Tuesday, May 22, 2012

မဟာဂန္ဓာရုံဆရာတော် ရေးသားတော်မူသည့် ဘာသာသွေး(၁)

ဘာသာသွေး


၁။ ပါရမီဖြည့်၍ ထီးနန်းစံတော်မူခန်း

ဘာသာအစ ပါရမီက

သာသနာသွေး ဘာသာသွေးကို စဉ်းစားလျှင် ဘုရားရှင်ကို တွေ့ရမည်၊ ဘုရားရှင်ကို စဉ်းစားပြန်လျှင် ဘုရားအလောင်းတော်၏ ဘဝပေါင်းများစွာက ပါရမီဖြည့်ခဲ့ပုံကို တွေ့ရမည်၊ ထို့ကြောင့် ဘာသာသွေးအစသည် ပါရမီကဟု ဆိုထိုက်ပါသည်၊ ပါရမီ-ဟူသော စကားသည် ပါဠိစကားတည်း၊ မြန်မာလို (မြင့်မြတ်သူတို့၏ အလုပ်)ဟု ဆိုလို၏၊

ဒါနကို ပြုပြု သီလကို စောင့်စောင့် ဘာဝနာကို ပွားပွား ပတ်ဝန်းကျင်က အထင်ကြိးအောင် ဂုဏ်ပကာသန ကို ရှေ့ထား၍ လောကတ္ထစရိယ-လူအများချမ်းသာအောင် ပြုကျင့်မှု၊ ဗုဒ္ဓိအတ္ထစရိယ-မိမိစိတ်ဖြူစင်အောင် ဉာဏ်ပညာရင့် လာအောင် ဒါနပြုမှု၊ သီလစောင့်မှု၊ မေတ္တာစသောဘာဝနာ ပွားမှု ဤအမှုတို့ကို ပါရမီ(မြင့်မြတ်သူတို့၏ အလုပ်)ဟု ဆိုသည်၊ ထိုမြင့်မြတ်သူတို့၏ အလုပ်(ပါရမီ)ကို စဉ်းစားလျှင် မိမိတို့၏ ဒါန၊ သီလ၊ ဘာဝနာ အမှုများ၌ ထိုပါရမီဖြစ် /မဖြစ်ကို သိနိုင်ပြီ၊ 

ပါရမီမဟုတ်သော ဒါန သီလ ဘာဝနာအလုပ်ဟူသမျှကား (နိဗ္ဗာန် တိုင်အောင် သံသရာမှ ကျွတ်လွတ်ရေးကို မမျှော်တွေးနိုင်သောကြောင့်) အမျှော်အမြင် သေးနုပ်သူတို့၏ အလုပ်သာဖြစ်သည်။


ဝေဿန္တရာဘဝ

အများသိပြီးဖြစ်သော ဝေသန္တရာမင်းဘဝကို စဉ်းစားကြစို့၊  (၄)နှစ်သားအရွယ် လူမမယ်ဘဝ၌ပင်  ဆင်ထားသော တန်ဆာများကို အထိန်း တော်တို့အား ချွတ်၍ပေး၏၊ (ဂ)နှစ်သားအရွယ်၌ မျက်စိမှစ၍ နှလုံးသားတိုင်အောင် ကိုယ်အင်္ဂါများကို ပေးလိုသော ဆန္ဒဖြစ်၏၊ (၁၆)နှစ်အရွယ် ရောက်သောအခါမဒ္ဒီမင်းသမီးနှင့်အတူ မင်းအဖြစ်ကို ခံယူပြီးနောက် မြို့တံခါးလေးပေါက်၊ မြို့အလယ်နှင့် နန်းတော်တံခါးအနီးဝယ် အလှူရုံကြီး ခြောက်ရုံဆောက်လုပ်၍ ဆင်းရဲ သူအများ စားကြ သောက်ကြဖို့ရန် နေ့စဉ် (၆)သိန်းကုန် အလှူကြီးကို ပေးလှူ၏၊

 နောက်ဆုံး၌ မိုးခေါင်သော ကာလိင်္ဂတိုင်းသူ ပြည်သားတို့သည် ဆင်ဖြူတော်ရောက်ရာ၌ မိုးကောင်း၏ဟု အယူရှိ၍ ပုဏ္ဏား တို့အား ဆင်ဖြူတော်ကို လှူလိုက်၏၊ နေ့စဉ်ဒါနနှင့် ဆင်ဖြူတော် လှူသော အခါဖြစ်သော စေတနာ စိတ်ဆန္ဒတို့သည် ဆင်းရဲသူ ဆင်ရဲ သားတို့ စားကြသောက်ကြနှင့် ချမ်းသာသုခရစေလို ကလိင်္ဂတိုင်းသူ ပြည်သား လူအများတို့ချမ်းသာစေလိုသော ဆန္ဒပင်မဟုတ်ပါလော။

ပါရမီဖြစ်ဖို့ သတိထားဖွယ်

ဤသို့ ဝေဿန္တရာမင်၏စေတနာဆန္ဒနှင့် အလားတူစွာဆင်း ရဲသူ များကို ချမ်းသာစေလိုသောဆန္ဒဖြင့်လည်းကောင်း၊ သာသနာ တွင်းဖြစ်လျှင် သာသနာတော်ထွန်းကား၍ လူအများ တရားသိစေ လိုသော ဆန္ဒဖြင့်လည်းကောင်း၊ မိမိတို့စိတ်၌ နှမြောဝန်တိုတတ်သော မစ္ဆေရ အညစ်အကြေးမှ ကင်းဝေး၍ စိတ်စင်ကြယ်လိုသော ဆန္ဒဖြင့် လည်းကောင်း၊ လောကကို ငြီးငွေ့၍ သံသရာမှ လွတ်မြောက်လျက် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ဆန္ဒဖြင့်လည်းကောင်း၊ စွန်းကြဲ ပေးကမ်း လှူဒါန်းမှသာ ပါရမီဒါနဖြစ်နိုင်သည်ဟု မှတ်သား၍ ယခုခေတ် ဒါနရှင်များသည် စွန့်ကြဲပေကမ်း လှူဒါန်း ရာ၌ မိမိစိတ်ထား ကို တရားနှင့် ညီ/မညီ၊ ဒါနပါရမီ ဖြစ်/မဖြစ်ကို စိစစ်ထိုက်၊ စဉ်းစား ထိုက်ကြပေသည်၊ ဒါနပါရမီ မဖြစ်ဘဲ  

ဂုဏ်ပကာသနနှင့် ထိုဒါနမှ အစားရမည့် လောကီအကျိုးကို မျှော်ကိုးနေပါမူကား လောဘစော ခြံရံနေမည် ဖြစ်သောကြောင့် နောင်သံသရာအကျိုး လုံးလုံးမရဘဲ လည်း ရှိပေလိမ့်မည်၊ အကျိုးရပြန်လျှင်လည်း အနည်းအပါး လေကြိစည်းစိမ် အကျိုးမျှသာဖြစ်၍  သာသနာတော်ခေတ်ကောင်းနှင့် တွေ့ကြုံရကျိုး မနပ်ဘဲ ပတ္တမြား ထွက်သောတောင်ကို တွေ့ပါလျှက် ထိုတောင်မှ အညံ့စား ကျောက်ကလေးများကို ရရုံမျှဖြင့် အားရ ကျေနပ်သူ လူဖျင်း လူအကဲသို့သာ ဖြစ်ကြပေလိမ့်မည်။

ပါရမီပြည့်မှ ဘုရားဖြစ်

ဘုရားအလောင်းတော်သည် ဒါန သီလ စသောကောင်းမှု ဆယ်လီကို ပါရမီစစ်စစ်ဖြစ်အောင် ဖြည့်ကျင်ရာ၌ တချို့ပါရမီကို အသက်စွန့်၍ ဖြည့်ကျင့်တော်မူခဲ့ရ ၏၊ ယခုခေတ် ဒါနရှင်ဆိုသူ များသည်  အလှူဒါန၌ ရက်ရက်ရောရော ရှိပါပေ၏ ဟု ချီးမွမ်းခံရ သော်လည်း သားသ္မီးနှင့်ဇနီးကို လှူသောဒါန မိမိအသက်ကို သူတစ်ပါးစားဖို့ စွန့်လှူသော ဒါနကား မရှိချေ၊ ဥပုသ် သီလစောင့် ကြရာ၌လည်းကောင်းç သည်းခံရာ၌လည်းကောင်း၊ မိမိအသက်ကို စွန့်၍ စောင့်သောသီလ သည်းခံသော ခန္တီလည်းမရှိချေ၊ ကြီးစွာသော စည်းစိမ်ကို စွန့်၍ တစ်ယောက်တည်း တောထွက်ခြင်းဟူသော နေက္ခမ္မပါရမီဖြည့်သူလည်း အထင်အရှားမရှိချေ၊ ဘုရားအလောင်း တော်ကား အသက်စွန့်၍ လည်းကောင်း ထီးနန်းစည်းစိမ်ကို စွန့်၍ လည်းကောင်းပြုကျင့်ရသော သီလ ခန္တီ နေက္ခမ္မ  စသော ပါရမီတို့ကို ဘဝများစွာပြုကျင့်တော်မူခဲ့ပြီးမှ အများသိပြီးဖြစ်သော သိဒ္ဓတ် မင်းသားဘဝသို့ ရောက်တော်မူခဲ့ရသည်၊ ထိုနောက်ဆုံးဘဝ၌လည်း ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရ၍ တောထွက်တော်ပြီးမှ သဗ္ဗညူတ ဉာဏ်တော်ကို ရ၍ ဗုဒ္ဓစစ်စစ် ဖြစ်တော်မူခဲ့ရပေသည်။ [ပါရမီဖြည့်ရာ ဘဝနှင့် အဖြစ်တော်စဉ်ကို ဗုဒ္ဓဝင်အမေးအဖြေ စာအုပ်ကလေး၌ အကျဉ်းချုပ် ပြထားပြီ၊]

ဘုရားရှင်၏ ရုပ်အဆင်းတော်

ဘုရားရှင်၏အမျိုးတော်သည် ခတ္တိယမျိုးတည်း၊ ထိုခတ္တိယ မျိုးသည် အခြားသောအမျိုးနှင့် မရောသောကြောင့် အသမ္ဘိန္နခတ္တိယမျိုးဟု ထင်ရှား၏၊ ထိုအမျိုး၌ ဘုရားလောင်းတော် ပဋိသန္ဓေ တည်ချိန်ဝယ် မာယာဒေဝီမိဖုရားခေါင်ကြီးသည် ရှစ်ပါးသီလဥပုသ်ကို စောင့်သုံးလျက် စိတ်စက်ဖြူစင်နေ၏၊ [ဤနေရာ၌ အမျိုးမြတ်ခြင်း၊ မယ်တော်၏ ဖြူစင် ခြင်းကို သတိထားခဲ့ပါ၊] 

ထိုပဋိသန္ဓေမတည်ခင် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေခါနီးဝယ် သတ္တဝါတို့အပေါ်၌ မေတ္တာပွားလျက် ရှိ၏၊ ထိုသို့ မေတ္တာရှေ့ထား၍ စုတေသည်နှင့် တစ်ပြိုင်နက် ကာမာဝစရပဋိသန္ဓေစိတ်တို့တွင် အကောင်းဆုံးဖြစ်သော စိတ်ဖြင့် မယ်တော်ဝမ်း၌ စွဲပိုက်သန္ဓေ တည်နေခဲ့ပါသည်၊ 

ထိုသို့ ပဋိသန္ဓေတည်နေရာဝယ် ဘဝများစွာက ဆည်းပူးခဲ့သော ပါရမီတော်တို့သည် နောက်ဆုံး အကျိုးပေးရမည့် ဘဝဖြစ်၍ အသားအရေတော်နှင့်တကွ မျက်လုံးတော်  မျက်ခုံးတော် နဖူးတော် မျက်နှာတော် လက်ခြေတော်မှစ၍ တစ်ကိုယ်လုံး အလှဆုံးဖြစ်အောင် အကျိုးပေးလိုက်ကြသောကြောင့် ဖွားမြင်လာသောအခါ မင်းသားကလေး၏ ရုပ်အဆင်းဝယ် စိုးစင်းအနည်းငယ်မျှ အပြစ်မပါ, တစ်ကမ္ဘာလုံးတွင် အသာဆုံးဖြစ်၍ ဖွားမြင်လာပေသည်။
       
ပစ္ဆိမံ ဖလဒါနေန၊ ဗဟုံ ပစိတပါရမီ၊
       ယဿ ဝေသံ သုမာပေန္တိ၊ ကေနာပိ အသမံ သမံ။

ဗဟုံ-ဤမျှ ဤမျှ, ဂဏန်းချ၍, မရနှိုင်းညှိ, အတိုင်း မရှိရလေအောင်၊ ပစိတပါရမီ-လေးအသင်္ချေကိန်း, ကပ်တစ်သိန်းမျှ, ထိန်းသိမ်းစုဆောင်း, ပါရမီတော်အပေါင်းတို့သည်၊ ပစ္ဆိမံ ဖလဒါနေန-ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုးပေးသောအားဖြင့်၊ ယဿ ဘဂဝတော-အကြင်ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊ ဝေသံ- ရွှေမျက်နှာတော်, လက်ခြေတော်နှင့်, ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊ ကေနာပိ-လူမင်းနတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက်နှင့်မျှ၊ အသမံ-လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ်ဝယ် တိုင်းတာ, မနှိုင်းသာသည်ဖြစ်၍၊ သမံ-တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ, သာကီဝင်သွေး, အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊ သုမာပေန္တိ-တက်သစ်လဆန်း, ပွင့်သစ်ပန်းသို့, ဆန်းတစ်ဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည် တကား....။
 (အရှင်ဇနကာဘိဝံသ၏ ဘာသာသွေးစာအုပ်မှတင်ပြပါသည်) ဆက်လက်တင်ပြပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ