Wednesday, May 30, 2012

ကမ္ဘာရွှာ



(ဒီဆောင်းပါးလေးကို အတွေးအမြင်မဂ္ဂဇင်းမှာ ဖတ်ခဲ့ဖူးတာ ကြာပါပြီ၊ နှစ်သက်လို့ ပြန်လည်တင်ပြခြင်းပါ။)


ကျွန်တော်တို့ ပညာတွေ မတတ်လို့သာ အသုံးမချ တတ်တာ၊ မဖွံ့ဖြိုးတာ၊ ကျွန်တော်တို့ကိုယ်ကျင့်တရား မကောင်းလို့  ဆင်းရဲနေ ကြရတာ၊ ရွာလူကြီးကအစ ရွာသူရွာသားတွေအားလုံး ကိုယ်ကျင့် တရား ကောင်းကြရင်၊ ပညာတတ်တွေဖြစ်ကြအောင် ကြိုးစားကြ မယ်ဆိုရင်ဖြင့် ကျွန်တော်တို့ရွာကမ္ဘာရွာကြီးမှာ ထိပ်တန်းရောက်ဖို့ မခဲယဉ်းပါဘူး။

ကမ္ဘာရွာ

ကမ္ဘာရွာဆိုတဲ့စကား ကြာဖူးတာတော်တော်လေး ကြာခဲ့ပါပြီ။ ပထမကြားကြားချင်းတော့ ကျွန်တော်တို့ တော်တော်လေး ဝမ်း သာမိတယ်။ ကျွန်တော်တို့က ရွာမှာနေရတာကိုး။ ကျွန်တော်တို့ နေတဲ့ရွာက ဆင်းလည်းဆင်းရဲ၊ ပညာကလည်း မတတ်ကြတော့ ကမ္ဘာကြီးတောင် ငါတို့နေတဲ့ရွာလိုပဲ ရွာကြီးတစ်ရွာလိုဖြစ်သွား ပြီဆိုတော့ ဘာမှန်းညာမှန်းမသိ ဝမ်းသာမိတာပေါ့။

ရွာကဆရာလေး ကိုကြည်နိုင်ကတော့ သူတတ်သလောက် ကျွန်တော်တို့ကို ရှင်းပြပါတယ်။ တို့နေတဲ့ ကမ္ဘာကြီးကွာတဲ့ တိုင်း ပြည်တွေ၊ နိုင်ငံတွေ မရှိတော့ဘူးတဲ့။ ရွာကြီးတစ်ရွာလို ဖြစ်သွား ပြီတဲ့။ ကျွန်တော်တို့ ပျော်လိုက်ကြတာ။ ငါတို့ရွာ ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းနိုင်ပြီပေါ့။

ကျွန်တော်တို့ရွာဗျာ တခြားရွာနီးချုပ်စပ်ကရွာတွေနှင့် ယှဉ် ကြည့်ရင် အဘက်ဘက်က နောက်ကျကျန်ခဲ့ပြီ။ ကျွန်တော်တို့ ရွာသူ ရွာသားတွေ စည်းလုံးမှုမှ မရှိကြတာကိုး။ ပြီးတော့ တစ် ရွာလုံးလည်း အပျင်းထူတဲ့သူချည်းပဲ။ ကျွန်တော် အပါအဝင်ပေါ့။ စီးပွားရေး ဘယ်လိုဖွံ့ဖြိုးအောင် လုပ်ရမယ်ဆိုတာ
မသိကြဘူး။ ပညာမှ မတတ်ကြတာကိုး။ ပညာသာမတတ်တာ ရွာလူကြီးလုပ် ဖို့ကြတော့ သူ့ထက်ငါ အပြိုင်ပါပဲ။ သူကြီးဖြစ်ရင် ဂုဏ်ရှိတာကိုး။ ပြီးတော့ ပိုက်ဆံလည်းရ၊ အာဏာလည်း ရှိတာကိုး။

ကျွန်တော်တို့ရွာမှာ သူကြီးလုပ်ခဲ့ကြတဲ့သူတိုင်း ကောင်းတယ် လို့ မရှိခဲ့ပါဘူး။ သူကြီးဖြစ်သွားရင် ကိုယ်ကောင်းစားဖို့ လုပ်ခဲ့ကြ တဲ့သူများတာပါပဲ။ ကိုယ့်ရွာဖွံ့ဖြိုးတိုးတက်အောင်ကျ မလုပ်ခဲ့ကြ ဘူး။ ဟို သိကြားမင်းဖြစ်သွားတဲ့ ဦးမာဃတို့နှင့်များ ကွာပါ့။ ကျွန် တော်တို့ရွာရဲ့ မြောက်ဘက်မှာရှိတဲ့ ရွာကြီးတစ်ရွာနှင့်များ ကွာပါ့။ အဲဒီရွာကြီးများ ဖွံ့ဖြိုးတိုးတက်လိုက်တာ စောစောကပြောခဲ့တဲ့ ကမ္ဘာရွာကြီးမှာတောင် ထိပ်ဆုံးကိုရောက်တော့မယ်တဲ့။ အဲဒီရွာ က ရွာလူကြီးတစ်ဦးက ပြောတဲ့စကား “ချမ်းသာရင် မင်္ဂလာရှိ တယ်”တဲ့။ ကောင်းလိုက်တဲ့ စကားဗျာ။

သူတို့ရွာက လူတွေများ စီးပွားရေးလုပ်တတ်လိုက်ကြတာ။ စည်းလုံးညီညွတ်မှုလည်း ရှိကြ ပါရဲ့။ တကယ့်ကို တရုတ်လူမျိုးတွေအတိုင်းပါပဲ။
ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ စာသင်ကျောင်းမှာ သင် ရတယ်။ “စည်းလုံးချင်းသည် အင်အား”တဲ့။ ဒါပေမယ့် ကျွန်တော် တို့ရွာကျောင်းတွေက အဲဒီလိုသာသင်တာ စည်းလုံးညီညွတ်အောင် ဘယ်လိုလုပ်ရသလဲဆိုတာတော့ သင်မပေးနိုင်ကြဘူး။

ကျောင်းမှာရှိတဲ့ ဆရာ, ဆရာမအချင်းချင်းတောင် မတည့်ကြဘူး။ ကျွန်တော်တို့ရွာက ဘုန်းကြီးတစ်ပါးကတော့ ပြောဖူးပါတယ်။ စည်းလုံးညီညွတ်မှုရှိအောင် သဒ္ဓါချင်းတူညီရမယ်တဲ့။ ယုံကြည် ချက်ချင်းတူညီရမယ်ပေါ့ဗျာ။ ပြီးတော့ သီလချင်းလည်း တူရမယ် တဲ့။ စာဂဆိုတဲ့ စာနာတဲ့စိတ်၊ ပေးကမ်းစွန့်ကြဲချင်တဲ့စိတ်ချင်း လည်း တူရမယ်။ ပညာချင်းတူညီရမယ်တဲ့ဗျာ။ ဘုန်းကြီးက အဲဒီ တရားလေးပါး “သဒ္ဓါ, သီလ, စာဂ, ပညာ” ဆိုတာတဲ့ bassis construction fot hhermony ပဲတဲ့။ ဗိုလ်လိုပြော သွားတယ်ဗျ။ စည်းလုံးညီညွတ်မှုရှိအောင် လုပ်ရမယ့် နည်းလမ်းတွေပေါ့။ အဲဒီဘုန်းကြီးကို ကျွန်တော်တို့ တစ်ရွာလုံးက သိကြပါတယ်။ လေးလည်း လေးစားကြပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ရွာသူရွာသားတွေက ဘုန်းကြီးစကား ဆို “သာဓု”ခေါ်ဖို့လောက်ပဲ သိကြတယ်။ ကျွန်တော်တို့ အသိ ပညာတွေ တော်တော်လေး နည်းကြပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ရွာက နောက်ကျကျန်ခဲ့တာပေါ့။ ကျွန်တော်တို့ရွာက ဆင်းရဲတော့ စီးပွားရေးက စိုက်ပျိုးရေးကို အခြေခံရတယ်ဗျ။

အခြားစီးပွားရေးကဏ္ဍလေးတွေကိုလည်း အနည်းအကျဉ်းတော့ လုပ်ကြပါတယ်။ ကျွန်တော်တို့ရွာကလူတွေ တခြားဖွံ့ဖြိုးပြီး ရွာ တွေကို အလုပ်သွားလုပ်ကြရတယ်။ ဒါပေမယ့် မျက်နှာငယ်ရတာ ပေါ့။ အထင်လည်း သေးခံရတယ်။ အလုပ်ကလည်း ကျွန်အလုပ် သာသာ အလုပ်မျိုးပဲ လုပ်ရတာ။

ဒါကြောင့်မို့ ကျွန်တော်တို့ရွာကို ချမ်းသာစေချင်လိုက်တာ။ မင်္ဂလာရှိစေချင်လိုက်တာ။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ပညာ မတတ်ဘူး။ ရွာကလူတွေလည်း ပညာမတတ်ကြဘူး။ လူကြီးတွေ ကလည်း အားမပေးကြဘူး။ “ပညာတတ်မှ ချမ်းသာမယ်ဆိုတာ” လူကြီးတွေ မသိကြဘူးထင်ပါရဲ့။ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်က မကောင်းတော့ ပညာတတ်အောင်သင်ရင် ပညာသင်စရိတ်နဲ့တင် မိဘတွေ ဆင်းရဲကုန်ကြတော့ အဲဒီပညာ ရေးကို အားမပေးချင်တော့တာ။ ရွာသူကြီးကလည်း ကိုယ့်ရွာရဲ့ ပညာရေးစနစ်ကို ကောင်းအောင် လုပ်မပေးနိုင်ဘူး။

အဲဒါကြောင့် ကမ္ဘာရွာလို့ခေါ်တဲ့ အသိပညာခေတ်၊ အတတ်ပညာခေတ်ကြီးမှာ ကျွန်တော်တို့ရွာ နောက်ကျန်ခဲ့တာ မဆန်းပါဘူး။ ဆင်းရဲတာ လည်း မဆန်းတော့ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ရွာအတွက် ဂုဏ်ယူစရာတစ်ခုတော့ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ရွာရဲ့ ထေရဝါဒဗုဒ္ဓ ဘာသာစစ်စစ်ကြီးပေါ့။ ဘယ်လောက်အထိ ဂုဏ်ယူစရာကောင်း သလဲဆို ကမ္ဘာရွာကြီးမှာရှိတဲ့ ဘာသာတရားတွေထဲမှာ ကျွန်တော် တို့ ဘာသာက လူသားတွေအတွက် အပြည့်စုံဆုံးနှင့် အကောင်း ဆုံးပါပဲ။ ဒါကြောင့်မို့လည်း တခြားရွာကလူတွေ ကျွန်တော်တို့ ဘာသာတရားကို လာရောက်သင်ယူနေကြရတာ။

ဒါပေမယ့်ဗျာ ကျွန်တော်တို့ ရွားသားတော်တော်များများကတော့ အဲဒီဘာသာ တရားကို တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ ပါးစပ်က ဘု ရား ဘုရား လက်က ကားယားကားယား ဆိုသူတွေက အများ သား။ ဗုဒ္ဓေါ သူခိုးတွေကလည်း ရွာထဲပေါမှပေါဗျို့။ ကိုယ့်ရွာမှာ အလွန်ကောင်းမွန်တဲ့ ဘာသာတရားကြီး ရှိနေတာတောင် နတ် လည်း ကိုးကွယ်တယ်ဗျာ။ သိုက်ဆရာလည်း ယုံကြည်ကြတယ်။ ဗေဒင်၊ ယတြာတွေ အဆောင်လက်ဖွဲ့တွေရော စုံနေတာပါပဲဗျာ။ ကျွန်တော်တို့ရွာရဲ့ ဆင်းရဲခြင်း၊ ပညာမတတ်ခြင်းရဲ့ အကျိုးဆက် တွေက ကျွန်တော်တို့ကို အဝီစိထိ ဆွဲချနေသလိုပါပဲ။

အဲဒီတော့ နောက်ဆုံး ကျွန်တော်တို့ ကယ်တင်ရှင်ကို မျှော်နေကြရတယ်။ အဲဒီကယ်တင်ရှင်ဆိုသူကလည်း ဘယ်နားသွား အိပ်နေမှန်းမသိဘူး။ သူကိုယ်သူတောင် မကယ်နိုင်တော့ဘူး ထင် ပါရဲ့။ ကျွန်တော်တို့ ဗုဒ္ဓရဲ့ အဆုံးမမှာတော့ “အတ္တာဟိ အတ္တနော နာထော”တဲ့။ ဟုတ်တယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အားကိုး ရမယ်။ မိမိကိုယ် မိမိ ကယ်တင်ကြရတော့မယ်။ ကျွန်တော်တို့ ပျင်းနေလို့မဖြစ်တော့ဘူး။

မကောင်းတဲ့ ပညာရေးစနစ်အ ကြောင်း ထိုင်ပြောနေရုံနှင့် မဖြစ်တော့ဘူး။ ကျွန်တော်တို့ရွာရဲ့ ကျောင်းတွေကç တက္ကသိုလ်တွေကသင်ပေးမှ ကျွန်တော်တို့ ပညာ တတ်ဆိုရင်တော့ ကျွန်တော်တို့ရွာမှာ ပညာတတ်တွေ ရိုက်သတ် လို့တောင် မကုန်ဘူး။ ကျွန်တော်လည်း ဘွဲ့ရပါပဲ။ ဒါပေမယ့် ကမ္ဘာ ရွာကြီးနှင့် ယှဉ်နိုင်ဖို့အထိ ကျွန်တော် ပညာမတတ်ဘူး။

အခု ကျွန်တော်တို့ရွာမှာ သူကြီးအပြောင်းအလဲ လုပ်နေပြီ။ ဒါပေမယ့် နောက်တက်လာမယ့် သူကြီးကို အားကိုးလို့မရဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အားကိုးရမယ်လေ။ ကိုယ် ပညာ တတ်အောင် ကိုယ့်ရွာ ပညာတတ်အောင် ကိုယ်ကိုယ်တိုင် ကြိုး စားကြရမယ်။ လေ့လာကြရမယ်။ “သောမက်(စ်)အယ်ဒီဆင်”ဆိုတဲ့ ပုဂ္ဂိုလ် ဘယ်တက္ကသိုလ်ကမှ ဘွဲ့မရခဲ့ဘူး။ ဒါပေမယ့် ကမ္ဘာ ရွာက သူ့ကို သိကြတယ်။ သူက ကမ္ဘာရွာကို သူ့ပညာတွေနှင့် ကျေးဇူးပြုခဲ့တာကိုး။ ကျွန်တော်တို့က ဘွဲ့ရတွေဆိုတော့ အနည်း ဆုံး ကိုယ့်ရွာကိုတော့ ကျေးဇူးပြုသင့်တာပေါ့။

တကယ်တမ်းကျဆို ကျွန်တော်တို့ရွာကို သဘာဝတရားကပေး ထားတဲ့ အရင်းအမြစ်တွေ နည်းတာမဟုတ်ဘူး။ စိုက်ပျိုးစရာ မြေဧကတွေ၊ သဘာဝတောတောင်တွေ၊ မြစ်ချောင်းအင်းအိုင် တွေနှင့် ပင်လယ်သမုဒ္ဒရာကြီးကတောင် ကျွန်တော်တို့ရွာကို အရင်းအမြစ် တွေထုတ်ပေးနေသေးတယ်နော်၊ ကျွန်တော်တို့ ပညာတွေ မတတ်လို့သာ အသုံးမချတတ်တာ၊ မဖွံ့ဖြိုးတာ၊ ကျွန် တော်တို့ကိုယ်ကျင့်တရား မကောင်းလို့  ဆင်းရဲနေကြရတာ၊ ရွာ လူကြီးကအစ ရွာသူရွာသားတွေအားလုံး ကိုယ်ကျင့်တရား ကောင်းကြရင်၊ ပညာတတ်တွေဖြစ်ကြအောင် ကြိုးစားကြမယ်ဆိုရင်ဖြင့် ကျွန်တော်တို့ရွာကမ္ဘာရွာကြီးမှာ ထိပ်တန်းရောက်ဖို့ မခဲ ယဉ်းပါဘူး။

ကျွန်တော်တို့ဘေးပတ်ဝန်းကျင်ကရွာတွေ အားလုံးဖွံ့ဖြိုး တိုးတက်ကုန်ကြပြီ၊ ကျွန်တော်တို့ အပျင်းထူမနေသင့်တော့ဘူး၊ ကိုယ့်ရွာကိုယ် ချစ်ကြတယ်ဆိုလျှင်ဖြင့် ကိုယ်ကျင့်တရား ကောင်းမွန် တဲ့ ပညာတတ်တွေဖြစ်အောင် မိမိကိုယ် မိမိကြိုးစားကြပါစို့။

နိမ်းလတ်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ