Thursday, May 31, 2012

မဟာဂန္ဓာရုံဆရာတော် ရေးသားတော်မူသည့် ဘာသာသွေး (၁၆)


ဘိက္ခုသာဝက

ဘုရားရှင်၏ ဘိက္ခုသာဝက(ရဟန်းတော်တပည့်များတွင် အနာဂတ်သာသနာရေး စာအုပ်၌သံဃာ့ရတနာအခန်း၌ပြခဲ့သော အရှင်မဟာကဿပစသော အမျိုးလည်းကောင်း, အကျင့်လည်းကောင်းသော ပုဂ္ဂိုလ်များလည်းပါဝင်၏၊ အမျိုးအထက်တန်း မကျသော်လည်း အကျင့်စာရိတ္တနှင့် တရားတော်ကို သိတတ်သော ပညာရှိ အရှင်ဥပါလိစသော ပုဂ္ဂိုလ်များလည်းပါဝင်၏၊ ထိုမြတ်စွာဘုရား၏ သာသနာ့တာဝန်ကို ထမ်းဆောင်မှုကြောင့် ဗုဒ္ဓမြတ်စွာ၏ သာသနာတော်သည် လောကီ ပညာရှိပဏ္ဍိတ်ကြီးတွေ ထွန်းကားနေသော အိန္ဒိယဒေသ, အယူဝါဒ အမျိုးအစား များပြားလှသော အန္ဒိယဒေသ ပုရာဏကဿ, မာက္ခလိ ဂေါသာလစသော ဘုရားအမည်ခံပုဂ္ဂိုလ်တို့၏ ကျက်စားရာဖြစ်သော အိန္ဒိယဒေသဝယ် ထယ်ထယ်ဝါဝါနှင့် ကျယ်ပြန့်နိုင်ခဲ့ပါသည်။


ဘိက္ခုနီသာဝိကာမ

ရဟန်းဘဝကို ယူကြသော အမျိုးသ္မီးများကို “ဘိက္ခုနီ သာဝိကာမ” ဟုခေါ်ပါသည်၊ ထိုဘိက္ခုနီများတွင် အမျိုးဂုဏ်, အဆင်းဂုဏ်, ပညာဂုဏ်, အလုံးစုံသော အမျိုးသမီးတွေ အများအပြား ပါဝင်ပါသည်၊ ထိုဘိက္ခုနီများတွင် ပွန်းပွန်းတီးတီး ဆက်ဆံရခြင်းကြောင့် အမျိုးသမီးပေါင်းများစွာ လိမ္မာယဉ်ကျေးမှုကို ရကြပေသည်၊ ထိုလိမ္မာယဉ်ကျေးပြီးသော အမျိုးသမီးများကြောင့် အိမ်ထောင်ဘက် အမျိုးသားများလည်း မြတ်စွာဘုရား သာသနာပြု ဒါယကာများ ဖြစ်လာရပေသည်၊ ဤသို့ သာသနာတော်နှင့် အမျိုးဘာသာကို တိုးတက်အောင် စွမ်းဆောင်နိုင်ကြသော ဘိက္ခုနီများတွင် အနည်းငယ် တစ်ချို့မျှကို အကျဉ်းချုပ်မျှ ထုတ်ပြပါဦးမည်။


မိထွေးတော်နှင့် မင်းသမီးငါးရာ

မာယာဒေဝီနှင့် ဂေါတမီဟူသော ညီအစ်မနှစ်ယောက်သည် ဒေဝဒဟမြို့ မဟာသုပ္ပဗုဒ္ဓမင်း၏ သမီးတော်များ ဖြစ်၏၊ ထိုညီအစ်မ နှစ်ဦး စလုံးပင် “စကြာမင်းလောင်း သားရတနာများကို ဖွားကြလိမ့်မည်”ဟု ပုဏ္ဏားတို့က ဟောကိန်းထုတ်ထားကြကုန်၏၊ ထိုနှစ်ယောက်လုံးသည်ပင် သုဒ္ဓေါဒနမဟာရာဇာ၏ မိဖုရားများဖြစ်ကြ၍, မာယာဒေဝီမှ ဘုရားအလောင်း ဖွား၏၊ ဘုရားအလောင်းဖွား၍ (၇)ရက် ကြာသောအခါ မယ်တော်မာယာ နတ်ရွာစံသောကြောင့် ဂေါတမီသည် မိဖုရားကြီးဖြစ်၏၊ ထိုအချိန်မှာ နန္ဒမင်းသားကို ဖွားမြင်သည်၊ ဘုရားအလောင်း၏ အဒေါ်လည်းဖြစ်, မိထွေးလည်းဖြစ်သော ဂေါတမီသည် သားရင်း နန္ဒမင်းသားကို အထိန်းတော်များထံ ထား၍ ဘုရားအလောင်း(တူတော်ကလေး)ကိုကား မိမိကိုယ်တိုင် နို့ချိုတိုက်ကျွေး မွေးမြူခဲ့လေသည်။
သုဒ္ဓေါဒနမဟာရာဇာသည် အနာဂါမ်တည်ပြီးနောက် ထီးဖြူ အောက်မှာပင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံ၏၊ ထိုအခါ မိထွေးတော် ဂေါတမီသည် ဘုရားအထံတော်သို့ လာ၍ ဘိက္ခုနီသာသနာ ခွင့်ပြုပါရန် အကြိမ်ကြိမ် တောင်းပန်ပြီးမှ အခွင့်ရ၍ မိမိကိုယ်တိုင် ဘိက္ခုနီ ပြုလျှက် “ရဟန္တာမ” ဖြစ်လေသည်၊ ထိုအချိန်မှစ၍ အမျိုးသမီးများစွာတို့၏ မယ်တော်ကြီးပမာ အရာရာဝယ် သွန်သင်ပြသ ဩဝါဒပေးလေသည်၊ မိထွေးတော် ဂေါတမီနှင့်အတူ ဘိက္ခုနီပြုကြသော သာကီဝင် အမျိုးသမီးပေါင်း ငါးရာရှိ၏၊ ထိုငါးရာလုံးပင် နောင်အခါ၌ တရားထူးကို ရကြသည်၊ ထို့နောက် နန္ဒမင်းသား၏ နှမတော်လည်းဖြစ်, လက်ထပ်ဖို့ ကြင်ယာ လောင်းလည်းဖြစ်သော ဇနပဒကလျာဏီမင်းသမီးလည်း ဘိက္ခုနီမ ပြုလုပ်၍ ရဟန္တာမဖြစ်လေသည်။

ယသော်ဓရာ
ယသော်ဓရာမိဖုရားသည် ဘုရားအထံ လာ၍ သားတော်ရာဟုလာကို ပြန်ပေးဖို့ရန် လျှောက်ထား၏၊ မိဖုရာ၏ ယူဆချက်ကား “သာကီဝင် မင်းမျိုးမှ ထက်မြက်သော မင်းသားတွေ ရဟန်းပြုသွားကြသဖြင့် သာကီဝင် တစ်မျိုးလုံး အောက်ကျနောက်ကျ ဖြစ်တော့မည်၊ သားတော်ကို ပြန်တောင်း၍ ရင်ခွင်ပိုက်လျှက် သာကီဝင်တစ်မျိုးလုံး အဆင့်အတန်း မနိမ့်အောင် ကြိုစားမည်”ဟူသော ရည်ရွယ်ချက်တည်း၊ အလွန်ထက်မြက်၍ (လောကီအလိုအားဖြင့်) စိတ်ထားမြင့်မြတ်သောမိဖုရားပေတည်း၊

ထိုသို့ သားတော်ကို တောင်းသော်လည်း သားတော်မရဘဲ ဘုရားရှင်၏ ဩဝါဒဖြင့် ဘိက္ခုနီဖြစ်ရလေတော့သည်၊ ယသော်ဓရာ၏ ထက်မြက်သော စိတ်ဓာတ်သည် ပါရမီဖြည့်စဉ်ကပင် ပါလာသောဓာတ်တည်း၊ ထိုထက်မြက်သော စိတ်ဓာတ်ကို စိတ်အားငယ်တတ်သော အမျိုးသမီးတို့ အားကျသင့်လှပေသည်။

ခေမာမိဖုရား

ခေမာမိဖုရားသည် မဒ္ဒတိုင်း သာဂလမြို့ဝယ် မင်းမျိုး၌ ဖွားမြင်၍ ရွှေအဆင်းကဲ့သို့  ဝါဝင်းသော အသားရေရှိ၏၊ အရွယ်ရောက်သောအခါ ဗိမ္ဗိသာရမဟာရာဇာ၏ မိဖုရားဖြစ်၏၊ ရုပ်အဆင်းလှပသလောက် အဆင်းမာန် တက်သောကြောင့် ရုပ်အဆင်း၏ အပြစ်ကို ဟောပြောလေ့ရှိသော ဘုရားထံတော်သို့ မသွားဘဲ ရှောင်လွဲ၍နေသည်၊ ဗိမ္ဗိသာရမဟာ ရာဇာသည် မိမိက ဘုရားကျောင်းဒါယကာ  ဖြစ်ပါလျှက်, မိမိ မိဖုရားက ဘုရားအထံတော်သို့ မသွားခြင်းကို မကျေနပ်သောကြောင့် ဘုရား ကျောင်းတော်သို့ သွားချင်လာအောင် “ဘုရားသီတင်းသုံးတော်မူရာ ဝေဠုဝန်ဥယျာဉ်၏ သာယာကြောင်း, နတ်များသော်မှ ဝေဠုဝန်ဥယျာဉ် ရောက်လျှင် စိတ်အေးချမ်းသဖြင့် နန္ဒဝန်ဥယျာဉ်သို့ မသွားဘဲ ဝေဠုဝန် ဥယျာဉ်သို့ လာကြောင်းကို” အဆိုတော်တို့အား ဖွဲ့နွဲ့သီဆိုစေလေသည်။

ထိုအခါ ဝေဠုဝန်ဥယျာဉ်ကို ရှုစားလိုသဖြင့် မဟာရာဇာအထံ ခွင့် ပန်၍ ဝေဠုဝန်ဥယျာဉ်သို့ သွားခါနီးဝယ် ဗိမ္ဗိသာရမဟာရာဇာသည် နောက်ပါ မင်းမှုမင်းထမ်းတို့အား ဘုရားကို မဖူးတွေ့ဘဲ မပြန်ခဲ့စေဖို့ မှာလိုက်၏၊ ထို့ကြောင့် ဥယျာဉ်ကို လှည့်ပတ်ကြည့်ရှု၍ ပြန်မည်ပြုသောအခါ မင်းမှုမင်းထမ်းတို့က မဟာရာဇာ၏ အမိန့်ကို သံတော်ဦးတင်ကြသဖြင့် ဘုရားရှိရာသို့ သွားရလေသည်၊

ထိုအခါ မြတ်စွာဘုရားသည် ခေမာမိဖုရားထက်လှသော သတို့သမီးတစ်ယောက်ကို ဖန်ဆင်းတော် မူ၍ ဘုရားရှင်အား ယပ်ခပ်နေပုံကို ပြတော်မူ၏၊ ခေမာမိဖုရားသည် သူ့ထက်လှသောသတို့သမီးကို ကြည့်ရှုနေစဉ် ထိုသတို့သမီးသည် တဖြည်း ဖြည်း အို၍ နာ၍သေသွားဟန်ကိုပြတော်မူ၏၊ ထိုအခါ ရုပ်အဆင်း၏ နှစ်သက်ဖွယ်မရှိပုံ, အနှစ်သာရမရှိပုံကို မျက်မြင်တွေ့ရ၍ ရုပ်အဆင်း ပေါ်၌ ငြီးငွေ့စက်ဆုပ်လာသော ခေမာမိဘုရားအား တရားဟောတော် မူလေသော် တရားထူးရ၍, မဟာရာဇာထံ ခွင့်ပန်ပြီးလျှင် ဘိက္ခုနီတို့တွင် ပညာဥာဏ် အထက်ဆုံး ဧတဒဂ်ရ ရဟန္တာဘိက္ခုနီဖြစ်လေသည်။

ဥပ္ပလဝဏ်သူဌေးသမီး

[ဥပ္ပလ-ကြာညို+ဝဏ္ဏ-အဆင်း] ကြာညိုပန်း၏အတွင်းက အဆင်းကဲသို့ အဖြူပေါ်တွင် အနည်းငယ်ညိုရောင်သန်းသော အဆင်းဖြင့် ထူးခြားတင့်တယ်သော အဆင်းရှိသောကြောင့် “ဥပ္ပလဝဏ်” မည်သော အမျိုးသမီးသည် သာဝတ္ထိမြို့ဝယ် သူဌေးမျိုး၌ ဖွားမြင်၏၊ လှပသောအဆင်းကို သတင်းကြားသော မင်းသား, သူဌေးသား တိုင်းလိုပင် ဖခင်သူဌေးကြီးထံ တောင်းရမ်းကြကုန်၏၊ သူဌေးကြီးသည် သမီးတစ်ယောက်တည်းဖြင့် အများအလိုကို မလိုက်လျောနိုင်သောကြောင့် သမီးကို “ရဟန်းမပြုနိုင်တော့ဘူးလား”ဟုမေးရတော့၏၊ ကမ္ဘာတစ်သိန်းမျှ ကောင်းမူပါရမီဖြည့်လာခဲ့သူဖြစ်ရကား ဖခင်သူဌေးကြီး၏ စကားသည် အကြိမ်တစ်ရာလောက် အထပ်အထပ်ချက်ပြီးသော ဆီအေးကလေး ဦးခေါင်းပေါ်လောင်းလိုက်သကဲသို့ အေးမြသွားရကား “ရဟန်းပြုနိုင်ပါသည်”ဟု ချစ်စဖွယ် ပြန်ပြောလေသည်၊ ထို့နောက် ဘိက္ခုနီပြုလုပ်၍တန်းခိုးကြိးမားသူတို့တွင် ထိပ်တန်အရောက်ဆုံး (ဧတဒဂ်)ရသောရဟန္တာဘိက္ခုနီဖြစ်လေသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ