ညီတော်နှင့်သားတော်
ရှင်ရဟန်းပြုပုံ
ဗုဒ္ဓမြတ်စွာသည်
ကိုယ်တော်တိုင်သိမြင်တော်မူအပ်သော တရားတော်၏ မွန်မြတ်လှသောကြောင့် ထိုတရားတော်ကို သတ္တဝါတို့အားလည်း
သိစေတော်မူလိုသော ဆန္ဒတော်ပြင်းပြလျက်ရှိ၏။ ထို့ကြောင့် လောကီအလိုအားဖြင့် အရင်းဆုံးဟု
ဆိုထိုက်သော ညီတော် နန္ဒမင်းသားနှင့် သားတော်ရာဟုလာတို့အား ထိုတရားတော်ကို သိကြဖို့ရန်
ရှင်ရဟန်း ပြုပေးတော်မူ၏၊
ချဲ့ပါဦးမည်---ဘုရားရှင်သည်
ကပိလဝတ်နေပြည်တော်သို့ ပထမအကြိမ်ရောက်တော်မူ၍ သို့ရက်မြောက်နေ့၌ ညီတော် နန္ဒမင်းသားကို
ရဟန်းပြုပေးတော်မူ၏ ထိုနေကားနှမတော် ဇနပဒကလျာဏီနှင့် လက်ထပ်၍ အိမ်ရှေ့နန်းအပ်ဖို့ စီစဉ်ပြီးသောနေ့တည်း၊
ထိုနေ့စောစော၌ ဘုရားရှင်သည် ခမည်းတော်၏ နန်တော်မှ ဆွမ်း ဘုဉ်းပေး၍ ပြန်အကြွတွင် နန္ဒမင်းသားကို
သပိတ်ကိုင်စေ၍ ကျောင်းတော်ရောက်သောအခါ “ရဟန်းပြုမည်လော”ဟု မေးတော်မူလျှင် မပြု ချင်သော်လည်း
ငယ်စဉ်ကပင် အရိုအသေပေးရသော နောင်တော်ဖြစ် သောကြောင့် “ရဟန်းပြုပါမည်” ဟု လျှောက်ရတော့သည်၊
နေပြည်တော် ရောက်၍ ခုနှစ်ရက်မြောက်နေ့၌ လောကီအမွေတောင်းလျက် နောက် တော်ကပါလာသော(၇-အရွယ်
ငယ်ရှာသော) သားတော်ရာဟုလာကို “လောကုတ္တရာအမွေးပေးမည်”ဟု မိန့်တော်မူကာ ရှင်သာမဏေကလေး
ပြုစေတော်မူသည်။
လူ့စည်းစိမ်ထက်ကောင်းလို့
နန္ဒမင်းသားသည် ရဟန်းမပြုလျှင် ပထမအိမ်ရှေ့မင်းသားဖြစ်၍
ခမည်းတော်ကြိးနတ်ရွာစံသောအခါရှင်ဘုရင်ဖြစ်ဖို့သေချနေသောမင်းသားပေတည်း၊ သူ၏ရုပ်လက္ခဏာ
အလိုအားဖြင့် စကြာမင်း ဖြစ်ထိုက်သော ဘုန်းကံပါရှိသူလည်းဖြစ်သည်၊ ရာဟုလာမင်းသားလည်း
နန္ဒမင်းသား ရဟန်းပြုပြီးဖြစ်သောကြောင့် အိမ်ရှေ့မင်းနှင့် ရှင်ဘုရင်ဖြစ်ဖို့ သေချာနေ၏။
ဘုရားရှင်နှင့်
ယသော်ဓရာတို့၏ သွေးသားဖြစ်သောကြောင့် ရုပ်လက္ခဏာမှာလည်း စကြာမင်းဇာတာပါနေသူပင်ဖြစ်သည်၊
လောကီဘက်၌ထိုမျှလောက် အေးအေးဆေးဆေးနှင့် တက်လမ်းကောင်းသူကား ယခုကမ္ဘာဝယ် တစ်ယောက်တလေမျှ
မရနိုင်ပါ၊ သို့ပါလျက် ရဟန်းပြုပေးတော်မူသည်မှာ ရဟန်းဘဝက ထိုအကောင်းထက် ကောင်းသောကြောင့်သာ
ဖြစ်ပါသည်။
ဘုရားရှင်လည်း
ထိုသာလွန်သော အကောင်းကို မျှော်မှန်းတော် မူနိုင်သောကြောင့်သာ လက်ရှိထီးနန်းနှင့် ယသော်ဓရာမိဖုရားစသော
အခြွေအရံများကို စွန့်လွှတ်နိုင်ပါသည်၊ ထိုဘုရားရှင်ကို အတုလိုက်၍ သာကီဝင်မင်း မှူးမတ်တစ်ထောင်တို့
ရဟန်းပြုကြသည်၊ ထို့နောက် အနုရုဒ္ဓါစသော မင်းသားတို့လည်း ရဟန်းပြုပြန်၏၊
ဤသို့ လူ့ဘောင်
လူ့စည်းစိမ်နှင့် နေနိုင်သူအများအပြားပင် ရဟန်းပြုကြခြင်းကား လူ့စည်း စိမ်ထက်ကောင်းသော
အကောင်ကို မျှော်မှန်းနိုင်ကြ၍သာဖြစ်ပါသည်၊ ထို့ကြောင့် ယခုအခါ ရှေးရှေးဘဝက ပါရမီဓာတ်ခံပါလာသော
အမျိုး သားများလည်း (တစ်ရာ တစ်ယောက်, တစ်ထောင် တစ်ယောက်ဖြစ်စေ) ရှိပါလိမ့်ဦးမည်၊ ထိုဓာတ်ခံပါသူတို့သည်
ဤ သာသနာသို့ ဝင်ရောက်၍ သာသနာ့တာဝန်ကို ထမ်းကြစေလိုပါသည်။
အနာထပိဏ်၏
ညီနှင့်သား
အနာထပိဏ်၏သူဋ္ဌေး၏
အဖသည် သုမနသူဋ္ဌေးတည်း၊ ထိုအနာထပိဏ်သူဋ္ဌေးမှာ “သုဘူတိ”မည်သော ညီတစ်ယောက်လည်းရှိ၏၊ ထို
သုဘူတိသည် ဇေတဝန်ကျောင်းတော်၌ ရေစက်ချသော နောင်တော် အနာထပိဏ်နှင့်အတူ လိုက်သွား၍ တရားတော်ကို
နာရ၏၊ ထိုအခါ သာသနာတော်ကို ကြည်ညိုလှသဖြင့် ရဟန်းပြု၏၊ ထို့နောက် တောကျောင်း၌ နေပြီးလျှင်
မေတ္တာကမ္မဋ္ဌာန်းကို အခြေခံလျက် ဝိပဿနာတက်၍ ရဟန္တာဖြစ်လေသည်၊ ဆွမ်းခံကြွသောအခါ အိမ်ပေါက်တိုင်း
အိမ်ပေါက် တိုင်းဝယ် မေတ္တာဈာန်ကို ခေတ္တခဏဝင်ပြီးမှ ဆွမ်းခံကြွလေ့ရှိ၏၊
ထို့ကြောင့်
အလှူခံပုဂ္ဂိုလ်တို့တွင် ထိပ်တန်းအကျဆုံး ဧတဒဂ်အရာကို ရတော်မူသည်၊ နောက်တစ်ခါ အနာထပိဏ်သူဋ္ဌေးသား
ဖြစ်သော “သဒ္ဒ” အမည်ရှိသူလည်း ထိုဘထွေးတော် သုဘူတိရဟန္တာ၏အထံဝယ် ရဟန်း ပြု၍ ရဟန္တာဖြစ်လေသည်။
[ဤဝတ္ထုကို ရှု၍ယခုအခါ ကျောင်းဒကာ ဘုရားဒကာတို့၏ ညီများ သားများလည်းအလှူဒါနပြုရုံဖြင့်
အားမရ ကြဘဲ သာသနာ့တာဝန်ကို ကိုယ်တိုင်ထမ်းဆောင်ဖို့ရန် ကြိုးစားသင့် ကြပါသည်။]
(ဘာသာသွေးစာအုပ်မှ) <<<ဆက်ဦးမည်>>>