မြန်မာနိုင်ငံရဲ့ သာသနာ့သမိုင်းကို ပြန်လှန်ပြီးကြည့်မယ်ဆိုရင် မပါမဖြစ်တဲ့ မထေရ်တစ်ပါးရှိပါတယ်။ ဘွဲ့တော်က အရှင်ပုဏ္ဏ…တဲ့။
အခုဒီမှာ တင်ပြချင်တာက သမိုင်းမဟုတ်ပါဘူး၊ အရှင်မြတ်ကြီးရဲ့ ကြည်ညိုစရာ သည်ခံတော်မူပုံကိုပါ။
အရှင်ပုဏ္ဏဟာ သုနာပရန္တတိုင်း၊ ၀ါဏိဇ္ဇဂါမဇနပုဒ်မှာ နေပါမည့်အကြောင်း မြတ်ဗုဒ္ဓထံ လျှောက်ထားတဲ့အခါ---
မြတ်ဗုဒ္ဓက ပုဏ္ဏ သုနာပရန္တဇနပုဒ်က လူတွေဟာ ကြမ်းတမ်း ခက်ထန်ကြတယ်၊ အဲဒီလူတွေက သင့်ကို ဆဲဆိုကျိန်းမောင်းကြရင် သင် ဘယ်လိုဖြစ်မလဲ။
မြတ်စွာဘုရား..အဲဒီလူတွေက တပည့်တော်ကို ဆဲဆိုကျိန်းမောင်းကြရင်-ငါ့ကို လက်နဲ့ မရိုက်ပုတ်ကြတဲ့ သုနာပရန္တတိုင်းသားတွေဟာ ကောင်းကြပေတယ် တော်ကြပေတယ်လို့ နှလုံးသွင်းနေပါမယ်ဘုရား…။
လက်နဲ့ရိုက်ရင်ကော ဘယ်လိုဖြစ်မလဲ။
ခဲနဲ့ မပေါက်သေးလို့ တော်ကြပေတယ်လို့ နှလုံးသွင်းနေပါမယ့်ဘုရား။
ခဲနဲ့ပေါက်ရင် ဘယ်လိုဖြစ်မလဲ။
တုတ်နဲ့ မရိုက်သေးလို့ တော်ကြပေတယ်လို့ နှလုံးသွင်းနေပါမယ့်ဘုရား။
ကဲ..တုတ်နဲ့ရိုက်ကြရင်ကော ဘယ်လိုဖြစ်မလဲ ပုဏ္ဏ။
မှန်လှပါ..ဓားနဲ့ မထိုးမခုတ်ကြသေးလို့ တော်ကြပေတယ်လို့ နှလုံးသွင်းနေပါမယ့်ဘုရား။
တကယ်လို့ ဓားနဲ့ ထိုးခုတ်ကြရင်ကော ပုဏ္ဏ။
ဓားနဲ့သာထိုးကြခုတ်ကြတယ်။ ဓားထက်ထက်နဲ့ သေအောင် မသတ်ကြလို့ တော်ကြပေတယ်လို့ နှလုံးသွင်းနေပါမယ့်ဘုရား။
သေအောင်ခုတ်ကြရင်ကောကွယ်..ဘယ်လိုဖြစ်မလဲ ပုဏ္ဏ။
ဗုဒ္ဓရဲ့သာဝကတွေဟာ ကိုယ်နဲ့အသက်ကို စက်ဆုတ်ရွံရှာကြပါတယ်။ သေချင်သူတွေဟာ သေစေတတ်တဲ့ လက်နက်ကို ရှာကြရပေမယ့် ငါ့မှာ သူတို့လို လက်နက်မရှာရဘဲ ရရှိပေတယ်-လို့ နှလုံးသွင်းပါမယ့် အရှင်ဘုရား။
အဲဒီလိုလျှောက်ထားလိုက်တော့ ဗုဒ္ဓမြတ်စွာက “သာဓု သာဓု ပုဏ္ဏ သင်ဟာ ဒီလို သည်းခံမှုနှင့် ပြည့်စုံရင် သုနာပရန္တတိုင်းမှာ နေလို့ ဖြစ်နိုင်ပါတယ်”-လို့ မိန့်တော်မူလိုက်သတဲ့။
ဒီလိုလျှောက်ထားတဲ့အချိန် အရှင်ပုဏ္ဏဟာ ရဟန္တာမဖြစ်သေးပါဘူး၊ ပုထုဇဉ်သာရှိပါသေးတယ်။ နောက်တော့ ရဟန္တာဖြစ်တော်မူသွားပါတယ်။
ဘယ်လောက်ချီးကျူး ဂုဏ်ယူစရာကောင်းတဲ့ နှလုံးသွင်းလဲ။ အဆိုးမြင်ဝါဒီကို ဆန့်ကျင်ပြီး အကောင်းမြင်တော်မူခဲ့တာကိုလဲ အတုယူစရာပါပဲ။
သည်းခံမှုရှိရင် ဘယ်နေရာမဆို ဘယ်ပုဂ္ဂိုလ်နဲ့ မဆို အဆင်ပြေနေတာပါပဲ၊ သည်းခံမှုမရှိရင်တော့ ဆန်ကျင်ဘက်ပေါ့။
လောကသဘာဝက အားရှိသူက နိုင်သူဖြစ်ပြီး၊ အားမဲ့သူသည် ရှုံးသူတွေဖြစ်နေကြတယ်လေ။ (နိစ္စံ ခမတိ ဒုဗ္ဗလော-အားနည်းသူဟာ သည်းခံရစမြဲပါ)လို့ ကျမ်းဂန်တွေမှာ ဆိုတယ်မဟုတ်လား။ အာဏာရှိသူတဲ့ အာဏာမဲ့သူ၊ ပစ္စည်းရှိသူနဲ့ ပစ္စည်းမဲ့သူ၊ လက်နက်ရှိသူတွေနဲ့ လက်နက်မဲ့သူတွေကို စဉ်းစားကြည့်ရင် ရှိသူက အနိုင်၊ မဲ့သူက အရှုံးဆိုတာ ပြောစရာမလိုပါဘူး။
တကယ်တော့ အားရှိသူက အားမဲ့သူတွေအပေါ်မှာ ခန္တီတရား မွေးမြူနိုင်မှ (ကြီးနိုင်၊ ငယ်ညှင်း)ဆိုတဲ့ နိုင်ရာစား ၀ါဒတွေ ကမ္ဘာလောကကြီးက မှေးမှိန်ပျောက်ကွယ်သွားဖြစ်လို့ အားရှိသူတွေက အားမဲ့သူတွေကို သည်းခံကျေနပ်ကြဖို့ လိုအပ်လှပါတယ်။
အားရှိသူ အားရှိသူအချင်းချင်း၊ အားမဲ့သူအချင်းချင်း ဆက်ဆံတဲ့အခါတွေမှာလဲ အဆင်မပြေမှုများ ဖြစ်လာလို့ရှိရင် သည်းခံခြင်း(ခန္တီ)တရားကို မွေးမြူဖို့ နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ ကိုယ့်အမှားကို သူသည်းခံ သူ့အမှားကို ကိုယ်သည်းခံမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် လောကကြီး ဘယ်လောက်ငြိမ်းချမ်းလေမလဲ။
အဲ-သူလဲ ခက်ထန် ကိုယ်လဲခက်ထန် မာန်မာန ဒေါသ အာဃာတတွေ မလျှော့ရင်တော့ ငြိမ်းချမ်းရေးတွေ ဘယ်လို ဆွေးနွေးပေမယ့် ငြိမ်းချမ်းနိုင်ပါ့မလား။ သူကခက်ထန်ပေမယ့် ကိုယ်က သည်းခံလိုက်ဖို့ပါ။ နှစ်ဦးနှစ်ဖက် ပြေလည်ကျေနပ် သည်းခံလိုက်ကြရင်တော့ ပြောစရာမလိုတော့ဘူးပေါ့။
တပါးသူရဲ့ ကောင်းကွက်ကိုသာ မြင်အောင်ကြည့်ပြီး နာစရာလေးတွေကို လွမ်းစရာလေးတွေနဲ့ ဖြေသိမ့်တတ်ဖို့နဲ့ ခန္တီနှလုံးသား မွေးဖွားတတ်ဖို့ မြန်မာပြည်ရဲ့ သာသနာ့မီးရှူးတန်ဆောင်ဖြစ်တဲ့ အရှင်ပုဏ္ဏမထေရ်က လမ်းပြသွားခဲ့ပြီမဟုတ်လား။
မခံချိ မခံသာ အခြေအနေလေးတွေ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ အရှင်ပုဏ္ဏရဲ့ စိတ်ထားကလေးကို သတိရလိုက်ကြပါစို့…..။
