Monday, May 21, 2012

ပုဂံရာဇ၀င်ထဲက ဗုဒ္ဓါနုဿတိအကျိုး


သာသနာတော်နှစ် ၁၇၉၉-ခုနှစ်မြောက်တွင် ပုဂံပြည်မှာ မင်းပြုတဲ့ နရသီဟပတေ့မင်းရဲ့ မိဖုရား စောလုံဟာ ရုပ်ရည်အသွင်အပြင်ကောင်းမွန်ပြည့်စုံတဲ့အတွက် မိဖုရားတွေထဲမှာ ဘုရင်က အမြတ်နိုးဆုံး မိဖုရားတစ်ဦးဖြစ်ပါတယ်။

တစ်နေ့မှာတော့ မိဖုရားစောလုံက မင်းကြီးရဲ့ စားတော်ပွဲထဲမှာ အဆိပ်ခတ်ထည့်လိုက်ပါသတဲ့။
မင်းကြီးသိလို့ စစ်မေးတဲ့အခါ- ဟယ်…ပန်းပွတ်သည်ရဲ့ မြေး၊ နွေအခါ ရေပက်ကစားစဉ်က အများရှေ့မှာ တစ်ကိုယ်လုံး စိုရွှဲအောင် ရေပက်စေပြီး အရှက်ခွဲတဲ့အတွက်ကြောင့် မကျေနပ်လို့ အသက်ကို လုပ်ကြံပါတယ်-လို့ ခပ်ပြတ်ပြတ် ခပ်မာမာ သံတော်ဦးတင်လိုက်ပါသတဲ့။
မင်းတို့မျက်စောင်း အကြောင်းမရွေးတတ်တဲ့ အတိုင်း နရသီဟပတေ့ဘုရင်လည်း ဘာမှစဉ်းစားမနေပဲ ပန်းပဲသမားတွေခေါ်ပြီး သံကျပ်စဉ်လုပ်စေကာ “မီးရဲရဲ ငြိသော ကျပ်စင်ပေါ်တင်၍ သတ်စေ” လို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။

မိဖုရားစောလုံလဲ ပန်းပဲသမားများကို ရွှေငွေများပေးပြီး ကျပ်စင်ကို ၇ရက်ကြာအောင် လုပ်စေရပါတော့တယ်။
သူရရှိတဲ့ ၇-ရက်အချိန်ကလေးမှာ သီတင်းသီလဆောက်တည်၊ အဘိဓမ္မာတရားတော်များ နာ၊ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော်များကို ရွတ်ဖတ် အာရုံပြုပြီး နေ့ညမပြတ် ထုံးမွမ်းပြီး အချိန်ကုန်စေသတဲ့။
၇-ရက်စေ့လို့ သံကျပ်စင်ပြီးတဲ့အခါ မိဖုရားစောလုံဟာ ဂုဏ်တော်ကို အောက်မေ့ပြီး ပုတီးကိုလက်စွဲ သံကျင်ပေါ်သို့ မကြောက်မရွံ့ ရဲရဲကြီး တက်သွားပါတော့တယ်။
စောလုံမိဖုရား သံကျပ်စင်ပေါ်တက်လိုက်တယ်ဆိုရင်ပဲ ရဲရဲတောက်နေတဲ့ သံကျပ်စင်မီးများဟာ အလွန်အေးမြ မွှေးကြိုင်လှတဲ့ ဂေါသီတစန္ဒကူးကို ထည့်လိုက်သလို တစ်ခါတည်း အံ့သြဖွယ် ငြိမ်းသွားပါတယ်။
ဒီလိုနည်းအတိုင်း ရတနာသုံးပါးဂုဏ်တော်များကို ထုံမွှမ်းအာရုံပြုပြီးတက်လိုက်ရာ သုံးကြိမ်တိုင်တိုင် ထပ်ကာထပ်ကာ မီးငြိမ်းသွားပါသတဲ့။
နောက်ဆုံးတော့ ၀ဋ်ကြွေးကို ဒီဘ၀မှာတွင်သာ ဆပ်လိုသည့် စောလုံက အဓိဋ္ဌာန်လိုက်ပါသတဲ့။
“ချမ်းသာခွင့် ရမည်မဟုတ်ပါလျှင် တစ်ခဏချင်း လောင်ကျွမ်းစေသတည်း”လို့ အဓိဋ္ဌာန်ပြီး စိတ်ကို လျှော့ချလိုက်မှ ချက်ချင်းလောင်းကျွမ်းသွားပါသတဲ့။
ဒါကတော့ ပုဂံရာဇ၀င်ထဲက အဖြစ်အပျက်တစ်ခုပါ။
ဗုဒ္ဓါနုဿတိကို ပွားများသူရဲ့စိတ်ဟာ လိုတရနိုင်ပါတယ်လို့ သုဘူတိအပဒါန်မှာ မိန့်တော်မူပါတယ်။ ဘာဝနာတရားတွေထဲမှာ အမြင့်ဆုံး အသာဆုံး အမြတ်ဆုံး ဘာဝနာဖြစ်တယ်လို့လည်း မိန့်တော်မူပါတယ်။

ဒီနေရာမှာ မင်းကွန်းဆရာတော်ဘုရားကြီး မိန့်တော်မူတဲ့ ဗုဒ္ဓါနုဿတိဘာဝနာပွားပုံလင်္ကာလေးကို တင်ပြပေးလိုက်ပါတယ်။

(ဆောင်) ငါ၏စိတ်တွင်၊ လောဘ၀င်က၊ ၀င်လာလောဘ၊ အနိုင်ရအောင်၊ လောဘကင်းစင်၊ ဘုရားရှင်ကို ငါလျှင်ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင်၊ ဒေါဝင်က၊ ၀င်လာဒေါသ၊ အနိုင်ရအောင်၊ ဒေါသကင်းစင်၊ ဘုရားရှင်ကို ငါလျှင်ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင်၊ မောဟ၀င်က၊ ၀င်လာမောဟ၊ အနိုင်ရအောင်၊ မောဟကင်းစင်၊ ဘုရားရှင်ကို ငါလျှင်ကြည်ညိုမိပါ၏။

ငါ၏စိတ်တွင်၊ မာန၀င်က၊ ၀င်လာမာန၊ အနိုင်ရအောင်၊ မာနကင်းစင်၊ ဘုရားရှင်ကို ငါလျှင်ကြည်ညိုမိပါ၏။ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ)

မကောင်းတဲ့စိတ်တွေ ဘယ်စိတ်ဝင်ဝင် ၀င်လာသမျှမကောင်းစိတ်တွေ ဘုရားရှင်မှာ ကင်းစင်တော်မူတာကို အာရုံပြုပြီး ဘုရားရှင်ကို ကြည်ညိုသတိရကြပြီး လိုတရနှလုံးသား ပိုင်ရှင်များဖြစ်အောင်ဖို့ ကြိုးစားလိုက်ကြပါစို့………
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ