Sunday, May 27, 2012

မဟာဂန္ဓာရုံဆရာတော် ရေးသားတော်မူသည့် ဘာသာသွေး (၁၀)

စိတ်အစဉ်၏ဂုဏ်တော်များ

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်

 ဈာန်တရားကို ရပြီးသော ဘုရားအလောင်းတော်၏ အလွန် သမာဓိအားကောင်းသော စိတ်အစဉ်သည်- (၁)ရှေ့ရော နောက်ပါ ထက်ဝန်းကျင် စင်ကြယ်နေ၏၊
 (၂)စင်ကြယ်သောကြောင့် အရောင် ထွက်သကဲ့သို့ ဖြူစင်နေ၏၊
(၃)ကိလေသာမရှိ၊
 (၄)ကိလေသာမရှိ သောကြောင့် ညစ်နွမ်းစေတတ်သော အညစ်အကြေးမှ ကင်းရှင်း၏၊ (၅)စိတ်အစဉ်သည် နူးနူးညံ့ညံ့ရှိ၏၊
 (၆)နူးနူးညံ့ညံ့ရှိသောကြောင့် လိုရာအာရုံသို့ ဆွဲဆောင်ဖို့ လွယ်ကူနေ၏၊ [ဥပမာ... အညစ်အကြေး ကင်း၍ နူးညံ့ပျော့ပျောင်းသော ရွှေစင်ရွှေကောင်းသည် လိုရာတန်ဆကြို ပြုဖို့ရန် ကောင်းမွန်သကဲ့သို့ ဖြစ်၏]
 (၇)ပြခဲ့သော ဂုဏ်များကို ခဏခေတ္တရခြင်း မဟုတ်၊ ထိုဂုဏ်များ၌ ခိုင်မြဲတည်တံ့နေ၏၊ ထိုဂုဏ်များ ပျောက်ပြယ်၍ မသွားနိုင်၊
(၈)ထိုဂုဏ်များ၌ ခိုင်မြဲသော ကြောင့်ပင် ထိုဂုဏ်များ၏ လှုပ်ရှားခြင်းမရှိ၊


ဤသို့ ဂုဏ်(၈)ပါးနှင့် ပြည့်စုံသော စိတ်အစဉ်သည် စိတ်နှင့် ဆိုင်ရာဝယ် (ဘယ်ကိစ္စမဆို) ညွှတ်လိုက်လျှင် ထိုညွတ်လိုက်ရာအာရုံသို့ ရောက်သွားအောင် ကောင်းမွန်လျက် ရှိလေပြီ။ ပုဗ္ဗေနိဝါသိဉာဏ် [ပုဗ္ဗေ-ရှေးရှေးဘဝများစွာ၌+နိဝါသ-နေခဲ့ရ, တွေ့ခဲ့ကြုံခဲ့သမျှ ကို+ဉာဏ-သိသောဉာဏ်၊] ဘဝများစွာ ကမ္ဘာများစွာတို့က ဖြစ်ပျက်ခဲ့ သော အကြောင်းအရာကိုလည်းကောင်း, ထိုဘဝတုန်းက ပတ်ဝန်းကျင်၌ တွေ့ခဲ့ကြုံခဲ့ ဆုံခဲ့သမျှသော အာရုံများကိုလည်းကောင်း ပြန်ပြောင်း၍ အောက်မေ့နိုင်သော အသိဉာဏ်ကို “ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်” ဟု ခေါ်၏၊ 

ဘုရားအလောင်းသည် ညစ်ကြေးမတင် လွန်သန့်စင်၍ ကြည်လင်နူးညံ့သော စိတ်အစဉ်ကို ပုဗ္ဗေ နိဝါသ သို့ ညွတ်ပေးတော်မူရာ, ရှေးဖြစ်ဟောင်းကို အောက်မေ့နိုင်သော အဘိညာဏ်ကို(ဉာဏ်ထူး) ဖြစ်ပေါ်လာလေသည်၊ ထို အဘိညာဏ်ကို ရသောအချိန်မှာ (တစ်ညဥ့်ကို သုံးပိုင်း ပိုင်း၍ ရှေု့ပိုင်း) ပထမယာမ် ဖြစ်သည်၊ ထိုပထမယာမ်အချိန်၌ ထိုပုဗ္ဗေနိဝါသဉာဏ်ဖြင့် လွန်ခဲ့သော ဘဝမှစ၍ သုမေဓာရှင်ရသေ့ဘဝ တိုင်အောင်လည်းကောင်း, ထို့ထက် ရှေးကျသော ကမ္ဘာများစွာက ဖြစ်ပျက်ခဲ့သမျှတွေ ကိုလည်းကောင်း သိမြင်တော်မူ၏၊ 

ထိုရှေးကျသော ဘဝတွေမှ ပြန်၍ ဆက်ကာဆက်ကာ အောက်မေ့လာခဲ့ရာ ဘုရား ဖြစ်မည့်ဘဝ မရောက်မီ ဝေဿန္တရာမင်း ဘဝနှင့် ထိုဘဝမှ စုတေ၍ ဖြစ်ရသော တုသိတာနတ်ပြည်၌ နတ်မင်းဘဝတို့ကို မြင်တော်မူလေည်။ 

 ဒိဗ္ဗစက္ခုဉာဏ်

 [ဒိဗ္ဗ-နတ်မျက်လုံးနှင့်တူသော+စက္ခု-အဆင်းကိုမြင်နိုင်သောဉာဏ်၊] နတ်မျက်လုံးသည် သေးငယ်သော အဆင်းကိုလည်းကောင်း, ဝေးသောအဆင်းကိုလည်းကောင်း မြင်နိုင်သကဲ့သို့ နတ်မျက်လုံးထက် ပင် ပို၍မြင်နိုင်သောဉာဏ်ကို “ဒိဗ္ဗစက္ခုဉာဏ်”ဟူ ခေါ်၏၊ 

ဘုရား အလောင်းတော်သည် ပုဗ္ဗေနိဝါသဉာဏ်ကို ရတော်မူပြီးသောအခါ ညစ်ကြေးမတင် လွန်သန့်စင်၍ ကြည်လင်နူးညံ့သော စိတော်ကို ဒိဗ္ဗစက္ခု၏ အာရုံသို့ ညွှတ်စေတော်မူ၏၊ ထိုအခါ သတ္တဝါတို့၏ စုတေ ခါနီးကိုလည်းကောင်း, ပဋိသန္ဓေနေပြီးစကိုလည်းကောင်း မြင်တော်မူ၏၊ အမျိုးဂုဏ်စသောအားဖြင့်အောက်တန်းကျသူ, အထက်တန်းရောက်သူ တို့ကိုလည်းကောင်း, လှသူ မလှသူတို့ကိုလည်းကောင်း, သုခ ရောက်သူ ဒုက္ခရောက်သူတို့ကိုလည်းကောင်း မြင်တော်မူ၏၊ ထိုဉာဏ်ကို “ဒိဗ္ဗစက္ခုအဘိညာဏ်” ဟု ခေါ်၏၊ 

ထိုအဘိညာဏ်ရသောအချိန်မှာ ညဥ့်၏အလယ်ပိုင်း မဇ္ဈိမယာမ်ဖြစ်သည်၊ ထိုဉာဏ်ဖြင့် ငရဲကောင်, ပြိတ္တာကောင်တို့ကိုလည်း မြင်တော်မူ၏၊ လူအရပ်ရပ် နတ်အဖြာဖြာ ဗြဟ္မာအမျိုးမျိုးကိုလည်း မြင်တော်မူ၏၊ ထိုသို့ မြင်ရ၍ ထိုသတ္တဝါတို့၏ ရှေးကံကို ဆင်ခြင်တော်မူသောအခါ လောဘဒေါသမောဟပါသေ အကုသိုလ် ကံကြောင့် ငရဲကောင် တိရစ္ဆာန်ကောင် ပြိတ္တာကောင် ဖြစ်ရပုံ, လူ့ဘုံမှာ ဖြစ်ရသော်လည်း ထိုအကုသိုလ်ကံကြောင့် လူနုံလူမွဲ လူဆင်းရဲဖြစ်ရပုံ များကိုလည်းကောင်း, အလောဘ ဒေါသ အမောဟပါသော ကုသိုလ်ကံကြောင့် လူချမ်းသာနှင့် နတ်ဗြဟ္မာဖြစ်ရပုံ, တိရစ္ဆာန်ဘဝမှာ ဖြစ်ရသော်လည်း ထိုကုသိုလ်ကံကြောင့် လှလှပပနှင့် သုခရနေပုံကိုလည်းကောင်း အစုံအလင် သိမြင်တော်မူရလေသည်။ 

မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ