မရိုးမသား ပြည့်စုံမှုတိုင်းမှာ ကိုယ့်ဘဝကိုယ်
အားရ ကျေနပ်မှုတွေ ထာဝရငုတ်လျှိုး နေပါလိမ့်မယ်။
“ကျေနပ် နိုင်ပါတယ်” ဆိုခဲ့ရင်လည်း
ဒီစကားဟာ ‘မချိ သွားဖြဲ’ သဘောမျိုးပဲ ဖြစ်ပါမယ်။
ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင်သူ
မင်း ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင်ပြီလား.?
ဒီစကားကတော့ ငယ်ငယ်က အတူနေခဲ့ဖူးတဲ့ သူငယ်ချင်း ရဟန်းတော်တစ်ပါးကို မိမိက မေးလိုက်မိတဲ့ မေးခွန်းပါ၊ ၁၃၇၃-ခု၊ နယုန်လဆန်းပိုင်းလောက်ကပါ။ သူက ပြန်ဖြေပါတယ်၊ ဒါက တော့ဘုရား ဘယ်သူမှ ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင်မှာ မဟုတ်ပါ ဘူး.တဲ့။
တကယ်တော့ ဒီမေးခွန်းကို သူများကိုသာ မိမိက မေးမိလိုက် တာပါ၊ မိမိကိုယ် မိမိ ပြန်မေးကြည့်ပြန်တော့လည်း အဖြေရ ခက်နေပြန်ပါတယ်၊ သူငယ်ချင်းရဟန်းတော်ကတော့ လောက ရေးကို ဦးတည်ပြီး ဖြေလိုက်တယ်လို့ပဲ မှတ်ယူလိုက်ပါတယ်၊ ဒီအမေးနဲ့ ဆက်စပ်ပြီး “ဘယ်လိုလူဟာ ကိုယ့်ဘဝ ကိုယ်ကျေနပ် နိုင်သူ ဖြစ်မလဲ”ဆိုတာကို အကြောင်းတိုက်ဆိုင်တိုင်း စဉ်းစားမိပါတယ်၊ ဒါ့ကြောင့် အဲဒီစဉ်းစားမိတာလေးတွေကိုပဲ ရင်ဖွင့်လိုက်ချင်တာပါ၊
မလွယ်လှတဲ့ ရလာဒ်
ဒီအဖြေအတွက် စဉ်းစားတဲ့အခါ မြတ်စွာဘုရားရဲ့ စကားတော်တွေနဲ့ပဲ အရင်ဆုံးစဉ်းစားရပါမယ်၊ မြတ်စွာဘုရားရဲ့ ဒေသနာ အရတော့ လောကအရေးကော၊ ဓမ္မအရေးကော၊ သို့မဟုတ် ပစ္စုပ္ပန်အကျိုးစီးပွားကော၊ သံသရာအကျိုးစီးပွားကော နှစ်မျိုးလုံး ကို ရအောင်
အားထုတ်နိုင်သူဟာ ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင် မည့်သူပဲလို့ “ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော, ယောစတ္ထော သမ္ပရာ ယိကော၊ အတ္ထာဘိ သမယာ ဓီရော ပဏ္ဍိတောတိ ပဝုစ္စတိ”ဆိုတဲ့ ဒေသနာတော်အရ ယူဆနိုင်ပါတယ်။
အားထုတ်နိုင်သူဟာ ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင် မည့်သူပဲလို့ “ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော, ယောစတ္ထော သမ္ပရာ ယိကော၊ အတ္ထာဘိ သမယာ ဓီရော ပဏ္ဍိတောတိ ပဝုစ္စတိ”ဆိုတဲ့ ဒေသနာတော်အရ ယူဆနိုင်ပါတယ်။
ဒီဒေသနာတော်အရ လူကော ဘုန်းကြီးကော၊ မိမိတို့အနေနဲ့ အခုအရေး၊ နောင်အရေးတွေအတွက် ဘယ်လောက်အထိ ကျေ နပ် နိုင်သူတွေ ဖြစ်ကြပြီလဲဆိုတာ စဉ်းစားရမယ်ပေါ့။ အခုအရေး ကော၊ နောင်အရေးကော၊ အဖက်ဖက်က ပြည့်စုံပြီး ကိုယ့်ဘဝ ကိုယ် ကျေနပ်အားရနိုင်သူ ဖြစ်ဖို့ဆိုတာ အတော်မလွယ်လှတဲ့ ရလာဒ်တစ်ခုပါပဲ။
မပြည့်စုံနိုင်တာက
လောကရေးနဲ့ ကြည့်ရင် ကျေနပ်မှုဆိုတာ ပြည့်စုံတိုင်းလည်း မဖြစ်နိုင်ပြန်ဘူး၊ မပြည့်စုံတဲ့အတွက် ကျေနပ်မှုဟာ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့လည်း မဆိုသာပြန်ဘူး၊ လောကရေး မပြည့်စုံသော်လည်း သန္တုဋ္ဌီတရားနဲ့ ဓမ္မရေးတွေကြောင့် ကျေနပ်နေနိုင်သူတွေ လည်း ရှိနေနိုင်တာပဲ၊ ပြည့်စုံနေပြီ ဆိုမှတော့ ကျေနပ်သင့်တာပေါ့၊ ဒါပေမဲ့ ကျေနပ်နိုင်ကြရဲ့လား၊ ဒါ့ကြောင့် “ဥုနကောယံ သဗ္ဗော လောကော”လို့ မြတ်စွာဘုရားက မိန့်ရတာပါ။ လောဘကြောင့် မပြည့်စုံနိုင်ကြတာပဲ။ ဒါက လောကရေးနဲ့ ကြည့်ပြော လိုက်မိတာပါ။
လူ့ဘဝနဲ့ ပြည့်စုံမှု
လောကရေးမှာ လူဟာ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ လိုအပ်ချက်တစ်ခုခုတော့ ရှိနေတတ်ပါတယ်၊ အဲဒီလိုအပ်ချက်တစ်ခု ပြည့်စုံသွားပြန်ရင်လည်း နောက်လိုအပ်ချက်တစ်ခုက ပေါ်လာ တတ်ပြန်တယ်၊ ဒါက လူ့သဘာဝတစ်ခုလိုပါပဲ၊ သိပ်ချမ်းသာနေ ရုံနဲ့လည်း ပြည့်စုံပြီလို့ မပြောနိုင်ဘူး။ ကျန်းမာရေးတွေလဲ ကောင်း၊ အားကိုးစရာ သား သမီး၊ ဇနီး ခင်ပွန်း၊ မိဘ၊ ညီ အစ်ကို မောင်နှမ၊ ဆရာသမားတွေ ကိုယ့်ဘေးနား ရှိနေရုံနဲ့လည်း မပြည့်စုံနိုင်ပြန် ဘူး။ သိပ်ချော သိပ်လှ၊ သိပ်ချစ်ပြီး ကြည်နူးဖွယ်တွေ ထွေးပိုက် နေရပြန်လည်း လိုအပ်ချက်တွေက ရှိနေသေးပြန်တာပဲ။
တစ်ခါ တစ်လေ ငွေကြေးဓနတွေ ပြည့်စုံပြီး သားသမီးအခြွေအရံ ကင်းနေသူတွေကို တွေ့ရရင် အလွန်သနားမိပါတယ်၊ သူတို့ခမျာ လောကထဲ နေကြပေမဲ့ မိသားစုပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေပါ လားလို့ အောက်မေ့မိတယ်။ ဒါကလည်း လူ့အရေးတွေပါ။
ဘုန်းကြီးဘဝနဲ့ ပြည့်စုံမှု
တပည့်တော်တို့ ဘုန်းကြီးတွေ အနေနဲ့ကော၊ ပစ္စည်းလေး ပါးတွေ လိုအပ်သလောက် ရနေရင် ပြည့်စုံတဲ့သူလို့ ဆိုနိုင်မလား၊ ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင်သူ ဖြစ်ပြီလား။ ကျန်းမာရေး ပညာ ရေးတွေ ဒေါင်ဒေါင်မြည်နေခဲ့ရင်ကော၊ ထင်ပေါ်ကျော်ကြား ဂုဏ်သီတင်းတွေ ကြီးထွားနေရင်ကော၊ မင်းစိုးရာဇာ၊ ဒကာ ဒကာမ၊ တပည့်သာဝက အားကိုးစရာတွေနဲ့ ထိပ်တန်းရောက်နေ ရင်ကော၊ ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင်သူ ဖြစ်ပြီတဲ့လား။
အဲဒီ ပြည့်စုံမှုဟူသမျှတွေမှာ မိမိတို့ရဲ့ စိတ်ငြိမ်းချမ်းမှုက ပူးတွဲပါနေနိုင်ရင်တော့ အလွန်ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်ပါပဲ။ စိတ်မငြိမ်းချမ်းနိုင်ဘူး ဆိုခဲ့ရင်တော့ ဘာမှမဟုတ်သေးဘူးလို့ပဲ ဆိုရမလိုပါ၊ လက်တွေ့ဘဝထဲမှာ ဓမ္မမပါသည့် အတွက် ငြိမ်းချမ်း မှုနဲ့ ဝေးရသူပေါ့။ တကယ်တော့ “ဘာမှ မဟုတ်သေးဘူးလို့ ဆိုရ မလို” ဖြစ်သူတောင် ရခဲသူတစ်ယောက်ပါပဲ။
ရိုးသားတဲ့ ပြည့်စုံမှု
အထက်က ပြောခဲ့တဲ့ လူ့ပြည့်စုံမှု၊ ဘုန်းကြီးဘဝရဲ့ ပြည့်စုံမှု ဟူသမျှတွေဟာ သမ္မာအာဇီဝကျကျ ပြည့်စုံမှုဖြစ်မှပဲ ကောင်း မြတ်ပါလိမ့်မယ်၊ “န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော”ဆိုတဲ့ ဒေသနာတော်လမ်းစဉ်အတိုင်း ကိုယ့်ဘဝရဲ့ ပြည့်စုံမှုဟူသမျှကို တရားမဲ့တဲ့ နည်းလမ်းဟူသမျှနဲ့၊ မရိုးသားတဲ့ နည်းလမ်းဟူသမျှနဲ့ မကြံ မပြော မလုပ်ရဘူးပေါ့၊ ပြောဆို ပြုလုပ်ပြီးမှ တစ်ဖက်သားကို ဘွာတေးခတ်ရင်လည်း တရားမကျလှဘူး။
မရိုးမသား ပြည့်စုံမှု တိုင်းမှာ ကိုယ့်ဘဝ ကိုယ် အားရကျေနပ်မှုတွေ ထာဝရငုတ်လျှိုး နေပါလိမ့်မယ်။ “ကျေနပ်နိုင်ပါတယ်” ဆိုခဲ့ရင်လည်း ဒီစကားဟာ “မချိ သွားဖြဲ” သဘောမျိုးပဲ ဖြစ်ပါမယ်။
အဲဒီ ပြည့်စုံမှုဟူသမျှ လောကဓံတွေမှာ လူလူ၊ ဘုန်းကြီး ဘုန်းကြီး၊ အလုံးစုံဖြောင့်မတ်သူဟာ အလွန်ရှားပါတယ်။ နည်း နည်းကောက်သူ၊ များများကောက်သူ၊ အလွန်ကောက်သူတွေ သာ များများတွေ့ရပါတယ်၊ ဒါ့ကြောင့် ]]လူဖြစ်နေမှတော့ အမြဲ တမ်း ဘယ်ရိုးသားနိုင်ပါ့မလဲ}}လို့ အချို့က ပြောကြတာပေါ့။ ကိုယ့် ရဲ့ မရိုးသားမှုတွေက ကိုယ့်ကို တစ်နေ့ ဒဏ်ပြန်မခတ်ဖို့ အရေး ကြီးပါတယ်။
ဘာအဓိကလဲ
အဲဒီတော့ လူ့ဘဝပဲဖြစ်ဖြစ်၊ ဘုန်းကြီးဘဝပဲ ဖြစ်ဖြစ်၊ ကိုယ့် ဘဝ ကိုယ်ကျေနပ်နိုင်သူ ဖြစ်ဖို့ဆိုရင် ဘာက အဓိကကျနေလဲ၊ ဗဟိဒ္ဓဝတ္ထု ပြည့်စုံမှုလား၊ အဇ္ဈတ္တခွန်အား သန့်စင်ပြည့်စုံမှုလား။
လူ့ဘဝရဲ့ ရပ်တည်မှု
လူ့ဘဝကျတော့ ဘဝရပ်တည်ရေးက မဖြစ်မနေလိုအပ်နေ တဲ့ အရာတစ်ခု ဖြစ်နေတယ်၊ ဘဝရပ်တည်ရေး အတိဒုက္ခရောက် သူအဖို့ စိတ်ဓာတ်ခွန်အားတွေ ပြည့်စုံလာဖို့အတွက်က လွယ်တဲ့ ကိစ္စ မဟုတ်ဘူး၊ အများစုအနေနဲ့က “ဆင်းရဲလေလေ သံဝေရရ” မဖြစ်ကြဘဲ၊ “ဆင်းရဲ ငရဲမကြောက်” ဖြစ်ကြရတာပဲ များပါတယ်၊ ငရဲမကြောက်ဖြစ်တော့ “ဗဟူဟိ ပုနပီဠိတာ”၊ မကောင်းကံတွေရဲ့ အဖိအနှိပ်ကို ခံရပြန်တယ်၊ ဒီတော့ “မနုဿဒေါဘဂျ”လို့ခေါ်ရတဲ့ သံသရာအနိမ့်လမ်းကနေ အထက်လမ်းကို မတက်နိုင်ကြတော့ ဘဲ အနိမ့်သံသရာထဲမှာပဲ ခေါင်းမဖော်နိုင် ဖြစ်ကြရတော့တယ်။
လက်ရှိဒုက္ခကိုပဲ ဒုက္ခလို့ထင်တာက သတ္တဝါတိုင်းရဲ့ သဘာဝတစ်ခု လိုပါ။ ဒီသဘောကို ဋီကာမှာတော့ “ဧကစ္စဿ ဒိဋ္ဌဓမ္မသုခဿ ဥပရောဓဘယေန”လို့ သုံးနှုန်းပါတယ်။ လက်ငင်းချမ်းသာလေးရဲ့ ချုပ်ချယ်မှုကို ခံရတဲ့သူဟာ သံသရာ ဒုက္ခကြီးကိုကျတော့ ဒုက္ခလို့ မမြင်နိုင်တော့တဲ့ သဘောဘဲ။
ဘုန်းကြီးဘဝရဲ့ ရပ်တည်မှု
နောက် တပည့်တော်တို့ ဘုန်းကြီးဘဝကျတော့ကော၊ ဘဝရပ် တည်ရေးအတွက် အထူး ကြောင့်ကြဖြစ်နေဖွယ် မလိုဘူး၊ တိုင်း သူပြည်သားများက ထောက်ပံ့ထားကြတယ်။ သက်ရှိသတ္တဝါတွေ အတွက် အရှည်လျားဆုံးပြဿနာက ဘဝရပ်တည်ရေး၊ စားဝတ် နေရေးပဲ။ တပည့်တော်တို့ ဘုန်းကြီးဘဝမှာ အဲဒီ အရှည်လျားဆုံး ပြဿနာကြီး မရှိဘူးပဲ ပြောရမယ်၊ အမြဲတမ်း ကိုယ့်ဆန္ဒအတိုင်း မဖြစ်ရတာ တစ်ခုပဲ ရှိတယ်။
အဲဒီ အရှည်လျားဆုံးပြဿနာ မရှိ သော်လည်း အခက်ဆုံးပြဿနာတော့ ရှိနေပြန်တယ်၊ ဒါက လည်း လူမွဲအတွေးနဲ့ ပြောရတာပါ၊ အဲဒါ ဘာလဲဆိုတော့ “သံဝရ” ပဲ၊ သဒ္ဓါမွဲသူတွေ အတွက်တော့ ပြဿနာတစ်ရပ်လိုပဲ၊ အခုခေတ် သာလို့တောင် ဆိုးသေးတာပေါ့။ ဒီတော့ အခက်ဆုံးပြဿနာ ဖြစ်မလာဖို့ သဒ္ဓါတရားတွေ တိုးပွားစည်ပင်အောင် တပည့်တော်တို့ ကြိုးစားအားထုတ်ရမယ်။
မရိုးသားတဲ့ ရပ်တည်မှု
တပည့်တော်တို့ ဘုန်းကြီးများမှာ အရှည်လျားဆုံး ပြဿနာနဲ့ ဆက်နွယ်လာပြီး ကာယဝင်္ကစတဲ့ မလျော်တဲ့အမူအကျင့်တွေကို ပြုလုပ်အားထုတ်ကြတာ ရှိလာတတ်ပြန်တယ်။ တစ်ချို့ဆိုရင် ဒီအမူအကျင့်တွေဟာ မွေးရာပါလိုပဲ၊ မိမိကိုယ် မိမိ မလုပ်အပ်ဖူး လို့တောင် မမှတ်ယူနိုင်ဘူး။ လာဘ်ရလိုသည် ဖြစ်စေ၊ မရလိုသည် ဖြစ်စေ၊ မိမိရဲ့ ကိုယ်နှုတ် အမူအယာကိုက မဖြောင့်နိုင် ဖြစ်နေ တတ်တယ်။ “ဖြောင့်လွန်းရင် ကျိုးတတ်တယ်”လို့ ဆိုကြပေမဲ့ ဒီ သဘောမှာတော့ ]ဖြောင့်လိုက် ကောက်လိုက် လုပ်ရင်သာ ကျိုး မှာပါ၊ အမြဲဖြောင့်နေ နိုင်ရင်တော့ မကျိုးနိုင်ဘူးဆိုတာ မြတ်စွာ ဘုရား ဝန်ခံထားပါတယ်။
အဋ္ဌကထာအဖွင့်များ
တပည့်တော်များ သာမဏေဒုတိယဆင့် လုပ်တုန်းက အလွန် ကျေနပ် သဘောကျခဲ့တဲ့ ဓမ္မပဒဋ္ဌကထာ အဖွင့်တွေ ရှိခဲ့ဖူးတယ်၊ အဲဒီအဖွင့်တွေ ကျက်မှတ်နေရတုန်းက သဒ္ဓါတရားတွေ ဖြစ်ခဲ့ရ တယ်။ “အသန္တံ ဘာဝနမိစ္ဆေယျ” စတဲ့ အဖွင့်တို့၊ “အညာ ဟိ လာဘူပ နိသာ” စတဲ့ အဖွင့်တို့၊ အခုပြန်ကြည့်လည်း သဘောကျနေတုန်းပဲ၊ ဒါ့ကြောင့် ဒီအဖွင့်တွေနဲ့ နည်းနည်းပြောကြည့်ချင်တယ်။
ရဟန်းနှင့် ကာယဝင်္ကစသည်
လာဘ်လာဘ ရချင်လို့၊ လူအထင်ကြီးခံချင်လို့၊ ကိုယ့်ကို အထင်သေးမသွားအောင်လို့၊ စတဲ့ စတဲ့ အကြောင်းအမျိုးမျိုးတွေ ကြောင့် တပည့်တော်တို့ ဘုန်းကြီးများမှာ မဟုတ်ကို အဟုတ်လုပ် ပြောတတ်တာ၊ တစ်ဆိတ်ကို တစ်အိတ်လုပ် ပြောတတ်တာ၊ ဟန် ကိုယ့်ဖို့ ဆိုတဲ့အတိုင်း သက်သက် ဟန်လုပ်တတ်တာမျိုးတွေ ရှိတတ်ပါတယ်၊ လူ့အကြိုက်လိုက်ပြီး အမေမဟုတ်ဘဲ အမေခေါ် လိုက်ရတာမျိုးတို့၊ အဖေမဟုတ်ဘဲ အဖေခေါ်လိုက်ရတာမျိုးတို့ စတဲ့ အရှက်မဲ့လုပ်ရပ်တွေ အချို့ လုပ်တတ်ကြပါတယ်၊ ဒါတွေ ဟာ ကာယဝင်္ကစသည်တွေပဲ၊ လာဘ်ရချင်တယ်ဆိုရင် အဲဒီ ကာယဝင်္ကစတဲ့ အကုသိုလ်ကို နည်းနည်းတော့ ပြုရတယ်လို့ ဆိုပါတယ်။
လာဘုပ္ပါဒကေန ဟိ ဘိက္ခုနာ ထောကံ အကုသလကမ္မံ ကာတုံ ဝဋ္ဋတိ-တဲ့။ ဒီစကားက လာဘ်ရနေသူတွေဟာ ကာယ ဝင်္က စသည်ကြောင့်လို့ ဆိုလိုတာ မဟုတ်သလို၊ ကာယဝင်္ကစ သည် ပြုမှပဲ လာဘ်ရလိမ့်မယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဘာ့ကြောင့် လည်းဆိုတော့ “ဓမ္မိကလာဘ်”ဆိုတာလည်း ရှိနေ တာပဲ မို့ပါ။ ဒါက တပည့်တော်ယူဆချက်ပေါ့။
ဒါဖြင့် ဘယ်လို ဆိုလိုတာလည်း ဆိုရင် လာဘ်ရလိုမှုကို ဖြစ်စေလိုတဲ့ ရဟန်း အတွက် အဲဒီ ဖြစ်စေလိုမှုဟာ အဓမ္မိကဖြစ်နေပြီ၊ နိဗ္ဗာန်လမ်းနဲ့ တစ်လွဲစီ ဖြစ်နေပြီ၊ အစတည်းက လမ်းလွဲနေသူရဲ့ ကာယကံမှု ဟာလည်း ဝင်္ကပဲဖြစ်နေလိမ့်မယ်၊ မဖြောင့်နိုင်တော့ဘူး၊ ဒီတော့ ကာတုံ ဝဋ္ဋတိ-ပြုတော့တယ်လို့ တပည့်တော် ယူဆမိပါတယ်။
နည်းနည်းတော့ ကောက်ပေးမှ
နို့ဃနာဗူးထဲက နို့ဃနာကို အဖြောင့်လက်နဲ့ ထုတ်ယူရင် အကပ်ပဲ ပါလာမယ်၊ လက်ကို ကောက်ပြီး ထုတ်ယူမှ များများပါ လာမယ် တဲ့၊ ဒီလိုပဲ လာဘ်လာဘ များများရချင်လို့ အားထုတ်ရင် ကာယဝင်္ကစသည် ပြုမှပဲ များများရလိမ့်မယ်လို့ ဆိုလိုပါတယ်။
နောက် ဆက်လက်ပြီး အဋ္ဌကထာမှာ အများကြီးဖွင့်ပြထား ပါတယ်၊ နိဗ္ဗာန်လိုချင်ရင် မာယာသာဌေယျ မလုပ်ရဘူးတဲ့၊ လာဘ်ရချင်ရင်တော့ မာယာသာဌေယျ လုပ်ပေါ့၊ သို့သော် အဲဒီ မာယာသာဌေယျတွေနဲ့ ရလာတဲ့ လာဘ်လာဘဟာ မိမိတို့ရဲ့ စိတ်ကို ရာနှုန်းပြည့် မကျေနပ်စေနိုင်ပါဘူး။
ခိုးလို့ရတဲ့ တစ်ထောင်ထက် လုပ်အားနဲ့ရလာတဲ့ တစ်ရာက စိတ်ကိုကျေနပ်စေ တဲ့ နေရာမှာ ပိုပြီး တန်ဖိုးကြီးပါတယ်။ လုပ်သင့်တာကို လုပ်နိုင်ဖို့ ထက် မလုပ်သင့်တာကို မလုပ်မိဖို့က ပိုအရေးကြီးနေသလိုပဲ၊ လုပ်မိထားတဲ့ မလုပ်သင့်တာတွေက ပြုပြင်မရတဲ့ အမှားမျိုးတွေ ဖြစ်နေခဲ့ရင် လုပ်သင့်တာကို လုပ်ချင်စိတ်ရှိလာတဲ့ အခါ လုပ်နိုင်ပါ ဦးမလား၊ စဉ်းစားကြည့်ပေါ့။ တစ်ခါ စဉ်းစားကြည့်ပြန်တော့ လုပ် သင့်တာကို မလုပ်နိုင်ကြလို့ မလုပ်သင့်တာတွေကို လုပ်မိနေတတ် ပြန်တယ်။
စဉ်းစားစရာ
အဲဒီတော့ တပည့်တော်တို့ ဘုန်းကြီးတွေအနေနဲ့ ကိုယ့်ဘဝ ကိုယ်ကျေနပ်နိုင်ဖို့ ဆိုရင်၊ အတတ်နိုင်ဆုံး ဘုန်းကြီးနဲ့တူအောင် ပြောဆိုပြုလုပ် နေထိုင်ဖို့ လိုအပ်တယ်ပေါ့၊ ဆရာဘုန်းကြီးတစ်ပါး စီက မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ဩဝါဒကို တစ်ဆင့်ကြားဖူးတယ်၊ “နိဗ္ဗာန်ရည်သန် ရဟန်းခံ အရင်းပြန်သော် အာဂယောကျာ်း”တဲ့။ တန်ဖိုးရှိတဲ့ တွေးတောဖွယ် ဩဝါဒပါပဲ။ တပည့်တော်တို့ အာဂ ယောကျာ်းတောင် ဖြစ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။
အသွင်ပြောင်းသွားခဲ့ရင်
ဘဝရဲ့ အမြဲကျေနပ်စရာအဖြစ် ရွေးချယ်ထားတဲ့ အရာတွေ ဟာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ တိုး၍တိုး၍ ကျေနပ် ဖွယ်တွေသာ ဖြစ်နေရပါမယ်။ နောင်တအသွင်၊ ကျေကွဲဖွယ် အသွင်၊ တုန်လှုပ်ဖွယ်အသွင်တွေအဖြစ် အသွင်ပြောင်းမသွားဖို့ လိုပါတယ်။ ဟိုတစ်ချိန်က တကယ့်ကို ကျေနပ်စရာကောင်းခဲ့ပေမဲ့ နောင်တစ်ချိန် ကျေကွဲဖွယ်အဖြစ်မျိုးသို့ အသွင်ပြောင်းလွဲသွားခဲ့ ရင် အဲဒီအရာတွေဟာ တကယ်ကျေနပ်စရာ မဟုတ်လို့ပဲပေါ့။ ဒါက ကျေနပ်စရာ အရွေးချယ်ခံနှင့် စပ်ပြီး နားလည်ရမည့် သဘောပါ။
ဒါ့ကြောင့် မဟာဂန္ဓာရုံ ဆရာတော်ကြီးက “အသက်ရှင် စဉ် ဘယ်လောက်ပဲ ကြီးကျယ်ကြီးကျယ် သေခါနီး မျက်ရေကျရ တယ်ဆိုရင် မကောင်းဘူး”လို့ ဩဝါဒပေး ခဲ့ဖူးတာပါ။
အရွေးချယ်ခံနှင့် ရွေးချယ်သည့်စိတ်
အမြဲ ကျေနပ်စရာက အရွေးချယ်ခံ အရာဝတ္ထုအပေါ်မှာ မတည်ဘဲ ရွေးချယ်သည့် စိတ်ဓာတ်အပေါ်မှာပဲ မူတည်နေတယ် ဆိုရင် မှန်နိုင်မလား။ စိတ်တွေကြည်လင်နေတဲ့ အခါမျိုးမှာ လောကကြီးထဲ မြင်ရတဲ့အရာတွေ အားလုံးဟာ အရမ်းလှပနေ သလိုမျိုးပေါ့၊ ရာသီဥတုတွေ၊ မိုးတိမ်တွေ၊ နှင်းမှုန်တွေ၊ လေနု အေးလေးတွေ။ မြင်ကြားထိတွေ့ရတဲ့ အရာအားလုံး လန်းဆန်း နေတတ်ပါတယ်။ ဘာ့ ကြောင့်လည်းဆိုတော့ “စိတ်က ကြည်လင် နေလို့” ပဲ။
စိတ်တွေ နောက်ကျိနေခဲ့ရင်တော့ ပြောင်းပြန်ပါပဲ။ ကိုယ့်ကို တိုက်ခတ်နေတဲ့ လေနုအေးလေးတွေကိုပဲ ကိုယ့်ကို လှောင်နေတယ်လို့ ထင်မိတတ်ပြန်တယ်။ ကိုယ့်ပေါ်ကျလာတဲ့ အဖြူရောင်နှင်းမှုန်လေးတွေကို အလိုလို ဒေါသဖြစ်နေမိပြန်တယ်၊ အရာအားလုံး ကြည်နူးဖွယ် မဖြစ်နိုင်တော့ဘူး။ စိတ်တွေ မကြည် နိုင်လို့ပဲ။
ပုဂ္ဂိုလ်နှစ်ဦးနှင့် ကျေနပ်ဖွယ် ဓမ္မ
“ဧကန္တသန္တုသိတ”ဆိုတဲ့ ပါဠိဝေါဟာရကို “တကယ်ကျေနပ် နိုင်သူ”လို့ မြန်မာဝေါဟာရမှု ပြုနိုင်မယ်လို့ ထင်ပါတယ်။ ထိုသို့ သောပုဂ္ဂိုလ်က ဘယ်လိုလူပါလဲ။ “သန္တုသိတ-ကျေနပ်နိုင်သူ၊ ဧကန္တသန္တုသိတ-တကယ်ကျေနပ်နိုင်သူ”လို့ စာမှာ နှစ်မျိုးခွဲယူပါ တယ်။
ကလျာဏပုထုဇဉ်တွေက စလို့ သေက္ခပုဂ္ဂိုလ်အားလုံးကို သန္တုသိတ-ကျေနပ်နိုင်သူ၊ ရဟန္တာပုဂ္ဂိုလ်ကိုတော့ ဧကန္တသန္တုသိတ- တကယ်ကျေနပ်နိုင်သူလို့ ပုဂ္ဂိုလ်ရေးနဲ့ ခွဲပြပါတယ်။
ထိုပုဂ္ဂိုလ် တွေဟာ ဘာ့ကြောင့် ကျေနပ်နိုင်သူတွေ၊ တကယ်ကျေနပ်နိုင်သူ တွေ ဖြစ်ရသလဲဆိုရင် ကျေနပ်စရာဓမ္မကြောင့်ပါပဲ။ အဲဒီ ဓမ္မက ဘာတွေလဲ ?၊ ဝိပဿနာ, မဂ်, ဖိုလ်တွေပါ၊ ဒါက အဆင့်အမြင့် ဆုံးပါ။ နှစ်သက်စရာ အဓိဂမ(ဝိပဿနာ, မဂ်, ဖိုလ်)ကြောင့် ပုဂ္ဂိုလ် ဟာလည်း တကယ်ကျေနပ်နိုင်သူ ဖြစ်ရပါတယ်။ ဒီအဓိဂမတွေ မရှိသေးဘူးဆိုရင် လူပဲဖြစ်ဖြစ်၊ ဘုန်းကြီးပဲ ဖြစ်ဖြစ်၊ တကယ်ကျေ နပ်နိုင်သူဖြစ်ဖို့ မသေချာလှသေးပါဘူး။
နှစ်သက်စရာ အဓိဂမတွေ ရှိခဲ့ရင် လောကရဲ့ ဖောက်ပြန်ပြောင်းလွဲမှု၊ မတည်ငြိမ်မှု၊ နာကျည်းမှု၊ မကျေနပ်မှု၊ မပြည့်စုံမှု၊ အဖိနှိပ်ခံရမှု၊ စတဲ့ စတဲ့ မကောင်းဆိုးဝါး အနိဋ္ဌတရားတွေမှာလည်း စိတ်ပျက်အားငယ်မှု မဖြစ်ပါဘူး၊ နှစ်သက်ဖွယ် အရာတွေကိုလည်း ထွေးထွေးပိုက်ပိုက် ]အဇ္ဈောသာန}စိတ်မျိုး မဖြစ်တော့ပါဘူး။ ဒီလိုဆိုရင် ကျေနပ်စရာ ဘဝအဖြစ် ခံယူနိုင်ပါလိမ့်မယ်။ ဒါက အဆင့်အမြင့်ဆုံးပါ။
အဆင့်မြင့် အဓိဂမတွေကို မလှမ်းနိုင်သူ အတွက် အောက် တစ်ဆင့်နှိမ့်ပြီး စဉ်းစားကြည့်မိပါတယ်။ ]လောကဝတ်မကျေတော့ အနေခက်တယ်၊ ဓမ္မဝတ်မကျေတော့ အသေခက်တယ်}ဆိုတဲ့ စကား ရှိပါတယ်၊ လူကလည်း လူနဲ့ဆိုင်တဲ့ ကျင့်ဝတ်အသီးသီး၊ ဘုန်းကြီး ကလည်း ဘုန်းကြီးနဲ့ဆိုင်တဲ့ ကျင့်ဝတ်အသီးသီးတွေကို ကျေပွန် နိုင်ကြမယ်ဆိုရင် အနေလည်းမခက်၊ အသေလည်းမခက်တော့ ဘူးပေါ့၊ အနေမခက်သူရဲ့ ဘဝ၊ အသေမခက်သူရဲ့ ဘဝဟာ လည်း ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခုဖြစ်ပါလိမ့်မယ် လို့...
အားလုံး ကျေနပ်ဖွယ်ဘဝကို ပိုင်ဆိုင်သူများ ဖြစ်ကြပါစေ။
ဖတ်ခဲ့ဖူးတာကို ပြန်လည်ဝေငှခြင်းပါ....။ အားလုံးကိုလေးစားလျှက်