သူငယ်ချင်းက မေးတယ် “လူလတ်ဆိုတာ သိလား”….တဲ့။
“ထူးထူးခြားခြားတော့ မသိပါဘူး ရိုးရာအတိုင်းပဲသိထားပါတယ်” လို့ဖြေလိုက်တော့
“ဖတ်ဖူးတဲ့စာကလေးရှိတယ် လူလတ်ဆိုတာတဲ့ လူငယ်တွေကို အပြစ်မြင်လာတတ်ပြီး လူကြီးတွေအပေါ် နားလည်စာနာမှုပေးနိုင်တာ လူလတ်ပဲတဲ့” သူကဖြေတယ်။
သူပြောတာလဲ မှတ်သားစရာအကောင်းသား၊ လက်တွေ့ဆန်တဲ့အတွေးမို့ လက်ခံမိတယ်။
ဟော့….ဟိုတစ်နေ့က ရန်ကုန်ကိုခရီးစဉ် ကားပေါ်မှာ ဖတ်လိုက်ရတဲ့ စာအုပ်တစ်အုပ်ထဲ လူကြီး လူလတ် လူငယ်ဆိုတဲ့အဓိပ္ပာယ်လေးကို တွေ့ရပြန်ရော..။
စိတ်ဝင်စားစရာတော်တော်ကောင်းတယ်။ သူငယ်ချင်းကိုလဲ သတိရနေမိတယ်။
နောင်တတရားများနဲ့ ရှင်သန်နေထိုင်သူများကို လူကြီးဟုခေါ်သည်။
အမှားတွေနဲ့ ပျော်ရွှင်ကျေနပ်နေသူများကို လူလတ်ဟုခေါ်သည်။
အမှားများကို မှားရန်အတွက် ကြိုးစားပမ်းစား လိုက်လံရှာဖွေနေသူများကို လူငယ်ဟုခေါ်သည်။ တဲ့ ဖတ်လိုက်ရတဲ့စာအုပ်မျက်နှာဖုံးနောက်ကျောမှာပါပဲရေးထားတယ်။
အဲဒီစာအုပ်ထဲမှာပဲ တွင်းဆိုတဲ့ပုံပြင်လေးပါပါတယ်။ လူကြီး လူငယ်အကြောင်းပါပဲ။
တစ်ခါတုန်းကပေါ့…။ ရတနာသိုက်ရှိတယ်လို့နာမည်ကြီးတဲ့ ဒေသတစ်ခုကို လိုက်လံရှာဖွေကြတဲ့ ရတနာမုဆိုတွေ ချောင်းနံဘေးနားက ရေတွင်းပျက်ကြီးတစ်ခုကိုတွေ့သတဲ့။
အဲဒီတွင်းရဲ့ နှုတ်ခမ်းဝမှာ ၀ိုင်းအုံပြီး တွင်းထဲစိုက်ကြည့်လိုက်တော့ အရောင်တွေလက်နေတာ တွေ့ရသတဲ့။
“ဟာ တွင်းထဲမှာ လက်လက်လက်လက်နဲ့ ရွှေတွေဖြစ်မယ်ကွ”
“မဟုတ်ဘူး၊ ပတ္တမြားတွေနေမှာပါ”
“ငါကတော့ စိန်ရောင်တွေတောက်နေတယ် ထင်တာပဲ…”
“ငါတို့ရှာနေတဲ့ ရတနာသိုက်တွေ့ပြီကွ”
အဲသလို အထင်အမျိုးမျိုး ပေးပြီး လူတစ်ယောက်က လောဘကြီးပြီး တွင်းထဲကို ခုန်ချလိုက်ပါတော့တယ်။
တွင်းထဲလဲရောက်ရော လင်းလက်နေတဲ့အရာတွေဟာ ရွှေ၊ ပတ္တမြား၊ စိန်။ သူတို့ထင်တာတွေ တစ်ခုမှ မဟုတ်ဘူး။ တွင်းထဲမှာ မြွေပွေးတွေ၊ မြွေဟောက်တွေ အကောင်ပေါက်နေကြတာ။ မြွေတွေရဲ့ မျက်လုံးကနေ အရောက်တောက်နေသာတာဖြစ်တယ်။
ဒီတော့ တွင်းထဲကလူက “ဟိတ်ကောင်တွေ ဆင်းမလာကြနဲ့၊ ရွှေတွေ စိန်တွေ မဟုတ်ဘူးကွ၊ မြွေပွေး မြွေဟောက်တွေရဲ့မျက်လုံးတွေရဲ့အရောင်ကို ငါတို့က စိန်တွေ ရွှေတွေထင်နေတာ။ ပတ္တမြားတွေ ထင်နေကြတာ။ ငါတို့ထင်သလိုမဟုတ်ဘူးကွ တွင်းထဲမဆင်းလာကြနဲ့၊ ငါ့ကိုတော့ မြွေကိုက်ကုန်ပြီ။ မင်းတို့ မဆင်းလာကြနဲ့”
အပေါ်တွင်းနှုတ်ခမ်းကလူတွေက မယုံကြဘူး။ ဒီကောင် တစ်ယောက်တည်း လိုချင်လို့ လိမ်ပြောတာဖြစ်မယ်။ နောက်တစ်ယောက် ၀ုန်းဆို ထပ်ခုန်ချလိုက်ပြန်တယ်။
“ဟုတ်တယ်ဟေ့ ဆင်းမလာကြနဲ့ စိန်တွေမဟုတ်ဘူး၊ ရတနာတွေမဟုတ်ဘူး၊ သူပြောတာမှန်တယ်ကွ၊ ဒီကောင်သေနေပြီ၊ အားလုံးဆင်းမလာကြနဲ့ အားလုံးသေကုန်လိမ့်မယ်”
တွင်းနှုတ်ခမ်းကလူတွေအားလုံးဟာ တွင်းထဲက လူတွေပြောတဲ့စကားကို မယုံကြဘူး။ ဒီနှစ်ကောင် အပိုင်းစီးချင်လို့ လိမ်ပြီးပြောတယ်လို့ပဲ ထင်နေကြတာ။
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းလိုက်ကြတာ။ တွင်းနှုတ်ခမ်းကလူတွေ အကုန်လုံး တွင်းထဲမှာ သေကုန်ကြတော့သတဲ့။
လူကြီးတွေဆိုတာ မြွေမျက်လုံးကို ရတနာတွေမှတ်ပြီး တွင်းထဲခုန်ဆင်းဖူးသူတွေ။ သူတို့က မြွေအကိုက်ခံရပြီးမှ တွင်းနက်ထဲကနေ အော်ပြောတဲ့စကားအမှန်တွေပါ။
ဒါကြောင့် ခုန်မဆင်းနဲ့လို့ ပြောတာ။ လူငယ်တွေက မယုံကြဘူး၊ ဒီတော့ ခုန်ဆင်းဦးမယ်ပေါ့။
လူငယ်တွေက လူကြီးတွေကို...
“ကိုယ်ချင်းမစာတတ်ဘူး၊ သူတို့တုန်းကတော့ နေချင်သလိုနေပြီး ငါတို့ကျမှ ဟိုလို မနေနဲ့၊ ဒီလိုမနေနဲ့၊ ဟိုလိုလေး လုပ်ကြည့်ပါလား၊ ဒီလိုလုပ်တာ မှားတယ် တော်တော်ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။”
“ဒီအရွယ်ရည်စားမထားရဘူးနော်၊ သူတို့တုန်းကတော့ ထားခဲ့ကြတယ်၊ ကျွန်တော့ကျမှ မထားနဲ့တဲ့ဗျာ။”
“မပျင်းကြနဲ့၊ ပျင်းရင် ပညာမရဘူး၊ သူတို့လည်း ကျွန်တော်တို့အရွယ် ပျင်းခဲ့ကြတယ်မဟုတ်လား။”
“ပိုက်ဆံစုကြ၊ မဖြုန်းကြနဲ့၊ သူတို့လဲ…………
အရက်မသောက်နဲ့..၊ ဆေးလိပ်မသောက်နဲ့…..၊ သူတို့ကျတော့ သောက်ပြီး တရားလာဟောတယ်၊ ရယ်စရာကောင်းလိုက်တာ…”
အဲသလို လူကြီးတွေစကားကို မယုံကြည်သူတွေအတွက် အထက်ကပုံပြင်လေးက သင်္ခန်းစာပေးနေသလိုပဲနော်…။
ကဲ ကျွန်ုပ်တို့လူငယ်တွေ “ဘယ်လမ်းရွေးကြမလဲ လူကြီးတွေစကား ယုံကြည်မလား၊ ဒါမှမဟုတ် တွင်းထဲ ခုန်ချပြီး သူတို့လိုပဲ ဘ၀ကိုအဆုံးအရှုံးခံကြမလား…”အဲဒါ စဉ်းစားကြရအောင်ဗျာ။
(၀န်ခံချက်။ ။ စာရေးဆရာ ဦးဘုန်း(ဓာတု)၏ တွင်း စာအုပ်မှ ခံစားတင်ပြပါသည်။)
