ကျွန်တော် မင်းကွန်းကို ၁၃၇၃-တော်သလင်းလဆန်း(၁၂)ရက်နေ့က သွားရောက်လည်ပတ်ခဲ့ပါတယ်။ စစ်ကိုင်းကနေ သုံးဘီးဆိုင်ကယ် လေးတစ်စီးငှားပြီး သွားခဲ့တာပါ။
တသွင်သွင်စီးဆင်းနေတဲ့ဧရာဝတီမြစ်ကြီးရယ် ဧရာဝတီကို ရစ်ဝိုင်းနေတဲ့ မှိုင်းညှို့ညှို့ စစ်ကိုင်းတောင်တန်းကြီးရယ် အလွန် သာယာလှတဲ့ရှုခင်းပေါ့။
သွယ်တန်းနေတဲ့ တောင်တန်းပေါ်က စေတီတော်မြတ်များ ကလည်း နေခြည်အောက်မှာ သပ္ပာယ်လှပါဘိ။ တစ်ချို့ စေတီ တွေက ရွှေသင်္ကန်း ဝါဝါဝင်းဝင်း၊ အချို့စေတီတော်တွေက ထုံး သင်္ကန်းဖြူဖြူဖွေးဖွေးနဲ့ပေါ့၊ ကြည်နူးစရာကောင်းလိုက်တာ..။
လေပြေလေညင်းလေးနဲ့အတူ လွင့်ပျံလာတတ်တဲ့ ဆည်း လည်းသံနဲ့ ဧရာဝတီရဲ့ လှိုင်းကြက်ခွပ်သံတွေကလည်း ဂီတသံပမာ ငြိမ့်ညောင်းသာယာပါပေစွ။
တောင်အခြေမှာလည်း ဆိတ်ငြိမ်အေးချ
မ်းလှတဲ့ ကျောင်း သင်္ခမ်းတွေ စိမ်းလမ်းစိုပြေတဲ့ ယာခင်းတွေနဲ့ သာယာနေလိုက် တာ။ မြင်ရသူတိုင်း ဘဝင်ချမ်းမြေ့စရာပင်။
မ်းလှတဲ့ ကျောင်း သင်္ခမ်းတွေ စိမ်းလမ်းစိုပြေတဲ့ ယာခင်းတွေနဲ့ သာယာနေလိုက် တာ။ မြင်ရသူတိုင်း ဘဝင်ချမ်းမြေ့စရာပင်။
တောင်ပတ်လည် ခွေဝိုင်းလို့၊ ရွှေကိုင်းမြို့ဇေယျာ၊ ဝေမှိုင်းညို့ ချောင်ရွှေဝါမှာ၊-စတဲ့ စလေဦးပုညရဲ့ စံရစ်တော့ သက်နှံငယ်တေး ထပ်ကိုပင် သတိရလိုက်မိပါသေးတယ်။
ကျွန်တော်တို့စီးနင်းလိုက်ပါလာတဲ့ သုံးဘီးဆိုင်ကယ်ကတော့ အလွန် ကြည်နူးဖွယ်ကောင်းပြီး သာယာလှပတဲ့ ရှုခင်းများကို မသိကျေးကျွန်ပြုကာ သူ့တာဝန်သူကျေပွန်အောင် ကတ္တရာလမ်း ပေါ်မှာ တဝေါဝေါမြည်တမ်းရင်း ပြေးနေပါတော့တယ်။
(၂)
မင်းကွန်းဒေသမှာ ဘိုးတော်ပဒုံမင်း ကောင်းမှုတော်များဖြစ် တဲ့ ကြက်ထောင့်ကန်တော်ကြီးရယ်၊ မပြီးစီးတဲ့ ပုထိုးတော်ကြီး ရယ်၊ ပြိုကျပျက်စီးနေပြီဖြစ်တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ရယ်၊ အာရှ တိုက်မှာ အကြီးဆုံး မင်းကွန်းခေါင်းလောင်းကြီးရယ်။ ပြီးတော့ သီတာခုနှစ်တန်ဝန်းရံကာ မြင့်မိုရ်တောင်ပုံစံ တည်ထားတဲ့ မြသိန်း တန်စေတီတော်ကြီးရယ် သွားရောက်ဖူးမြော်ခဲ့ပါတယ်။
ခြင်္သေ့နှစ်ကောင်အလယ်ကနေ ဧရာဝတီရဲ့ မြသားရောင် ငွေလှိုင်းလေးတွေက ဖိတ်ခေါ်လို့ ကမ်းနဖူးနားကို သွားရောက် မိတ်ဆက်လိုက်မိသေးတယ်။ “အို..ငါတို့ချစ်တဲ့ ဧရာဝတီ”လို့။
ကမ်းစပ်နားရောက်တော့ ဘိုးတော်ဘုရားနဲ့ ဦးပေါ်ဦးတို့ရဲ့ စကားသံကို ဘယ်နေရာက ဖမ်းယူ ထုတ်လွင့်နေတယ်ဆိုတာ မသိ။ ပြန်လည်ကြားယောင်မိပြန်တယ်။
ဦးပေါ်ဦးက ခြင်္သေ့ကြီးတွေ ကြည့်ပြီး “အမယ်လေးလေး. ခြင်္သေ့ကြီးနှစ်ကောင်ကလည်း ဟယ်...” လို့ နှုတ်ကနေ ရုတ်တရက်ဆိုမိလိုက်ပါသတဲ့။ ဒီအခါ-
ဘိုးတော်ဘုရားက အကွယ်ကနေ ချက်ချင်းထွက်လာပြီး-
“ဟဲ့...ငပေါ်ဦး၊ ခြင်္သေ့ကြီးနှစ်ကောင်က ဘာဖြစ်သလဲ၊ ဆက်ပြောလေကွယ်” မိန့်တော်မူတဲ့အခါ ဦးပေါ်ဦးက-
“ဟို..ဟို ..ဟို မြစ်တစ်ဖက်ကမ်းသို့ ခုန်၍ကူးတော့မည့် ဟန်၊ အင်မတန် မာန်ပါကြောင်း ပြောမလို့ပါဘုရား” လို့ လျှောက်တင်လိုက်တော့ ဘိုးတော်ဘုရားက ပြုံးတော်မူဖူးသတဲ့။
ဪသြော်..အခုတော့ ခြင်္သေ့နှစ်ကောင်က ဟိုဖက်ကမ်းခုန်ကူးဖို့ နေနေသာသာ ခေါင်းတွေ လက်တွေပင် မရှိတော့ပါလား၊ ဘိုးတော်ဘုရားသာ ရှိခဲ့ရင်..လို့တွေးနေမိပါတယ်။
ဧရာဝတီရဲ့ ငွေလှိုင်းလုံးလေးများကတော့ ဘိုးတော်ဘုရားလက် ထက်ကလို တလက်လက်တောက်ပနေတုန်းပဲလား?၊ ဒါမှမဟုတ် စာစောင် တွေမှာ ရေးကြသလို ဧရာဝတီ ငိုနေပြီလား?။ ]ဘေးကင်းပါစေ ဧရာဝတီရယ်}လို့ ဆုတောင်းမိပါတယ်။
(၃)
ခြင်္သေ့ကြီးနှစ်ကောင်နှင့် ဧရာဝတီကို လက်ပြနှုတ်ဆက်ခဲ့ပြီး ကမ္ဘာကျော် တိပိဋကမင်းကွန်းဆရာတော်ကြီးသီတင်းသုံးခဲ့တဲ့ ဓမ္မနာဒတိုက်ကို သွားရောက်ကြည်ညိုဖူးမြော်ပါတယ်။
ဆရာတော်သီတင်းသုံးတဲ့ကျောင်းက လူသူအလှမ်းဝေးတဲ့ တောထဲမှာပါ။ လေပြေလေညင်းတွေရဲ့ ကျီစယ်မှုကြောင့် သစ်ရွက်တွေ ပျော်မြူးနေသံမှတပါး အခြားဘာသံမှ မကြားရ။ သစ်ရိပ် ဝါးရိပ်တွေနဲ့ ဆိတ်ငြိမ်အေး ချမ်းလိုက်လှပါဘိ။ ပတ်ဝန်းကျင်မှာလည်း တောတန်းတွေက တန်ဆာဆင်ထားပြန်တယ်။
ပတ်ခွေရံ ငူခင်တန်းတွေနဲ့၊ နတ်ဝေယံအတူပင်လျှမ်းလိုက်ပုံ က၊ ဂူဝင်မှန်းစရာ့ ကမ္မဋ္ဌာန်းအရြွေခ၊ အိုကွယ်..ကျူအင်ပန်း အြွေကတွေနဲ့ လွမ်းစရာ့မြေ..။
ချောက်တစ်ဝှန်းဆီက၊ ပိတောက်ပန်းတွေ တလှိုင်လှိုင်ကြူလို့၊ မြိုင်အငူ ကမ်းပါးယံတကျောမှာကွယ်၊ တောကျက်သရေ..။တဲ့
ဆရာတော်သာမဏေဘဝကသီကုံးခဲ့တဲ့ ဓမ္မနာဒတိုက်တော် ဘွဲ့ ကဗျာထဲကလို လွမ်းမောဖွယ် ကောင်းလှပါဘိ။
ဆရာတော်ကြီးက ခုတင်ပေါ်မှာ စာကြည့်နေပါတယ်။ ဒါပေ မယ့် ကျွန်တော်ဖူးမြော်နေတာကို သိတော်မူတော့မည် မဟုတ်။ ကျွန်တော်ဖူးမြော်နေတာက ဆရာတော့ရဲ့ ပုံတူမို့ပါ။ ခြေရင်းက ဘီရိုမှာ ဆရာတော်ရရှိခဲ့တဲ့ ဘွဲ့တံဆိပ်တွေ အများကြီးပါပဲ။ နံရံ တွေမှာတော့ ဆရာတော့်ပုံရိပ် တွေနဲ့ ပြည့်နက်နေပါတယ်။
ဆရာတော်ပုံရိပ်တွေကို ဖူးမြင်ရတော့ ကျွန်တော့ရင်ထဲ အ တိတ်ပုံရိပ်တွေက တစ်သီတစ်တန်းကြီး စီတန်းနေပြန်ပြီ။ ဆရာ တော်ကိုယ်တိုင် ခြယ်မှုန်းရေးဆွဲခဲ့တဲ့ နှလုံးလှပုံရိပ်တွေပေါ့။
(၄)
တစ်နေ့သောအခါမှာ ဆရာတော်ကြီးရဲ့ တရားတော်တွေကို နာယူရလို့ သဒ္ဓါတရားထက်သန်နေကြတဲ့ မန္တလေး မဟာဗန္ဓုလ သင်္ကန်းတိုက်ပိုင်ရှင် ဦးဆိုင်နှင့် ဇနီးဒေါ်စောတင်တို့က မင်းကွန်း ဆရာတော်ကြီးထံတော်ပါးရောက်လာကြပြီး-
“ဆရာတော်ဘုရား တပည့်တော်တို့ ဒီဓမ္မနာဒတိုက်အတွင်း မှာ အကောင်းဆုံးကျောင်းကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်း ပါရစေဘုရား” လို့ ပန်ကြားလျှောက်ထားကြပါတယ်။
ဒီအခါ ဆရာတော်ကြီးက-
“ဒကာကြီး ဒီကျောင်းမှာ ဘုန်းကြီးမို့ သံဃာဒီလောက်များများ လက်ခံထားနိုင်တာ(ထိုစဉ် သံဃာတစ်ရာကျော်ရှိသည်)။ ဘုန်း ကြီးတို့ မှီခိုရတာက ဒီခုံဖိနပ်ခုတ်ပြီး အသက်မွေးရတဲ့ မင်းကွန်း ရွာကလေး။ အခြားဘုန်းကြီးဆိုရင် ဘယ်နည်းနဲ့မှ သံဃာဒီ လောက်မထားနိုင်ဘူး။ သံဃာမရှိရင် အဆောက်အအုံ ဘယ် လောက်ကောင်းကောင်း မကြာခင်ပျက်စီးယိုယွင်းသွားမှာပါ ဒကာကြီး၊ ဒီတော့ သာသနာအား အကျိုးမများလို့ ဒီမှာ မဆောက် ပါနဲ့။ ဒကာကြီးတို့ မန္တလေးမြို့ကြီးမှာ စစ်ဘေးဒဏ်ကြောင့် ပျက် စီးနေတဲ့ ကျောင်းတိုက်တွေကို ပြုပြင်ပါ ဒကာကြီး။ မန္တလေးမြို့က ကြီးတော့ မှီရာပစ္စည်းလေးပါး ရလွယ်လို့ စာချဆရာတော် တစ် ပါးမဟုတ်တစ်ပါး ပေါ်မှာပါ။ မန္တလေးမှာ ဆောက်ရင် ဒကာကြီး ရဲ့ကျောင်းဟာ အစဉ်ထာဝရ သံဃာအကျိုးပြုမှာဖြစ်ပါတယ်”လို့ မိန့်တော်မူလိုက်သတဲ့။
ဗန္ဓုလဦးဆိုင်မိသားစုကလည်း ဆရာတော်ကြီးမိန့်ကြားတဲ့ ဩဝါဒအတိုင်း မန္တလေးမြို့ ရွှေရေးဆောင်ကျောင်းမှာ အလျား ၁၇-ခန်း၊ အနံ ၁၃-ခန်းပါတဲ့ အလယ်တိုက်ကြီးကို ပြင်ဆင် ဆောက်လုပ်လှူဒါန်းခဲ့သတဲ့။
ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ကိုယ့်အသိုင်းအဝိုင်း အတွက်လောက်သာ ကွက်ပြီးကြည့်တတ်တဲ့လောကကြီးထဲမှာ ဆရာတော်လိုပုဂ္ဂိုလ်မျိုးရှိသေးတယ်နော်...။ ကြည့်စမ်းပါဦး…။ ဆရာတော်ရဲ့နှလုံးသား လှလိုက်တာ။ ဆရာတော်ရဲ့စိတ်ဓာတ် ဖြူ စင်လိုက်တာ။ ဆရာတော်ရဲ့ လှပတဲ့နှလုံးသား ဖြူစင်တဲ့စိတ်ဓာတ် ပုံရိပ်က မြင်ရသူတိုင်းကို ဆွဲခေါ်နေသလိုပါပဲ။
(၅)
ဆရာတော်ရဲ့ ပုံရိပ်တွေက အမြဲတမ်း လှပဆန်းသစ်နေစမြဲ။ ရယူခြင်းထက် စွန့်လွတ်ခြင်းက လှပကြည်နူးစရာကောင်းလှပါတယ်။ ဆရာတော်ရဲ့ စွန့်လွတ်မှုပုံရိပ်လှလှလေးကိုလည်း ထပ်ပြီး ခံစားကြည့်နေမိပြန်တယ်။
ဆဋ္ဌသင်္ဂါယနာပွဲကျင်းပစဉ်ကပေါ့ ဆရာတော်ကြီးကို ရုရှား အစိုးရက ကျည်ကာသံမဏိမော်တော်ကား တစ်စီးလှူဒါန်းတော့ ဆရာတော်ကြီးက-“ဘုန်းကြီးက တောမှာနေတဲ့ တောဘုန်းကြီး ဖြစ်ပါတယ်၊ တောဘုန်းကြီးအဖို့ ဒီလိုကားမျိုးစီးလို့ မသင့်လျော် ပါဘူး၊ အစိုးရရဲ့စေတနာကိုငဲ့ပြီး ဆဋ္ဌသင်္ဂါယနာတင်ကာလ အတွင်းမှာသာ စီးနင်းအသုံးပြုမယ်၊ သင်္ဂါယနာပွဲပြီးက နိုင်ငံ တော်အစိုးရ၏ ကားသာဖြစ်စေ”ဆိုတဲ့အကန့်အသတ်နဲ့ ၅-ရက် သာ လက်ခံအသုံးပြုပြီး အစိုးရထံ ပြန်လည်အပ်နှံခဲ့သတဲ့။
ဆဋ္ဌသင်္ဂါယနာပွဲပြီးတော့ နိုင်ငံတော်အစိုးရက ဆရာတော် ကြီးအား အဲဒီကားကို ပြန်လှူပေမယ့် လက်ခံတော်မမူခဲ့ပါ။ အ ကြိမ်ကြိမ်ငြင်းပယ်တော်မူရပါတယ်။ နောက်ဆုံး ဝန်ကြီးချုပ် ကိုယ်တိုင် အလှူခံဖို့ ပရိယာယ်ြွကယ်ြွကယ်နဲ့လာပြီးလျှောက်ပေ မယ့် လက်ခံတော်မမူရုံမျှမက “ဒကာကြီး ရဟန်းတို့၏ အသုံး အဆောင်ပရိက္ခရာမှာ မော်တော်ကား မပါဘူးဗျ”လို့ ခပ်ပြတ် ပြတ် မိန့်တော်မူလိုက်ပါသတဲ့။
ကားကြီး, ကားငယ်တွေ အပြိုင်အဆိုင်စီးနေကြတဲ့ ခုလိုခေတ် ထဲမှာ ဆရာတော့်စကားက အံ့ဩစရာပါ။ မော်တော်ကားထက် တန်ဖိုးရှိတဲ့ “သန္တုဋ္ဌိ”ရတနာရောင်တွေ တဖိတ်ဖိတ်တောက်ပနေ တဲ့ ဆရာတော့်နှလုံးသား ဘယ်လောက်လှပသလဲ။
(၆)
မေတ္တာရှင်တွေလွှမ်းနေတဲ့ ပတ်ဝန်းကျင်ဟာ သာယာလှပ မြဲဓမ္မတာပါပဲတဲ့။ မေတ္တာတရားတွေနဲ့ ထုဆစ်ထားတဲ့ ဆရာတော့် နှလုံးသားဟာလည်း လောကသာယာဖို့ အတွက်ပဲဖြစ်တော်မူခဲ့ပါတယ်။ “မေတ္တာနှလုံးအလှဆုံ”ဆိုတဲ့အတိုင်း အလွန်လှပတဲ့ ပုံရိပ်ကို ဆက်လက်ကြည်ညိုနေမိပြန်တယ်။
ဆရာတော်ရဲ့ ဒကာရင်းတွေဖြစ်တဲ့ မုံရွာမြို့ဒေါင်းယဉ်ပျံစတိုး ပိုင်ရှင် ဦးဘိုးမှီ ဒေါ်ရွှေညွန့်တို့ပေါ့။ ဆရာတော်ကျောင်းမုခ်ဝက ခြင်္သေ့ရုပ်လေးနှစ်ခုကို မြင်တိုင်း ကျောင်းတိုက်ရဲ့ ဂုဏ်နဲ့မလိုက် အောင် သေးငယ်နေတယ်လို့ နှလုံးသွင်းမိကြပါသတဲ့။
သို့နှင့် ၁၃၂၂-ခုနှစ် ဋီကာသင်္ဂါယနာ ပထမသန္နိပါတကျင်းပ ပွဲအပြီး ရန်ကုန်မြို့ကနေ ပြန်ြွကလာတော့ ဆရာတော်ကြီးအား
“ဆရာတော်ဘုရား ဆရာတော့်ကျောင်းမုခ်ဝက ခြင်္သေ့တွေ က ကျောင်းတိုက်ရဲ့ဂုဏ်နဲ့မလျော်အောင် အရွယ်အစားသေးငယ် နေလို့ အမြင်မတော်ပါဘုရား။ မုံရွာဆရာမြလက်ရာနဲ့ သဘာဝ ကျကျ ခန့်ညားထည်ဝါတဲ့ အမြင့် ဆယ်တောင်ရှိခြင်္သေ့ရုပ်ကြီး နှစ်ရုပ်ကို ငွေရှစ်ထောင် အကုန်ခံပြီး ဆောက်လုပ်လှူဒါန်းချင် ပါတယ်ဘုရား”လို့ လျှောက်လိုက်ပါတယ်။
ဒီတော့ဆရာတော်က “ဒကာကြီး၊ ငွေရှစ်ထောင်အကုန်ခံပြီး ပြုလုပ်ကြမယ့် သဘာဝကျကျ ခြင်္သေ့ကြီးနှစ်ကောင်ဟာ ငွေကုန် ကြေးကျများပြီး လူအများကောင်းကျိုးကို ပြုနိုင်မှာ မဟုတ်ဘူး။ မိုးရွာလို့ နေပူလို့မှ လူတစ်ယောက်မှခိုမရတာ မလုပ်ချင်ပါနဲ့။ လူအများ ကောင်းကျိုးရှိမည့်အလှူကိုသာ လှူသင့်တယ် ဒကာကြီးရဲ့”လို့ မိန့်တော်မူလိုက်ပါတယ်။
ဒကာကြီးက “သည်လိုဖြင့် တပည့်တော် ဘာကို လှူရမလဲ ဘုရား”လို့လျှောက်ထားတော့-
ဆရာတော်ကြီးက “ဘုန်းကြီးတို့ မင်းကွန်းကျေးရွာမှာ ဆေးပေး ခန်းကလေးဟာ အလျား ၃-ခန်း၊ အနံ ၂-ခန်း အလွန်ကျဉ်း မြောင်းပါတယ်။ မျောတိုင်, ထရံကာ, သက်ကယ်မိုးဆိုတော့ မ ကြာမီ ခြစာဖြစ်မှာပဲ။ ရွာကဆင်းရဲတော့ သည့်ထက်လဲ တတ် နိုင်မှာ မဟုတ်ဘူး။ အဲဒီနေရာမှာ နိုင်ငံတော်အစိုးရက သတ်မှတ် ထားသည့်အတိုင်း စံချိန်မီ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ဆောက်လှူလိုက်လျှင် ဘုန်းကြီးကျောင်းရှေ့က ခြင်္သေ့နှစ်ကောင် ထက် လူအများလက်တွေ့အကျိုး ခံစားရမှာပါ”လို့ မိန့်တော်မူ ပါတယ်။
ဒကာကြီးçဒကာမကြီးတို့က ဆရာတော်မိန့်တဲ့အတိုင်းပဲ စံချိန် မီ ကျေးလက်ဆေးပေးခန်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ အဲဒီ ဆေးပေးခန်းဖွင့်ပွဲကို နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန် ကြီးတို့ကိုယ်တိုင် တက်ရောက်ခဲ့ပါသတဲ့။
အကျိုးရှိမရှိကို ဘေးချိတ်ပြီး ကိုယ့်ရဲ့အသိုက်အဝန်း လင်းလက်ဖို့လောက်သာ ကြိုးပမ်းနေကြတဲ့ ပိုးစုန်းကြူးလိုလောကကြီးမှာ ဆရာတော်ရဲ့ နှလုံးသားက လမင်းကြီးလို ထိန်ထိန်သာနေလိုက်တာ ဘယ်လောက်ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ ပုံရိပ်လဲ။
(၇)
ဆရာတော်ရဲ့ ဘဝတစ်လျှောက်လုံး အများအတွက် ရွက် ဆောင်ခဲ့တဲ့ ပုံရိပ်တွေချည်း။ ဆရာတော့်ရဲ့ လှပတဲ့ပုံရိပ်တွေက ကျွန်တော့်ရင်ထဲ ပယ်ထုတ်ပစ်ချင်စရာမရှိအောင် ကြည်နူးပီတိ ဖြစ်စရာတွေချည်းပါပဲ။
ဆရာတော်လို လှပတဲ့ပုံရိပ်တွေမျိုး ကျွန်တော်တို့တွေ ရေးဆွဲ နိုင်ပါဦးမလား။ ခုခေတ်နောက်ဆုံးပေါ် မိတ္တူစက်တွေကကော ဆရာတော်ရဲ့ပုံရိပ်တွေကို ကျွန်တော်တို့နှလုံးသားထဲအထိ ရောက် အောင် ကူးမပေးနိုင်ဘူးလား?။ တွေးတောရင်း လောကကြီးကို မေ့လျော့နေမိတယ်။
ကျွန်တော်စီးလာတဲ့ သုံးဘီးဆိုင်ကယ်လေး တုန့်ခနဲရပ်သွားပြီး အသံလည်း ငြိမ်သက်သွားတယ်။ “ဆွမ်းဦးပုညရှင်စေတီကို ဒီ လမ်းကနေဘဲ တက်သွားလိုက်တော့ အထက်ထိ မောင်းလို့မရ တော့ဘူး” ကားသမားရဲ့အသံကြားမှ “ဪသာ်.. စစ်ကိုင်းကို ရောက်ပြီကိုး...”ဟု နှုတ်ကရေရွတ်မိပေမယ့် ရင်ထဲမှာတော့ မင်းကွန်း ဆရာတော်ရဲ့ အလှပုံရိပ်တွေက ထင်ဟပ်နေဆဲ….။
