာသည် ဗုဒ္ဓသာသနာတော်ကို လွယ်ကူစွာ လက်ခံ၍ မကြာမီပင်
သီဟိုဠ်တစ်ကျွန်းလုံးကို ဗုဒ္ဓသာသနာ လွှမ်းဖုံးစေပါသည်။ ဤနည်းအားဖြင့် ဓမ္မသောကမဟာရာဇာ၏
ဘာသာသွေးသည် ဒေဝါနံပိယတိဿမဟာရာဇာသို့ ကူးစက်ပြန့်ပွားခဲ့လေသည်။
အရှင်မဟိန္ဒ၏
ကြိုးစားမှုကြောင့် သီဟိုဠ်ကျွန်း၌ သာသနာတော် ခိုင်မြဲသောအခါ ကျွန်းသူ ကျွန်းသားနှင့်
ဘုရင် မိဖုရားတို့သည် ဘာသာသွေး ထက်သန်ကြ၏၊ ဒုဋ္ဌဂါမဏိမင်းကား ထူးထူးခြားခြား ဘာသာသွေးများသော
မင်းပေတည်း၊ သာသနာတော်ကို အန္တရာယ်ပြု မည့် ကျေးကုလားတို့ကို နှိမ်နင်းဖို့ စစ်တိုက်ထွက်ရာ၌ပင်
ရဟန်းတော်များကို ပင့်၍ သွား၏၊ ထိုမင်းသည် စစ်တိုက်ထွက်ခါနီး၌ အောက်ပါအတိုင်း အဓိဋ္ဌာန်ပြုလေ့ရှိ၏၊
“ငါ့တွက်များမြောက်,
ချမ်းသာရောက်ဖို့, ခုလောက် ကြိုးကုတ်, အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ, သာသနာ၏, ရှည်ကြာအဓွန့်, ရောင်လျှံကွန့်ဖို့, စွန့်စွန့်စားစား, ငါကြိုးစား
သည်...စိတ်ထား ငါ့မှာ အမြဲတည်း။”
ဆိုလိုရင်းမှာ-“ငါချမ်းသာဖို့
အကျိုးငှါ စစ်တိုက်ခြင်းဖြင့် ယခုလို အပင်ပန်းခံသည်
မဟုတ်၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် တာရှည်စွာ တည်နိုင်ဖို့
အကျိုးငှါသာ ဗုဒ္ဓဘာသကြို အန္တရာယ်ပြုမည့် ရန်သူများကို နှိမ်နင်းရပါသည်”ဟု ဆိုလိုသည်၊ ထိုမင်းသည်ပင်
စုတေခါနီး၌ စစ်တိုက်စဉ်က အလွန်အားကိုးရသော ထိုအချိန်မှာ ရဟန်းပြု၍ ရဟန္တာဖြစ်သော အဘယမထေရ်၏
တရားကို နာယူရင်း စုတေ၍ တုသိတာနတ်ပြည်၌ ဖြစ်လေသည်။
၆။
မြန်မာနိုင်ငံရှေ့ပိုင်းသာသနာခန်း
အရှင်အရဟံနှင့်
အနော်ရထာ
အိန္ဒိယ-သီဟိုဠ်ဝယ်
ရှေးရှေးရဟန္တာအရှင်မြတ်များနှင့် ရှေးရှေး
သာသနာပြုမင်း အများတို့ သာသနာရေး ဘာသာသွေးကို နွှေးခဲ့ကြ သကဲ့သို့ မြန်မာနိုင်ငံ
ရဟန်းတော်အရှင်မြတ်များနှင့် မင်းတရားတို့လည်း ဘာသာသွေး မအေးခဲ့ကြပါ။
အရှင်အရဟံနှင့်
အနော်ရထာမင်း တို့သည် ယုတ်မာညစ်ညမ်းသော အရည်ကြီးခေါ် ရဟန်းအတုများကို အတင်း ပြုပြင်ခဲ့ကြပါသည်၊
ဆက်ပါဦးမည်-အစစ် အမှန်ကို အကြောင်းပြု၍ အတုအပ အယောင်အဆောင်များ ရှိနေခြင်းမှာ ထုံးစံဓမ္မတာလို
ဖြစ်နေ၏၊
ဥပမာ-ရွှေအစစ်
စိန်အစစ်၏ အဖိုးတန်မှုကို အကြောင်း ပြု၍ ရွှေအတု စိန်အတုများ ပေါ်ပေါက်လာသကဲ့သို့တည်း၊
အစစ်နှင့် အတုနှစ်မျိုး ရှိပြန်လျှင် အသိဉာဏ်ရှိသူ သို့မဟုတ် ကံကောင်းသူတို့သာ အစစ်ကို သုံးစွဲရ၍ ဉာဏ်မရှိ-ကံမရှိသူတို့မှာ
အတုကိုသာ သုံးစွဲရလေသည်။
ဤသာသနာရေး၌လည်း
ရှေးရှေးပင် အစစ်နှင့်အတု ဒွန်တွဲကာ ဉာဏ်ရှိသူ ကံရှိသူတို့သည် အစစ်ဘက်မှာ ပါဝင်၍ ဉာဏ်မရှိသူ
ကံမရှိသူတို့ကား မတုဘက်၌ ရောက်ရရှိနေကြလေသည်၊ ထို့ကြောင့် အရှင်အရဟံနှင့် အနော်ရထာ
မင်းတရားတို့ အရည်ကြီးများကို မနှိမ်နင်းရသေးမီ အချိန်က ဉာဏ်မရှိသော/ဉာဏ်ရှိသော်လည်း
ကံမရှိသော တိုင်းသူပြည်သားတို့သည် အရည်ကြီးတို့ ဟောပြောသမျှကို သဘောကျကျ/မကျကျ လိုက်နာ၍ နေခဲ့ကြရလေသည်။
ဘုန်းကံလည်း ရှိ၊ ဉာဏ်လည်း ရှိသော အနော်ရထာမင်း လက်ထက်ကျမှ အရှင်အရဟံ
ကြွလာ၍ သာသနာအစစ်အမှန်ကို သိသဖြင့် ယုတ်မာ ညစ်ညမ်း ဆိုးသွမ်းသော အရည်ကြီးတို့ကို ဖယ်ရှားလျှက်
အစစ်အမှန် သာသနာကို ကိုးကွယ်ကြရသည်။
မြန်မာဆရာ
ဒကာများ
ပုဂံခေတ်မှ
စ၍ ကောင်းမွန်လာသော မြန်မာနိုင်ငံ သာသနာတော်သည် သာသနာ့ဝန်ဆောင် ဆရာတော်များနှင့် သာသနာပြုမင်း
မှူးမတ်မှစ၍ ရပ်သူရွာသား ဒါယကာဒါယိကာမများတိုင်အောင်အရှိန် မပျက်ခဲ့ပါ၊ အလွန်သဒ္ဓါတရားကောင်းသော
မင်းတုန်းမင်း၏ လက်ထက်မှာမူ ပရိယတ်(စာပေ သင်ကြား ပို့ချမှု)ဘက်က တိုးတက်၍ လာသကဲ့သို့
ထင်ရ၏၊ မင်းတုန်းမင်းတရားသည် သာသနာတော်သို့ ကြာရှည်စွာ တည်စေလိုသဖြင့် ပိဋက ပါဠိတော်များကို
ကျောက်ပြား၌ ထွင်းကာ ပဉ္စမသံဂါယနာကိုပင် တင်ပါသေးသည်။
ပဋိပတ်(အကျင့်အကြံ)
ဘက်၌လည်း ဉာဏ်မီသမျှ အားပေးခဲ့ပါသည်၊ ဓမ္မဝိနယပြန်တမ်း ထုတ်၍ “ရဟန်း သာမဏေတို့ ပွဲမကြည့်ရ, ဈေးမဝယ်ရ, ပိုက်ဆံမကိုင်ရ” စသည်ဖြင့် ထိုခေတ်အလိုက် အမြင်မတော်မှုများကိုလည်း
အတင်းအကြပ် နှိပ်ကွပ် တားမြစ်ခဲ့ပါသည်။
♣♣ မဟာဂန္ဓာရုံဆရာတော်၏ ဘာသာသွေးစာအုပ်မှ
♣♣ မဟာဂန္ဓာရုံဆရာတော်၏ ဘာသာသွေးစာအုပ်မှ