မူးမေ့သွားခြင်း
ထို့ကဲ့သို့
ခန္ဓာကိုယ်၌ ပြင်းပြသော အပူဖြစ်လာသော အခါ မိုက်ကနဲ ဖြစ်၍ စင်္ကြံသွားရာမှ ထိုင်လျက် လဲကျသွားလေသည်၊
ထိုသို့ ထိုင်လျက်နေပုံကို မြင်ကြရသော အနီးအပါးက နတ်တို့သည် ထင်မြင်ချက် အမျိုးမျိုးဖြင့် ပြောဆိုကြကုန်၏၊ အချို့နတ်များက
“ကာလင်္ကတော သမဏော ဂေါတမော-ရဟန်ဂေါတမ သေပြီ”ဟု ပြောကြ၏၊ အချို့နတ်များကား “န ကာလင်္ကတော
သမဏော ဂေါတမော-ရဟန်းဂေါတမသည် သေ၍မပြီးသေး၊ အပိစ ကာလံ ကရောတိ-သေနေတုန်းရှိသေးတယ်”ဟု
ပြောကြ၏၊ အချို့နတ်များ ကမူ “န ကာလင်္ကတော သမဏော
ဂေါတမောç နာပိ ကာလံ ကရောတိ-ရဟန်းဂေါတမသည် သေပြီးလည်း မဟုတ်၊ သေနေတာ လည်းမဟုတ်၊ အရဟံ
သမဏော ဂေါတမော-ရဟန်းဂေါတမသည် ရဟန္တာဖြစ်ပြီ၊ ဝိဟာရောတွေဝ သော အရဟတော-ဒီနေပုံမျိုးဟာ
ရဟန္တာ၏ နေပုံသာ ဖြစ်သည်”ဟု ပြောကြလေသည်၊ ထိုသို့ပြောသူတို့တွင် သေပြီဟု ထင်နေသောနတ်က
သုဒ္ဓေါဒနမင်းထံ သွား၍ “အသင်မင်း၏ သားတော် တရားအားထုတ်ရင်း သေပြီ”ဟု ပြောသည်၊ သုဒ္ဓေါဒနမင်းက
“ဗုဒ္ဓဖြစ်ပြီးမှ သေတာလားç မဖြစ်ဘဲ သေတာလား”ဟု ပြန်၍ မေးလျင် “ဗုဒ္ဓမဖြစ်ဘဲ သေတာ”ဟု နတ်က
ပြော၏၊ “ဗုဒ္ဓမဖြစ် သေးလျှင် သေတယ်ဆိုတာ မယုံဘူး”ဟု ပြောလိုက်လေသည်။
အစာလျှော့ခြင်း
ပြန်၍သတိရလာသောအခါ
“အစာ မစားဘဲ ကျင့်အံ့”ဟု အကြံ ဖြစ်တော်မူ၏၊ ထိုအခါ နတ်တို့က “အစာအာဟာရကို လုံးလုံးမစားဘဲ
ဖြတ်ထားလျှင် မွေးညှင်းပေါက်တို့မှ နတ်ဩဇာ သွင်းပေမည်”ဟု ပြောကြသောကြောင့် လုံးလုံးအစာမဖြတ်ဘဲ
နည်းနည်းစားတော်မူ၏၊ ပဲနောက်, ပဲပိစပ်, ပဲလွန်း, ပဲကြီးတို့၏ အနှစ်ရည်ကိုသာ တစ်လက်ခုပ်လောက်
သောက်တော်မူ၏၊ ထိုအခါ၌ အလွန်ပိန်ချုံးသွားလေ၏၊ အလွန်ပင်ပန်းနွမ်းနယ်၏ ......။
၁။ ဘုရားအလောင်းတော်၏
အင်္ဂါကြီးငယ်တို့သည် အရိုးဆက် အဆစ်နေရာက မောက်၍ အဆစ်မဟုတ်သော နေရာတို့၌ ပိန်၍ နေကုန်၏၊
ဥပမာ-အာသီတိမည်သောနွယ်,
ကာလမည်သောနွယ်တို့၏ အဆစ်များနှင့် တူသည်။
၂။ ဘုရားအလောင်းတော်၏
တင်ပါးတို့သည် ကုလားအုပ်ခွာကြီးများလို ဝစ္စမဂ်(ကျင်ကြီးစွန့်သော)နေရာက အတွင်းသို့ ချိုင့်ဝင်
နေကုန်၏။
၃။ ကျောက်ကုန်း(ကျော)အရိုးတို့သည်
အနိမ့်အမြင့် ဖြစ်နေကုန်၏။ ပုတီးအလုံးကြီးတွေကို ကြိုးဖြင့် သီကုန်းထားသောအခါ ပုတီးလုံး
အကြား၌ ချိုင့်နေသကဲ့သို့ အရိုးတို့၏၊ အကြား၌ အသားတွေ နိမ့်နေရကား ပုတီးအလုံးကြီးတွေ
သီကုံးထားပုံနှင့် တူ၏၊
၎။ နံရိုးတို့သည်
အကြားအကြား၌ အသားတွေ နိမ့်ကျသွားကုန်ရကား ဇရပ်အိုက အခြင်ရနယ်များလို မပြေမပြစ်ဖြစ်ကုန်၏၊
၅။ မျက်လုံးအိမ်အတွင်းရှိ
မျက်လုံးတို့သည် အတွင်းသို့ ဝင်နေကြသဖြင့် ရေတွင်းနက်၌ ရေပွက်ကလေးများကဲ့သို့ မြင်ရကုန်၏။
၆။ ဦးခေါင်းအရေသည်ကား
ဗူးခါးသီးနုနုကို ခူး၍ နေလှမ်းထား သောအခါ တွန့်နေသကဲ့သို့ တွန့်၍ ညှိုးနွမ်းနေ၏။
၇။ ဝမ်းဗိုက်တော်သည်
ကျော၌ ကပ်နေရကား ဝမ်းရေကို ကိုင်လိုက်လျှင် ကျောရိုးပါ ကိုင်မိ၏ ကျောရိုးကို ကိုင်လိုက်လျှင်လည်း
ဝမ်းရေကိုပါ ကိုင်မိသည်။
၈။ “ကျင်ကြီး
ကျင်ငယ် စွန့်မည်”ဟု ထိုင်လိုက်သောအခါ ကျင်ငယ်ဖြစ်စေနိုင်သော အာဟာရရည်က ဝမ်းထဲ၌ မရှိသောကြောင့်
ကျင်ငယ် လုံးဝမထွင်နိုင်ဘဲ ကျင်ကြီးသော်မှ တစ်စေ့ နှစ်စေ့ခန့် အလွန်ဆင်းရဲစွာ ထွက်ရ၏
တစ်ကိုယ်လုံး ချွေးထွက်၍ မူးမိုက်ကာ မှောက်လျက် လဲရလေသည်။
၉။ ခန္ဓာကိုယ်
သက်သာစေလို၍ လက်ဖြင့် ပွတ်လိုက်လျှင် အရင်းက ပုပ်နေသော အမွေးတို့သည် ကိုယ်မှ ကွာ၍ လက်၌
ငြိကပ် ပါလာကုန်၏။
(ဘာသာသွေးစာအုပ်မှ) ဆက်လက်ပူဇော်ပါမည်။