Monday, May 21, 2012

သတ္တ၀ါချင်း စာနာစိတ်ထားသူ



“ကျွန်တော်ဟာ မွေးဖွားချိန်က စပြီး သူ့တစ်ပါးအသက်ကို သေစေလိုတဲ့စိတ်နဲ့ သတ်ဖူးတယ်ဆိုတာကို မသိပါ” ဤမှန်သော သစ္စာစကားကြောင့် အမေ့ရောဂါပျောက်ကင်းပါစေ”


ဒီသစ္စာဟာ သီဟုဠ်က စက္ကန ခေါ်တဲ့ ဥပါသကာ တစ်ယောက်ဆိုတဲ့ သစ္စာစကားပါ။


သီဟိုဠ်(ယခုသီရိလင်္ကာ)မှာ စက္ကန ဆိုတဲ့ဥပါသကာတစ်ယောက်ရှိခဲ့ဖူးပါတယ်။ စက္ကန ငယ်ရွယ်စဉ်ကပဲ သူ့ရဲ့မိခင်မှာ ရောဂါစွဲကပ်နေပါသတဲ့။ သမားတော်က လတ်ဆတ်တဲ့ ယုံသားကို ရချင်ကြောင်းပြောပါတယ်။


ဒီတော့ စက္ကနရဲ့ အစ်ကိုက ငါ့ညီ..လယ်ကို လှည့်ပြီး ယုံသားရှာဖွေဖို့သွားပါ လို့ ခိုင်းလိုက်ပါတယ်။ စက္ကနဟာ မွေးစကနေ အသက်သတ်ဖူးသူ မဟုတ်ပေမယ့် ကျေးဇူးရှင် အမေ့အတွက်ဆိုတော့ အစ်ကိုရဲ့စကားကို နာခံလိုက်ပါတယ်။


စက္ကနဟာ ယုံသားရှာဖို့ လယ်တောရောက်သွားတဲ့အခါ ယုံတစ်ကောင်က စပါးနုနုလေးတွေကို စားဖို့ လာပါတယ်။ ယုံက စက္ကကို တွေ့လိုက်တော့ ကြောက်အားလန့်အားနဲ့ အဟုတ်ပြင်းပြင်းနဲ့ ပြေးသွားလိုက်တဲ့အခါ နွယ်တစ်ခုမှာ အဲဒီယုံကလေး ငြိမိနေပါတော့တယ်။ ယုံက ကြောက်လန့်လို့ ကိရိ ကိရိ လို့ အော်နေပါတယ်။


စက္ကနဟာ အသံကိုကြားလို့ သွားကြည့်တော့ ယုံကိုတွေ့လို့ အသာအယာပဲ ဖမ်းလိုက်ပါတယ်။ ဖမ်းပြီး ၀မ်းသာအားရနဲ့ အမေ့အတွက် ဆေးကုမယ် ဆိုပြီးတွေးနေရင်း နောက်ထပ်အတွေးတစ်ခု ၀င်လာပြန်တယ်။


“ဒီလိုလုပ်တာ ဘယ်ကောင်းမလည်း ငါ့အမေရဲ့ အသက်တစ်ချောင်းအတွက် သူရဲ့အသက်ကို သတ်ရမယ်ဆို ဘယ်ကောင်းမလဲ”လို့ တွေးမိပြန်သတဲ့။


နောက်တော့ အဲဒီအတွေးကြောင့်ပဲ ယုံလေးကို “ကဲ..ဘေးလွတ်ရာကို သွားပါတော့ ယုံကလေး၊ တောထဲမှာ တခြားယုံတွေနဲ့အတူ မျက်တွေ ရေတွေ စားသောက်ချေပါတော့” လို့ပြောပြီး လွတ်လိုက်ပါတော့တယ်။


အိမ်ရောက်တော့ အစ်ကိုက “ညီလေး ယုံရခဲ့လား” လို့မေးတော့တာပေါ့။့ အကြောင်းစုံကို စက္ကနက ရှင်းပြလိုက်တော့ အစ်ကိုကြီးရဲ့ ဆဲဆိုကြိမ်းမောင်းမှုကို စက္ကန ခံရရှာပါတယ်။


စက္ကနက အမေ့ဆီသွားပြီး အထက်ဆုံးမှာ ဖော်ပြခဲ့တဲ့ သစ္စာကို ဆိုလိုက်တော့ သူ့အမေဟာ သစ္စာဆိုပြီးတာနဲ့ ချက်ချင်း ရောဂါပျောက်သွားပါတယ်။


တစ်ချို့က ကိုယ့်သားသမီးအတွက်၊ ကိုယ့်ဇနီးခင်ပွန်းအတွက် လိမ်ညာနေကြတယ်။ ကောက်ကျစ်နေကြတယ်။ ခိုးဝှက်နေကြတယ်။ သူအသက်တစ်ချောင်းသတ်ဖို့ ၀န်မလေးကြဘူး။ သူတစ်ပါးကို ဆဲဖို့ ဆိုဖို့ ငေါက်ငမ်းဖို့ အလွယ်လေး။ ကိုယ့်ရဲ့အတွက် ကိုယ့်မိသားစုတွေအတွက်ဆို ဘယ်လိုမကောင်းမှုမျိုးပဲမဆို လုပ်တတ်ကြတယ်။ အဲဒီလို လောကထဲမှာ စက္ကနကတော့ ပြောင်းပြန်ပဲ။ သိပ်ကြည်ညိုဖို့ကောင်းလိုက်တာ။ အတုယူဖို့ကောင်းလိုက်တာ။ ကဲ စာဖတ်ပရိတ်သတ်ကော စက္ကနကို အားမကျဘူးလား။


အမေ့အတွက်အသက်ကယ်ဆေးဖြစ်ပေမယ့် တစ်စုံတစ်ယောက် အသက်ကို ညှာတာတတ်တဲ့နှလုံးသား ဘယ်လောက်လှသလဲ။ အမေ့အသက်အတွက်ကြောင့် သီလအပျက်မခံ။ အစ်ကိုရဲ့ အပြစ်တင်ဝေဖန်မှုကို ခံယူပြီး စွန့်လွတ်ရဲတဲ့သတ္တိ။ နောက်သူရဲ့ အစွမ်းထက်လှတဲ့သစ္စာ။ ဘယ်လောက်လေးစားအတူယူဖို့ ကောင်းသလဲနော်…။


ဒီအကြောင်းအရာကို အဋ္ဌသာလိနီအဋ္ဌကထာ (၁၄၆)မှ တင်ပြဝေငှပါသည်။


အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ