စဉ်းစားပါ
ဤမျှသောစကားအစဉ်ဖြင့် ဘုရားရှင်အကြောင်းကို ပြန်ပြောင်း၍
စဉ်းစားစေလိုပါသည်၊ ပါရမီကောင်းမှုများကို ဖြည့်တော်မူစဉ်အခါဝယ် သာမန်လူများလိုက်၍မမီအောင်
ဒါနမှု သီလမှု စသည်ကို ပြုခဲ့သည်မဟုတ်ပါလော၊ ထိုသို့ပြုချိန်တုန်းကလည်း လောဘ ဒေါသ မောဟ
မာန်မာနနှင့် ဣဿာ မစ္ဆရိယစသော ကိလေသာအထုထည်သည် နည်းသည်ထက်နည်း, ပါးသည်ထက်ပါးပြီးလျှင်,
မေတ္တာ ကရုဏာ ဉာဏ်ပညာတို့ကား ကြီးသည်ထက် ကြီး, များသည်ထက် များ၍လာခဲ့သည်မဟုတ်ပါလော၊
ဘုရားဖြစ်တော်မူမည့် ဘဝ၌လည်း ပါရမီတော်များ ရင့်နေပြီ ဖြစ်သောကြောင့် နတ်မင်းတမျှ စံစားရသည့်
စည်းစိမ်ကိုပင် စွန့်ခွာနိုင်သည် မဟုတ်ပါလော၊ ထိုသို့ စွန့်ခွာပြီးသည့်နောက် တောထဲ
ရောက်သောအခါ အရိုးကြေကြေ အရေခြောက်ခြောက် နောက်မဆုတ်ဘဲ အားထုတ်တော်မူခဲ့သည် မဟုတ်ပါလော၊
ထိုသို့အားထုတ်၍
အဆင့်ဆင့် တရားတက်လာသောအခါ ခန္ဓာအစဉ်မှာပါရှိသော မကောင်းဓာတ် ဟူသမျှတို့ကို တစ်စတစ်စ ခွာ၍ချနိုင် သော မဂ်ဉာဏ်
ဖိုလ်ဉာဏ်တို့ဖြင့် စိတ်ဓာတ် စင်ကြယ်လွန်းမက စင်ကြယ်လှမှ သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဗုဒ္ဓအစစ်
ဘုရား အဖြစ်ကို ဝန်ခံတော်မူသည် မဟုတ်ပါလော။
ဘုရားကို
အာရုံပြုပါ
ဘုန်းကြီးသည် ဘုရားရှင်၏ ပါရမီဖြည့်တော်မူခဲ့ပုံနှင့် တကွ
ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူသည့်တိုင်အောင် ဘုရားဖြစ်တော်စဉ်ကို ဆင်ခြင်သောအခါ ဗုဒ္ဓမြတ်စွာ
အပေါ်၌ ယုံမှားသံသယ လုံးလုံးမရှိပါ၊ အလွန်အမင်း ယုံကြည်ပါသည်၊ ကြည်ညို ပါသည်၊ ဤစာကို
ကြည့်ရှု သူများသည် ဘုရားအဖြစ်တော်စဉ်ကို စဉ်းစားပြီးလျှင် (၂၉-နှစ် တောထွက်၍, ၆-နှစ်လောက်
ကျင့်ပြီးမှ ဘုရားဖြစ်သောကြောင့်) အရွယ်တော်အားဖြင့် (၃၅)နှစ်သာ ရှိတော်မူသေးသော ပွင့်သစ်စ
ဘုရား၏ ဗောဓိညောင်ပင်အောက်ဝယ် အရှေ့ဘက်သို့ လှည့်သော မျက်နှာတော်ဖြင့် ထိုင်နေတော်မူပုံကိုလည်းကောင်း,
ဘုရားဖြစ်တော်မူပြီးချိန်ဝယ် အရှေ့အရပ်မှ နေအရုဏ် အရောင်ဟပ်နေပုံကိုလည်းကောင်း, ကိလေသာဓာတ်
ကင်းပြတ်စင်ကြယ်သော စိတ်တော်အစဉ်ဝယ် သဗ္ဗညုတဉာဏ်တော်လည်း ကိန်းဝပ်ပါဝင်နေရကား အလွန်ကြည်လင်သော
မျက်နှာတော်ဖြင့် သပ္ပာယ်တော်မူပုံကိုလည်းကောင်း မိမိစိတ်တွင် ထင်မြင်လာအောင် အာရုံယူစေလိုပါသည်၊
ဥပုသ် သီလကို စောင့်သုံးလျှက် ဘုရားဂုဏ်တော်ကို အာရုံပြုနေသော အချိန်သည် သူတော်စင်များအတွက်
အလွန်ကျက်သရေမင်္ဂလာ ရှိသော အချိန် ဖြစ်ပါသည်၊ [နေအရုဏ်နှင့် တွေ့သောအခါ ပဒုမ္မာ ကြာပွင့်သကဲ့သို့
အရတ္တမဂ်ဉာဏ်နှင့်တွေ့၍ သဗ္ဗညုတဉာဏ် ရတော်မူခြင်းကိုပင် “ဘုရားပွင့်တော်မူခြင်း”ဟု ခေါ်စမှတ်
ပြုကြပါသည်။]
ပါတော ဖုလ္လံ
ပဒုမံဝ, အဂ္ဂမဂ္ဂေန ဖုလ္လိတံ၊
သောဂန္ဓိကံ ဝိရောစန္တံ, ဗုဒ္ဓံ ပဿာဟိ သာဒရံ။
ပါတော-အရုဏ်ရောင်လင်း, ကပ်လာချဉ်း၍, ဆီးနှင်းရည်မော, နံနက်စောစောအခါ၌၊
ဖုလ္လံ-ရနံ့အေးကြည်, မွှေးပျံ့စီ၍, ပတ်လည်စွင့်စွင့်, ကားကားပွင့်သော၊ ပဒုမံ ဣဝ-အထပ်တစ်ရာ,
ချပ်အလွာဖြင့်, လွန်စွာတင့်ဆန်း, ပဒုမ္မာကြာပန်းကဲ့သို့၊ အဂ္ဂမဂ္ဂေန-ကိလေသာမှောင်စက်,
ပြောင်အောင်ဖျက်သည့်, အရတ္တမဂ်ဂုဏ်, နေအရုဏ်ကြောင့်၊ ဖုလ္လိတံ-သဗ္ဗညုတံ, ဗောဓိဉာဏ်ဖြင့်ç
ရောင်လျှံစွင့်စွင့်ç ပွင့်တော် မူထသော၊ သောဂန္ဓကံ-ကိုယ်တော်ရနံ့, ဂုဏ်ရနံ့ဖြင့်, သင်းပျံ့မွှေးထုံ,
ရနံ့ပေါင်းစုံတော်မူထသော၊ ဝိရောစန္တံ-အဆင်းတော်ရောင်, ဉာဏ် တော်ရောင်ဖြင့်, ထွန်းပြောင်မြင့်ကြွယ်,
တင့်တယ်တော်မူထသော၊ ဗုဒ္ဓံ-ဗောဓိညောင်ခြေ, နန်းအောင်မြေဝယ်, ကျက်သရေအပေါင်း, ခညောင်း
စုံလင်, ဘုရားရှင်ကို၊ သာဒရံ-လေးလေးမြတ်မြတ်, စိတ်ဓာတ်ကြည်ညို, အလွန်ရိုသေသည်ဖြစ်၍၊
ပဿဟိ-ကိုယ်စိတ် ရွှင်လန်း ကြက်သီး ဖြန်းမျှ, မှန်း၍ထင်ထင်, ဖူးမြင်စမ်းပါတော့လော။
(ဘာသာသွေးစာအုပ်မှ) ဆက်ဦးမည်>>>>>>