Thursday, May 24, 2012

မဟာဂန္ဓာရုံဆရာတော် ရေးသားတော်မူသည့် ဘာသာသွေး (၃)


ထီနန်းစံပုံ

 တစ်ဆယ့်ခြောက်နှင့် အရွယ်သို့ ရောက်သောအခါ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ထက်ကစ၍ ပါရမီဖြည့်ဘက်ဖြစ်သော နှမတော်တစ်ဝမ်းကွဲ ယသောဓရာမင်းသမီးနှင့် အတူ ရာဇဘိသိက်ကို ခံယူ၍ အချွေအရံ များစွာဖြင့်ထီးနန်းကို စံတော်မူ၏၊ ဆောင်း နွေ မိုးဟု ဥတုသုံးပါးနှင့်လိုက်လျောသော နန်းသုံးဆောင်တွင် နွေရာသီ စံနန်း၌ စံမြန်းပုံ ကို လွန်စွာကြည်နူဖွယ်ကောင်းပါပေသည်။

၁။ နန်းတော်၏ အရပ်လေးမျက်နှာဝယ် ကြာမျိုးစုံဖြင့် တင့်တယ်သော မင်္ဂလာကန် တော်များ ဖန်ဆင်ထာ၏၊ ထိုကန်တော်များ၌ ငှက်မျိုးစုံတို့ လာရောက်ပျော်မြူးကြ၏၊ အရှေ့ကန်တော်မှ ငှက်တို့သည်  နန်းတော်အထက်ခရီးဖြင့် အနောက်ကန်တော်သို့ မြူး ပျော် ကြွေးကြော်လျက် ပျံသန်းကြ၏၊ အနောက်ကန်တော်မှ အရှေ့ကန်တော်သို့ လည်းကောင်း တောင်မှမြောက်သို့လည်းကောင်း ထိုနည်း အားဖြင့်ပျံ သွားကြလေ သည်။


၂။ နွေရာသီစံနန်းအတွင်းဝယ် စိုစိုပြေပြေ အေးအေးမြမြရှိအောင် ရေအပြည့်အိုးသစ် များကို ကြာညိုပန်းတို့ဖြင့် ဖုံးလွှမ်း၍ လေသောက် ပြုတင်းပေါက်တို့၏ အနီးအပါး၌ တည်ထားကြကုန်၏၊ ဘုရားအလောင်း၏ စက်ရာအနီးအပါး၌ကား နံ့သာညွန့်တို့ဖြင့် ပြည့်သော ရွှေအိုးများကိုထား၍ ထိုထိုအိုးများ၌ ကြာညိုပန်းရုံများကို စိုက်ပျိုးထား ကြကုန်၏၊ ထိုထိုဤ နေရာတို့လည်း ကြေးအိုး ကြီးများတွင် နံ့သာညွန့်ထည့်၍  ကြာ ညိုပန်း၊ ပဒုမ္မာကြာပန်း၊  ပုဏ္ဍရိက်ကြာပန်းတို့ကို စိုက်ပျိုး ထားကြကုန်၏၊ နေရောင် ကြောင့် ပန်းပွင့်များပွင့်ကြကုန်၏၊ ပျားပိတုန်းတို့သည် နန်းတော်တွင်းသို့ ဝင်ရောက်၍ ပန်းဝတ်ရည်များကို လှည့်လည် စုတ်ယူကြကုန်၏၊ နန်းတော်တစ်ရပ် လုံးကား ပန်းရနံ့ တို့ဖြင့် သင်းပျံ့နေလေသည်။

၃။ နှစ်ထပ်နံရံတို့၏အလယ၌ ရေပိုက်လုံးများ တပ်ဆင်ထား၏၊ နန်းတော်၏ အထက် ဆုံးအထပ်နှင့် ညီမျှသော ကောင်းကင်လွင်ပြင်ဝယ် မဏ္ဍပ်သဖွယ် အမိုးပြုလုပ်၍ ထိုအမိုး၌ ဇာပေါက်ကလေးတွေ ဖောက်ထား၏၊ ထိုမဏ္ဍပ်၏ တစ်နေရာ၌ ကျွဲရေ များ ကို အပေါ်က ဖြန့်ကြက်ထား၏၊ ရေစက်ဖြင့် ရေပြွန်မှ တက်လာသော ရေတို့သည် မဏ္ဍပ်ပေါ်ဝယ် ဖြာလျက် ဇာပေါက်တို့မှ မိုးရွာသကဲ့သို့ ကျနေစဉ် ကျွဲရေများပေါ်သို့ ကျောက်ခဲကလေး များကို ပစ်တင်ကာ မိုးရွာသံများဖြစ်လာစေ၏၊ ဤနည်းအားဖြင့် နွေအခါကိုပင် မိုးတွင်းကဲ့သို့ စိတ်ရွှင်စရာ ဖြစ်စေလေသည်။

၎။ ထိုကဲ့သို့ မိုးအတုများ ရွာချနေစဉ် ဘုရားအလောင်းတော်သည်  ညိုသောကိုယ်ဝတ် ညိုသောအပေါ်ခြုံကို ဝတ်ရုံ၍ ရေကစား ထွက်တော်မူလာ၏၊ ယသော်ဓရာနှင့်အတူ အခြွေအရံမောင်းမ တစ်စုလည်း ညိုသောအဝတ်များကို ဆင်တူဝတ်၍ အညိုရောင် ပန်းများကို ပန်ဆင်လျက် မဏ္ဍပ်အတွင်းဝယ် နွေရာသီ အပူဝေးဖို့ အေးမြသော ရေစင်ဖြင့် ဘုရားအလောင်း၏ စိတ်တော်ကို ဖြေဖျော်ကြလေသည်။
                                                       [မဇ္ဈိမပဏ္ဏာသ၊ မာဂဏ္ဍိယသုတ္တဋ္ဌကထာ။]

ဘာသာသွေးစာအုပ်မှ....ဆက်လက်ပူဇော်ပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ