မြတ်ဗုဒ္ဓပွင့်တော်မမူခင်ကပေါ့ အမျိုးကောင်းသား တစ်သောင်းဟာ ရသေ့ပြုပြီး ဥရုဝေလတောမှာ နေထိုင်ကြပါသတဲ့။ အဲဒီတုန်းကတော့ ဒီတောဟာ ဥရုဝေလလို့ အမည်တော့ မရသေးဘူးထင်ပါတယ်။ တစ်နေ့တော့ ရသေ့တွေစည်းဝေးပြီး ၀န်ခံမှုလေးတစ်ခု လုပ်ကြပါတယ်။ သူတို့ရဲ့ ၀န်ခံမှုကလေးက အတော်စိတ်ဝင်စားစရာကောင်းလှပါတယ်။
"ကိုယ်နဲ့လုပ်တဲ့အလုပ်တွေ နှုတ်နဲ့ပြောဆိုတဲ့ အပြောတွေက သူများတေရဲ့စိတ်မှာတောင်မှလည်း ထင်ရှားသေးတယ်၊ ကိုယ့်စိတ်ကိုယ်တော့ ပြောစရာမလိုဘူး။ စိတ်နဲ့ကြံစည်တွေးတောတာတွေကျတော့ သူတစ်ပါးတွေရဲ့ စိတ်မှာ မထင်ရှားဘူး။ ဒါကြောင့်..တစ်စုံတစ်ယောက်က ကာမဂုဏ်နဲ့ပတ်သက်တဲ့ အတွေးအကြံတွေ၊ လိုချင်တပ်မက်မှုအတွေးအခေါ်တွေ၊ နှိပ်စက်ညှဉ်းဆဲလိုတဲ့ အတွေးတွေ၊ သတ်ချင်ဖြတ်ချင်တဲ့ အတွေးတွေ တွေးခေါ်ကြံစည်နေလျှင် သူ့ကို အခြားသူတွေက အပြစ်တင်မည့်သူ မရှိဘူး။ အဲဒီအတွေးတွေ အဲဒီအကြံတွေ ကြံစည်တွေးတောနေရင် ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး ဒဏ်ပေးတဲ့အနေနဲ့ ဖက်ရွက်နဲ့လုပ်ထားတဲ့ခွက်နဲ့ သဲတွေကို သယ်ယူပြီး ဒီနေရာမှာ ဖြန့်ကြဲကြစတမ်း" ဆိုပြီး ကတိက၀တ်ပြုထားလိုက်ကြပါတယ်။
အဲဒီလို ကတိက၀တ်ပြုပြီးတဲ့အခါကစပြီး စိတ်နဲ့မကောင်းတဲ့အကြံကို ကြံစည်မိတိုင်း ဖက်ရွက်ခွက်ကလေးနဲ့ သဲတွေသယ်သယ်ပြီး လောင်းကြရတာပေါ့။ အဲဒီလိုနဲ့ သဲပုံကြီးဖြစ်သွားပါတော့တယ်။
နောင်းလူတွေက အဲဒီသဲပုံကြီးကို ကာရံပြီး သဲပုံစေတီသဘောမျိုး ပူဇော်ကြပါသတဲ့။ သဲပုံစေတီဟာ မြတ်ဗုဒ္ဓပွင့်တော်မမူစဉ်က ပြုလုပ်ခဲ့တဲ့ ဓလေ့လို့ဆိုရမလိုပါပဲ။
မြတ်ဗုဒ္ဓ ဘုရားဖြစ်တော်မူပြီး ဥရုဝေလ ဆိုတဲ့တောမှာ သီတင်းသုံးတော်မူခဲ့ဖူးခဲ့တဲ့ နေရာရဲ့ အတိတ်သမိုင်းလေးပါပဲ။
အဲဒီအကြောင်းအရာလေး ၀ိနည်းမဟာဝါအဋ္ဌကထာမှာ ကြည့်ရှုမိတော့ ဟိုးငယ်ငယ်က ကိုရင်ဘ၀ကို ပြန်ပြီးလွမ်းဆွတ်မိပါတယ်။
ကိုရင်ငယ်ငယ်ဘ၀က အပြစ်တစ်ခုခုတွ့ရင် ဥပဇ္ဈာယ်ဆရာတော်က ဒဏ်ပေးလေ့ရှိပါတယ်။ အုတ်သယ်၊ ကျောက်သယ်၊ မြေသယ်၊ သစ်ပင်စိုက် အမျိုးမျိုးပါပဲ။ အင်မတန်ကြီးမားတဲ့ အပြစ်ကို လွန်ကျူးမှသာ ရွှေကြိမ်လုံးကို သုံးတော်မူတာပါ။
ငယ်ငယ်ကနေခဲ့တဲ့ တောရွာစာသင်ကျောင်းတိုက်ကို ပြန်ရောက်တော့ ဥယျာဉ်တွေနဲ့ စိမ်းလန်းနေတယ်။ ဟိုငယ်ငယ်ကိုရင်ဘ၀က ဒဏ်ထမ်းရင်းစိုက်ပျိုးခဲ့တဲ့ အပင်တွေလည်းပါတာပေါ့။ ဒဏ်ထမ်းရင်း အုတ်သယ်ပြီး ဆောက်ခဲ့တဲ့ကျောင်းတွေ ခုဆို သံဃာတော်တွေ ချမ်းချမ်းသာသာနဲ့ ပရိယတ်ပဋိပတ် ဆောင်ရွက်နေကြပြီလေ။ အဲဒီကျောင်းလေးမှာ ငယ်ငယ်က ဒဏ်ထမ်းဖော် သီတင်းသုံးဖော်ချင်းတွေ့ရင် ငယ်ငယ်က ဒဏ်ထမ်းခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြေကြရတာကလည်း နတ်သုဒ္ဓါလို အရသာအလွန်ရှိလှပါတယ်။
"ဒီအပင်လေးက သူစိုက်ထားတာ ဒီအပင်ကတော့ သူဘာဖြစ်လို့ စိုက်ရတာ၊ ဒီကျောင်းဆောင်ကြီးဆောက်တော့ သူက ဟိုအပြစ်မိလို့ အုတ်ဘယ်လောက် သဲဘယ်လောက် သယ်ခဲ့ရတာ" စသဖြင့် ဂုဏ်ယူပြောဆိုနေရပြီလေ။
ငယ်ငယ်က အပြစ်တွေကို တကယ့် သမိုင်းဝင်အမှတ်တရတွေအဖြစ် ဆရာတော်က ဖန်တီးပေးခဲ့တာပါလား လို့ အတိတ်ကို လွမ်းဆွတ်မိလိုက်ပါသေးတယ်။
ဥရုဝေလဆိုတဲ့ နာမည်ကျော်အရပ်ကို ဖန်တီးခဲ့တဲ့ ရသေ့တွေလို ကိုယ့်အပြစ်ကိုယ်မြင်လို့ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဆရာတော်တွေ့တဲ့ အပြစ်တွေလောက်သာ ဒဏ်ထမ်းဆောင်ရလို့ လုပ်ဖြစ်ခဲ့တဲ့ အမှတ်တရလေးတွေပါ။
ရာသီကပူလာပြီ၊ သစ်ပင်တွေက ပြုံးတီနေတာများတော့ ပိုပူလာတယ်။ ရာသီဥတုတွေ ဖောက်ပြန်လိုက်တာ….။
လူသားအားလုံးသာ ရသေ့တစ်သောင်းလို မဟုတ်တဲ့အတွေးကို မကောင်းတဲ့အတွေး တစ်ခုကြံစည်တွေးတောမိတိုင်း သစ်ပင်တစ်ပင်သာ စိုက်ကြမယ်ဆိုရင် ဒီကမ္ဘာမြေကြီးဟာ စိမ်းလန်းတဲ့ အရောင်တွေကပဲ ဖုံးလွမ်းပြီး သာယာတဲ့ကမ္ဘာ လှပတဲ့ကမ္ဘာ ရာသီဥတုမျှတတဲ့ကမ္ဘာ ဖြစ်မှာသေချာတယ်လို့လည်း အတွေးနယ်ချဲ့မိလိုက်ပါသေးတယ်..။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ….။