မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါ၊
နိမ့်သူတွေထဲမှာ မြင့်သူဖြစ်ပါ။
မနေသူတွေထဲမှာ နေပါ၊
ပျော်သူတွေထဲမှာ မပျော်ပါနဲ့။(ထေရ၊ဋ္ဌ၊၁၊၂၁၃။)-တဲ့
ဒီစကား (၄)ခွန်းကို အရှင်ပိယဉ္ဇဟမထေရ်က မိန့်တော်မူခဲ့တာပါ။
(၁) မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါ တဲ့။
လောကထဲမှာ ဘ၀င်မြင့်နေသူ မာနကြီးနေတွေရှိပါတယ်၊ အဲဒီသူတွေထဲမှာ ဘ၀င်မမြင့်ပဲ၊ မာနမကြီးပဲ နေပါလို့ဆိုလိုတာပါ။
ရုပ်ရည်ကြောင့်ဖြစ်စေ၊ ပညာကြောင့်ဖြစ်စေ၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ အရေးတွေကြောင့် ဘ၀င်မြင့် မာနကြီး စိတ်ကြီးဝင်သူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲလေ၊ အဲဒီအထဲမှာ ဘ၀င်မမြင့် မာနမကြီးပဲ နိမ့်သူအဖြစ် ကိုယ့်ဘ၀ကို ကျေနပ်လိုက်စမ်းပါ။ မာနဆိုတဲ့အတိုင်း မာပြီးနသွားတာလေ။ ဘ၀င်မြင့်တယ်ဆိုတာလဲ နှလုံးသားကိုလေပင့်လို့ မြင့်တက်သွားတဲ့ ပူပေါင်းတစ်မျိုးပါဘဲ ပါးလျပ်ပြီး အထဲမှာလေတွေပဲရှိနေတယ်။ အဲ…ဒါပေမယ့် တကယ်ချွန်တဲ့သူနဲ့တွေ့ရော ပေါက်ကွဲတတ်ပြီး ဘာမှမဟုတ်ဘူးဖြစ်သွားတတ်တယ်။
၂။ နိမ့်သူတွေထဲမှာ မြင့်သူဖြစ်ပါ-တဲ့။
နှလုံးသွင်း(စိတ်ဓာတ်)ညံ့ဖျင်းတဲ့အတွက် ပျင်းနေလို့ ဂုဏ်တွေ နိမ့်ကျသူတွေအထဲမှာ နှလုံးသွင်း(စိတ်ဓာတ်)မွန်မြတ်မှန်ကန်မှု ကြိုးစားအားထုတ်မှုတွေနဲ့ ဂုဏ်တွေ မြင့်တက်သူဖြစ်အောင် ကြိုးစားလိုက်စမ်းပါလို့ အရှင်ပိယဉ္ဇဟကမထေရ်က ဆိုလိုတာပါ။
စိတ်ဓာတ်တွေညံ့ဖျင်းနေရင် ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ရှိတဲ့ဥစ္စာ တတ်တဲ့ပညာ ကြီးကျယ်တဲ့ ရာထူးအာနာပါဝါတွေကို ခုတုံးလုပ်ပြီး အတ္တအဆိပ်တွေနဲ့ လူတွေကို ဒုက္ခပေးတတ်တယ်။ အဲသည်လိုလုပ်ရင်းနဲ့ သူဂုဏ်ကို သူတူးဖြိုမိမှန်းမသိ တူးဖြိုပြီး နိမ့်ကျသွားတော့မှာ နောက်ဆုံး အပါယ်လားတဲ့အထိပေါ့။ အဲဒီလိုလူတွေထဲမှာ စိတ်ဓာတ်မွန်မြတ်သူဖြစ်အောင် ကြိုးစားဖို့ပါ၊ မွန်မြတ်တဲ့စိတ်ဓာတ်ရှိမှ လိုနေသူတွေကို ဖြည့်ပေးချင်မယ်၊ နိမ့်နေသူတွေကို မြှင့်ပေးချင်မယ်၊ သိမ်ငယ်သူတွေကို ညှာတာနိုင်မယ်။ အကောင်းတွေအားလုံးကို ပြုလုပ်နိုင်မယ်လေ…။ ဒါကြောင့် နိမ့်နေသူတွေထဲ မြင့်လိုက်ပါ။
၃။ မနေသူတွေထဲမှာ နေပါ။
အကျင့်မြတ်နဲ့နေနည်း အရိယတို့ရဲ့ နေနည်းတွေနဲ့ မနေသူတွေထဲမှာ အကျင့်မြတ်နဲ့နေသူ၊ အရိယာတို့နေနည်းနဲ့နေသူ ဖြစ်အောင်ကြိုးစားပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်။
လောကမှာ အကျင့်မြတ်နဲ့နေသူတွေထက် အကျင့်မြတ်နဲ့မနေသူတွေက ပိုများပါတယ်၊ သူများမပြောပါနဲ့ ကိုယ့်စိတ်ကို ကိုယ်ပဲဝေဖန်ကြည့်ပါ၊ ငါ ဘယ်စိတ်နဲ့နေတာပိုများသလဲလို့ပေါ့။ အကျင့်မြတ်စိတ်နဲ့နေတဲ့အချိန်၊ အရိယာတွေနေနည်းနဲ့ နေတဲ့အချိန်ရယ်၊ အဲဒီနည်းတွေနဲ့ မနေတဲ့အချိန် ဘယ်ဟာက ပိုများမလဲ ချိန်စရာမလိုဘူးထင်ပါတယ်။ အကျင့်မြတ်နဲ့မနေသူတွေထဲမှာ နေနိုင်သူဖြစ်အောင် ကြိုးစားဖို့ အရှင်မြတ်ကြီးက မိန့်တော်မူနေတာပါဗျာ။
၎။ ပျော်သူတွေထဲမှာ မပျော်ပါနဲ့။
ကာမဂုဏ်အပျော် ကိလေသာအပျော်တွေနဲ့ ပျော်နေသူတွေထဲမှာ သူတို့လို မပျော်မိအောင် ကြိုးစားအားထုတ်ဖို့ကို အရှင်မြတ်က မိန့်တော်မူလိုရင်းပါ။
ဟုတ်တယ်။ ကိုယ်အပါအ၀င် အတော်များများ ပျော်နေတာက ကာမဂုဏ်ထဲမှာ၊ နေ့စဉ် စားဝတ်နေရေးဆိုတဲ့ အရေးသုံးရေးမှာ အစားကာမဂုဏ်၊ အ၀တ်ကာမဂုဏ်၊ နေထိုင်ရေးကာမဂုဏ်တွေမှာ ပျော်နေတာ စဉ်းစားကြည့်။ သြော်…ဒါနဲ့စကားစပ်လို့ အကောင်းတွေသုံးတိုင်း ကာမဂုဏ်မှာပျော်နေတာလို့မယူဆပါနဲ့။ ဒါကြောင့် ပညာရှိတွေက သုံးတာသုံးပါ မစွဲပါနဲ့လို့ သတိပေးကြတာပေါ့။ ကိုယ့်ပြုခဲ့တဲ့ ကာမာဝစရကုသိုလ်ကံ အကျိုးပေးကြောင့် ရရှိလာတဲ့ အာရုံကောင်းတွေကို သုံးရမှာပေါ့လေ၊ သို့သော် မစွဲကြလေနဲ့လို့ တိုက်တွန်းတော်မူကြတာပါ။
ဟုတ်တယ် ကာမဂုဏ်ဆိုတာကလဲ ကာမ..ကုန် မကာလျှင်..မကုန်လို့ ရွှေကျင်ဆရာတော်ဘုရားမိန့်တော်မူဘူးသလို့ ကာနိုင်မှ ကုန်တဲ့အမျိုးလေ။ ဒါကြောင့် ကာမဂုဏ်အပျော်မျိုးမှာ မပျော်မိအောင် တံတိုင်းတွေ အထပ်ထပ်နဲ့ ကာရံထားကြဖို့လိုတာပေါ့လေ။
ကာမဂုဏ်ပျော်တွေဆိုတာ အပူပျော်တွေပါ၊ အဲဒီအပူပျော်တွေနဲ့မပျော်ပဲ သမထ၀ိပဿနာနဲ့ပျော်သူ၊ ဈာန်မဂ်ဖိုလ်တွေနဲ့ပျော်သူတွေက အအေးပျော်လို့ဆိုရမှာပေါ့။ ဒါကြောင့် အအေးပျော်နဲ့ပျော်နိုင်အောင် ပျော်သူတွေထဲမှာ မပျော်မှ အအေးပျော်နဲ့ပျော်နိုင်မှာဖြစ်ပါတယ်။
(အမှားပါခွင့်လွတ် လိုအပ်လျှင်ဖြည့်စွက်ပါရန် မေတ္တာရပ်ပါသည်။)
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ…။
