Wednesday, May 23, 2012

မဟာဂန္ဓာရုံဆရာတော် ရေးသားတော်မူသည့် ဘာသာသွေး (၂)

ဘုန်းနှင့်သမ္ဘာ ပါနေပုံ

ဖွားမြင်လာသော ဘုရားလောင်းတော်ကို “သိဒ္ဓတ္ထ”ဟုမှည့်ကြ၏၊ [သိဒ္ဓ-ပြီးစီးသော၊ အတ္ထ-အကျိုး၊] အကျိုးအားလုံး ပြီးစီးသော မင်းသားဟု ဆိုလိုသည်၊ ရှေးရှေးဘဝများ စွာတို့က ပြုခဲ့သောကောင်းမှု အဆောက် အဦးများကို သမ္ဘာ(သမ္ဘာာရ)ဟု ခေါ်၏၊ ထိုကောင်းမှု သမ္ဘာရကြောင့် ဉာဏ်ပညာကြီးခြင်း၊ သူတစ်ပါးတို့ကို လွှမ်းမိုးအုပ်စိုး နိုင် ခြင်း၊ အကျင့် တရားပြည့်စုံခြင်း၊ အခြွေအရံများခြင်း၊ ချစ်ခင်ဖွယ် ရုပ်လက္ခဏာရှိခြင်း၊ အလိုရှိသောအရာကို တောင့်တသည့်အတိုင်း ရနိုင်ခြင်း၊ သူတစ်ပါးတို့ အားကိုး လောက်ခြင်းစသော (ဘဂဝါ ဂုဏ်တော်၌လာသော) ဂုဏ်များကို ဘုန်း(ဖုန်း)ဟု ခေါ်၏။

ဘုရားအလောင်းတော်သည် ဖွားမြင်စကပင် ထိုဘုန်းသမ္ဘာ အထိုက်အလျောက်ပါ နေလေပြီ၊ ထို့ကြောင့်ပင် သုဒ္ဓေါဒနမင်း၏ ဆရာဖြစ်သော အသိတရှင်ရသေ့သည် မင်းသားကို ကြည့်လို၍ နန်းတော်သို့ လာသောအခါ မင်းသားကလေးကို ခမည်းတော် ကြီးက ပွေ့ချီလျက် အရှင်ရသေ့အား ရှိခိုးရန် လက်ကလေးနှစ်ဖက်ကို လက်အုပ်ချီဖို့ ပြင်နေစဉ် ခြေကလေးနှစ်ဖက်သည် အရှင်ရသေ့၏ ဦးခေါင်းပေါ်သို့ မြောက်တက်သွား လေသည်၊ [ထိုဘဝ၌ မင်းသားက ရှိခိုးရမည့်သူမရှိ၊] ထိုအခါ သားတော်ကလေး၏ အံ့ဩဖွယ်ကို မြင်၍ ခမည်းတော်ကိုယ်တိုင် သားတော်ကို လက်အုပ်ချီမိလေသည်၊ [အသိတရှင်ရသေ့ကလည်း ဧကန်မုချ ဗုဒ္ဓဖြစ်ပါလိမ့်မည် ဟု မိန့်မြွက် တော်မူသည်။]


ကလေးဘဝ၌ဈာန်ရပုံ

ဘုရားအလောင်းတော်သည် ဘုန်းနှင့် သမ္ဘာပါရှိခြင်းကြောင့် ဖွားမြင်စကပင် မြောက် အရပ်သို့ ကြွ၍ “ငါသည် အမြတ်ဆုံး”စသော စကားကြီးသုံးခွန်းကို မိန့်မြွက်ပုံ နတ်ဗြဟ္မာအများ ဦးခိုက်ကြပုံကို ဗုဒ္ဓဝင် အမေးအဖြေ၌ ရေးခဲ့ပြီ။

အခါတစ်ပါး၌ကား သုဒ္ဓေါဒနမင်းသည် လယ်ထွန်မင်္ဂလာ ပြုလုပ်၏၊ ထိုလယ်ထွန် မင်္ဂလာ ပြုလုပ်ရာဌာန၏ မနီးမဝေး၌ အရိပ်ကောင်းသော ဇမ္ဗုသပြေပင်အောက်ဝယ် အကာအရံပြု၍ မင်းသားကလေးကို အထိန်းတော်များနှင့်တကွ ထားပြီးလျှင် လယ်ထွန် မင်္ဂလာပြုရာအရပ်သို့ သွားကြ၏။ အတော်ကြာလျှင် အထိန်းတော်များလည်း လယ် ထွန်မင်္ဂလာ ကြည့်လို၍ ခေတ္တခဏ သွားကြလေသော် မင်းသားကလေးသည် ထိုင် နေသောအရွယ်သို့ မရောက်သေးသော်လည်း လူသူ တိတ်ဆိတ်သော ထိုအချိန်မှာ တင်ပလ္လင်ခွေ၍ ထွက်သက် ဝင်သက်ကို အားရုံပြုလေရာ ပထမဈာန်  ကိုရလေသည်။ (ဤသို့ ဈာန်အရမြန်ခြင်းကား ရှေ့ဘဝများစွာ၌ အထုံ ပါလာခြင်းကြောင်တည်း)

ထိုသို့ ဈာန်ဝင်စားနေစဉ် အထိန်းတော်များ ပြန်လာ၍ တင်ပလ္လင်ခွေကာ ငြိမ်းသက်စွာ ထိုင်နေပုံကို တအံ့တဩ မြင်ကြရသဖြင့် ခမည်တော်ထံ အမြန်းသွား၍ သံတော်ဦးတင် ကြလေသည်၊ ခမည်တော်လိုက်လာ၍ ဆင်တုတော်ကလေသဖွယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပုံကို မြင်ရသဖြင့် လက်အုပ်ချီကာ ရှိခိုးမိရှာလေသည်။ ဤရှိခိုးခြင်းကား ကလေးဘဝ၌ ငါးကြိမ်မြောက်ရှိခိုးခြင်းတည်း၊ ထိုရ ပြီးသောဈာန်လည်း နောက်ထပ် မကြိုးစားသဖြင့် မကြာမီ ကွယ်ပျောက်သွားလေသည်။)

(ဆက်ပါဦးမည်)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ